အစ္စရေးနိုင်ငံ၏ ရာထူးအဆင့်အတန်း အမြင့်မားဆုံး သံတမန်တဦး လေယာဉ်ပေါ်မှ ဆင်းသက်လာသည်နှင့် ကော်ဇော်နီ ခင်း ကြိုဆိုခဲ့ကြသည်။ အစ္စရေးနှင့် အာဂျင်တီးနား အရာရှိများက ကြိုဆိုရေး အခမ်းအနားတွင် မိန့်ခွန်းများ ပြောကြားကြသည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အာဘာ အီဘန် ကို တွေ့ဆုံနှုတ်ဆက်ရန် စိတ်အားထက်သန်နေကြသည့် ဒေသတွင်း ဂျူးလူမျိုး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက လေဆိပ်၏ ဆိုက်ရောက်ခန်းမအတွင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
သံတမန်များ ကော၊ ဒေသခံ ဂျုးများကပါ အိုက်ခ်မန် ကို ပြန်ပေးဆွဲမည့် ကြံစည်မှုအကြောင်းကို လုံးဝ မသိကြပေ။ အိုက်ခ်မန်ကို ပြန်ပေးဆွဲမည့် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်များ စတင်ရန် တရက်သာ လိုတော့ချိန်တွင် နာဇီကို တိတ်တဆိတ် ခေါ်ထုတ်ရေးအတွက် အစီအစဉ်များကို အားကြိုးမာန်တက် ဖြင့် ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
လေဆိပ်လုံခြုံရေးသည် အကြီးမားဆုံး အတားအဆီးတခုဖြစ်ပြီး အကောက်ခွန် အရာရှိများက ခရီးသွားအားလုံး၏ ကိုယ်ရေးအချက်အလက်များကို စေ့စေ့စပ်စပ် စစ်ဆေးကာ မေးခွန်းထုတ်ရန် အသင့်ရှိနေကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်အဖွဲ့သည် လေယာဉ်ကွင်း ပြေးလမ်းမှ ဆိုက်ရောက်ခန်းမဆီသို့ ချီတက်လာစဉ်အတွင်း "ဘရစ်တေးနီးယား" လေယာဉ်ကို လေယာဉ်ကွင်း၏ အဝေးဆုံး ဘက်ခြမ်းသို့ ဆွဲငင်သွားခဲ့ကြသည်။
မော့ဆက် အဖွဲ့က အယ်လ်အယ် (El Al) လေယာဉ်ကို အာဂျင်တီးနားနိုင်ငံသုံး လေယာဉ်များအနီးတွင် ရပ်နားထားရန် အထူး ခွင့်ပြုချက် တောင်းခံထားသည်။ သို့မှသာ လေယာဉ်ထွက်ခွာချိန်တွင် စစ်ဆေးမှုနှင့် စောင့်ကြည့်မှု အတိုင်းအတာ လျော့နည်းသွားမည်ဟု ယူဆ၍ ဖြစ်သည်။
အယ်လ်အယ် ဘရစ်တေးနီးယား လေယာဉ် ရောက်ရှိနေသော်လည်း ဇဗီ အာဟာရိုနီ သည် ရေကြောင်းဖြင့် ထွက်ခွာရန် ကုန်တင်သင်္ဘောကို အသုံးပြုမည့် အစီအစဉ်ကို လက်မလျှော့သေးပေ။ ရေလွှာ စကိတ်စီး ဝါသနာရှင် ဟန်ဆောင်ကာ စပိဘုတ်တစီးကို ငှားရမ်းပြီး ရီယိုဒီလာ ပလာတာ မြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးထွက်ခဲ့ရာ ပင်လယ်ပြင်ထွက်ပေါက်မှတဆင့် လူ အကူးအပြောင်းလုပ်ရန် အလွန်ပင် ဖြစ်နိုင်ချေရှိကြောင်း ကိုယ်တိုင်တွေ့ရှိခဲ့သည်။
သို့ရာတွင် အစ္စရေး ကုန်တင်သင်္ဘောတစ်စီး၏ ပုံမှန်ခရီးစဉ်ကို လမ်းကြောင်းလွှဲရန်မှာ ခက်ခဲ နေဆဲဖြစ်သည်။ ၊ ဇင်မ် (ZIM) သင်္ဘောလိုင်းမှ တာဝန်ရှိသူများက တောင်အမေရိက ကမ်းရိုးတန်းသို့ သင်္ဘောတစ်စီး ရောက်ရှိလာရန် အစောဆုံးမှာ ဇွန်လအထိ ကြာမြင့်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။ ဤအခြေအနေမှာ အကောင်းဆုံးတော့ မဟုတ်ပေ။ သို့သော် လေကြောင်းခရီးစဉ်တွင် တစုံတရာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ပါက အရန်သင့် အကောင်အထည်ဖော်ရမည့် အစီအစဉ်တခုပင် ဖြစ်သည်။
ထိုသို့ ဖြစ်လာက အိုက်ခ်မန်းကို လုံခြုံသည့် သည့် နေရာတွင် အနည်းဆုံး နောက်ထပ် တလတိတိ ဆက်၍ ဝှက်ထားရမည့် အခြေအနေမျိုးကိုကား အာဟာရိုနီ လုံးဝ မတွေးတောဝံ့ပေ။ မော့ဆက် သူလျှိုများမှာလည်း တီရာ အိမ် တွင် အကျဉ်းသားများသကဲ့သို့ ဆက်၍ နေထိုင်ကြရ ပေဦးမည်။
အချိန်ကုန်စေရန်အတွက် စစ်တုရင်ထိုးခြင်း၊ ရှိသမျှ စာအုပ်အနည်းငယ်ကို ဖတ်ရှုခြင်းနှင့် ရေဒီယိုနားထောင်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးစေခဲ့ကြသော်လည်း တဖက်တွင် အိုက်ခ်မန်းကို စောင့်ကြပ်နေရခြင်း ကြောင့် လွန်စွာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမှုက စိတ်ဓာတ် ကျဆင်းဖို့ ဖြစ်လာစေသည်။
မော့ဆက်အေးဂျင့်များသည် နာဇီကို မုတ်ဆိတ်ရိတ်ပေးခြင်း၊ ရေချိုးပေးခြင်းနှင့် အိမ်သာတက်ရာတွင် ကူညီပေးခြင်းတို့အပြင် အသစ်ရောက်ရှိလာသော မော့ဆက် အမျိုးသမီး အေးဂျင့် ပြင်ဆင်ပေးသည့် ကိုရှာ (kosher) ဟင်းလျာများကိုလည်း ဇွန်းဖြင့် ခွံ့ကျွေးနေကြရသည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့ ရှေ့ရောက်နေသည့် ထို လူသားသည် လူသန်းပေါင်းများစွာ သေဆုံးစေရန် ကြိုးကိုင်ခြယ်လှယ်ခဲ့သူဖြစ်ကြောင်း၊ သို့မဟုတ် တချိန်က အဒေါ့ဖ်ဟစ်တလာအား မွေးနေ့လက်ဆောင် ပေးရန် ဗီีယင်နာမြို့ကို ဂျူးလူမျိုးကင်းစင်ရာ မြို့တော်အဖြစ် ရောက်အောင် ကြိုးပမ်းသွားမည်ဟု ဝါကြွားဝံ့လောက်အောင် မာန်မာနကြီးခဲ့ဖူးသူ ဖြစ်သည်ကို ယုံကြည်ရန် ပို၍ ခက်ခဲလာခဲ့လေသည်။
အိုက်ခမန်း ကို တယ်လဗစ် တွင် တရားစီရင်မှု မြန်မြန် စနိုင်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ မော့ဆက် အေးဂျင့်များသည် ကျဉ်းကျဉ်း ကျပ်ကျပ် နှင့် ပုန်းအောင်းနေကြရသည့် အပြင် ၎င်းတို့ ရွံရှာမုန်းတီးနေသော လူနှင့် နေ့စဉ် အနီးကပ်နေရခြင်းတို့ကြောင့် စိတ်မရှည်တော့ဘဲ အလွန်အမင်း မခံမရပ်နိုင် ဖြစ်လာကြသည်။
နောက်ထပ် တလပြည့်အောင် စောင့်ပြီးမှ ကုန်တင်သင်္ဘောပေါ် တင်ပို့မည် ဆိုသည့် အကြံမှာ ပို၍ပင် မခံမရပ် နိုင် ဖြစ်လာသည်။
ထိုအချိန်တွင် အစ္စ ရေး တို့ကို အကူအညီ ပေး နေသောဒေသခံ ဂျူးလူမျိုး လက်သမားတစ်ဦးကလည်း လေယာဉ်ဖြင့် သယ်ဆောင်ရန် အထူးသေတ္တာတလုံးကို တာဝန်ယူ ပြုလုပ်ပေးခဲ့သည်။
ထိုသေတ္တာသည် လူတဦး ဝင်နိုင်လောက်အောင် ကြီးမားပြီး အိုက်ခမန်း ကို ထိုအထဲ ထည့်၍ လျှို့ဝှက်စွာ လေယာဉ်ပေါ်သို့ တင်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သေတ္တာအတွင်းဘက်တွင် ထူထဲသော သားရေကြိုးလေးချောင်းကို ဝက်အူများဖြင့် ခိုင်ခိုင်မာမာ တပ်ဆင်ထားသည်။ ထိုကြိုးများဖြင့် အိုက်ခမန်း ၏ လက်များကို ချည်နှောင်ထားမည်ဖြစ်သဖြင့် သူသည် သေတ္တာအတွင်း လှုပ်ရှား၍ မရနိုင်ပေ။
ထို့အပြင် ဖမ်းဆီးထားသူ အသက်ရှူကျပ်ပြီး မွန်းကျပ်လာမည် စိုး၍ သစ်သားသေတ္တာ တွင် လေဝင်ပေါက် ၅၀ ကို ပတ်ပတ်လည် ဖောက်ထားသည်။
ထို့နောက် လေဆိပ်လုံခြုံရေးဝန်ထမ်းတဦးဦးက သေတ္တာကို ဖွင့်ကြည့် မလာစေရန် သေတ္တာ၏ အပြင်ဘက်တွင် “Diplomatic Post” (သံတမန်ရေးရာ ပစ္စည်းပို့ဆောင်မှု) ဟူသော စာသားကို ဆေးဖြင့် ပုံဖော်ရေးသားထားသည်။ ထိုသို့ရေးသားထားခြင်းအားဖြင့် ထိုပစ္စည်းသည် သံတမန်ရေးရာ အကာအကွယ်/ကင်းလွတ်ခွင့် ရရှိထားသော ပစ္စည်းတခုကဲ့သို့ ဖြစ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် မော့ဆက် အဖွဲ့သည် အစ္စရေးခရီးသွားတဦး တည်းခို နေရာ ဟိုတယ်ခန်းသို့ သွားရောက်ပြီး တွေ့ဆုံခဲ့သည်။ သူသည် မော့ဆက်နှင့် လုံးဝ မသက်ဆိုင်သော်လည်း၊ ဒေသတွင်း ဆေးရုံတစ်ရုံသို့ ကိုယ်တိုင်သွားရောက်၍ ဆေးရုံတက် ပေးမည် ဆိုက အစိုးရက နိုင်ငံချစ်စိတ်ဖြင့် ကူညီမှု အဖြစ် မှတ်ယူလိမ့်မည်ဟု ပြောဆိုခဲ့သည်။
၎င်းက မည်သည့်မေးခွန်းမျှ ပြန်မမေးခဲ့ပေ။ အဆိုပါ အစ္စရေး ခရီးသွားသည် ဒဏ်ရာရခြင်း သို့မဟုတ် ဖျားနာခြင်း မျိုး လုံးဝမရှိသော်လည်း မော်တော်ယာဉ်မတော်တဆမှုတခုကြောင့် ဦးခေါင်းကို ထိခိုက်ဒဏ်ရာ ရရှိသွား ဟန် အယောင်ဆောင်ရမည်ဖြစ်သည်။ ဇာတ်ရုပ်အတိုင်း အပြီအပြင် သရုပ်ဆောင်နိုင်စေရန်အတွက် အိုက်ခမန်း စစ်ဆင်ရေးအဖွဲ့မှ ဆရာဝန်က ၎င်းအား ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း၏ လက္ခဏာများကို ကြိုတင် ရှင်းပြ ပေးခဲ့သည်။
အမျိုးသား ရေး တာဝန်တရပ်ဟု ပြောလာ၍ အစ္စရေး ခရီးသွားသည် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အာဂျင်တီးနား ဆရာဝန်များအား ယာဉ်တိုက်မှုအကြောင်းနှင့် မိမိသည် အရှိန်ပြင်းစွာ ရှေ့သို့ ငိုက်ကျသွားပြီး ရှေ့ခုံနှင့် ဦးခေါင်းကို ပြင်းထန်စွာ တိုက်မိခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်များက သူ့တွင် မူးဝေခြင်း ရှိ၊ မရှိ စစ်ဆေးကြသည်။ အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကြပြီး ဦးခေါင်းခွံကိုလည်း ဓါတ်မှန် ရိုက်ကြသည်။
လူနာအဖြစ် ဆေးရုံတက်ရောက်ပြီးနောက် မော့ဆက်အဖွဲ့က သူ၏ နိုင်ငံကူးလက်မှတ်ကို သိမ်းယူလိုက်သည်။ ဘာကြောင့် သိမ်းယူသည်ကိုတော့ ရှင်းပြခြင်းမရှိပေ။ သို့သော်လည်း ထိုခရီးသွားဟန်ဆောင်ထားသူက မော့ဆတ်အဖွဲ့၏ တောင်းဆိုမှုကို လိုက်လျောပေးခဲ့သည်။
မော့ဆတ်အဖွဲ့၏ အလွန်ကျွမ်းကျင်သော စာရွက်စာတမ်းအတုလုပ်သူများက ၎င်း၏ နိုင်ငံကူးလက်မှတ်ထဲတွင် ဓာတ်ပုံအသစ်တပုံ ပြောင်း ထည့်လိုက်သည်နှင့် မကြာမီ ထိုနိုင်ငံကူးလက်မှတ်ပေါ်တွင် အဒေါ့ဖ် အိုင်ခ်မန်း ၏ ဓာတ်ပုံ ပေါ်လာတော့မည်ဖြစ်သည်။
ရာဖေးလ် အာနွန် ဟု ဟာရယ် မှ လျှို့ဝှက်ကုဒ်နာမည် ပေးထားမည့် ထိုခရီးသွားဟန်ဆောင်သူသည်လည်း လိမ်လည်လှည့်ဖြားမှု အစီအစဉ်တွင် မိမိတာဝန်ကို အပြည့်အဝ ကျွမ်းကျင်စွာ သရုပ်ဆောင်ပေးခဲ့သည်။
သူက ဆရာဝန်များကို ဥရောပသို့ ပုံမှန်ပြေးဆွဲသည့် လေယာဉ်ခရီးစဉ်များအားလုံး လက်မှတ်ပြည့်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမြန်ဆုံး အစ္စရေးနိုင်ငံသို့ ပြန်လိုသော နေမကောင်းသည့် အစ္စရေးနိုင်ငံသားတဦး ဖြစ်သည့် မိမိ အတွက် El Al လေယာဉ်ပေါ်တွင် နေရာလွတ် ရှိမရှိ မျှော်လင့်စောင့်ဆိုင်းနေကြောင်း ပြောပြသည်။
မေလ ၁၉ ရက်ည El Al လေယာဉ် ဆင်းသက်ပြီး နာရီအနည်းငယ်အကြာတွင်—မော့ဆတ်အဖွဲ့ဝင်တဦးက ဆေးရုံရှိ ထိုခရီးသွားထံ လာရောက်တွေ့ဆုံကာ ၎င်းအား ဆရာဝန်များကို “အစ္စရေးသို့ ပြန်မည့် လေယာဉ်ခရီးစဉ်မှာ ထိုင်ခုံတနေရာ ရရှိထားပြီ” ဟု ပြောရန် ညွှန်ကြားခဲ့သည်။
ဆေးရုံမှ ဆင်းခွင့်ရသည့်အခါ မော့ဆတ်အဖွဲ့သည် ထိုသူ့ကို အစ္စရေးနိုင်ငံသို့ ပြန်ရောက်အောင် အခြားနည်းလမ်းတစ်ခုခုဖြင့် စီစဉ်ပေးမည်ဖြစ်သည်။ ယခု လက်ရှိတွင်တော့ သူ၏ နိုင်ငံကူးလက်မှတ်သည် အဒေါ့ဖ် အိုင်ခ်မန်း၏ နိုင်ငံကူးလက်မှတ် ဖြစ်သွားပြီဖြစ်သည်။
အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာရန် တရားဝင်ခွင့်ပြုချက် လိုအပ်နေသူမှာ အဒေါ့ဖ် အိုက်ခမန်း တဦးတည်း မဟုတ်ပေ။ မော့ဆက် အဖွဲ့ဝင်များသည်လည်း အသွင်အမျိုးမျိုးယူလျက်၊ အမည်ဝှက်များနှင့် တရားမဝင် အထောက်အထားများသုံးကာ လေယာဉ်ခရီးစဉ်အသီးသီးဖြင့် သီးခြားစီ လမ်းကြောင်းအမျိုးမျိုးမှတဆင့် ရောက်ရှိလာခဲ့ကြသူ များ ဖြစ်သည်။ အချို့မှာ ပါရီမြို့မှတစ်ဆင့် ခရီးဆက်ခဲ့ကြပြီး အချို့မှာမူ ဗျူနို အေရိစ်သို့ မရောက်မီ တောင်အမေရိကတိုက်အတွင်းရှိ နေရာအချို့တွင် ခေတ္တရပ်နားခဲ့ကြသည်။
ယခုလည်း ၎င်းတို့သည် ဤနည်းလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာကြရမည် ဖြစ်သည်။ အယ်လ်အယ်လ် (El Al) လေယာဉ်ပေါ်တွင် အေးဂျင့် အနည်းငယ် ခန့်သာ လိုက်ပါမည်ဖြစ်သည်။ ကျန်ရှိသူများအနေဖြင့် အိုက်မန်ကို ပြန်ပေးဆွဲမှု ပေါက်ကြားသွားပါက ၎င်းတို့အား အလွတ်မပေးဘဲ မရမက မြေလှန် ရှာ ခံရမည်ကို ကောင်းစွာသိရှိထားလျက်နှင့် အာဂျင်တီးနားနိုင်ငံမှ လျှို့ဝှက်စွာ ထွက်ခွာကြရမည် ဖြစ်ပေသည်။
ယခုအခါတွင်တော့ အိုက်ခမန်း အထူးစစ်ဆင်ရေး အဖွဲ့သည် တီရာ တွင် ၎င်းတို့၏ နောက်ဆုံးညကို ကုန်ဆုံးခဲ့ကြပြီ ဖြစ်သည်။ အယ်လ်အယ်လ် ဗစ်တန်းနီးယား လေယာဉ်သည် လေယာဉ်ကွင်းပြေးလမ်းပေါ်တွင် ထီးထီးကြီး ရပ်တန့်နေပြီး လုံခြုံရေး မီးဆလိုက်ကြီးများ၏ ထိန်ထိန်လင်းနေသော အဖြူ ရောင် အလင်းတန်းများအောက်တွင် ထင်ထင်ရှားရှား တွေ့နေရသည်။ အိုက်မန်စစ်ဆင်ရေးအဖွဲ့ဝင်များသည် ၎င်းတို့၏ အမည်ဝှက်အသစ်များကို ပြင်ဆင်ကြရင်း အိုက်ခမန်းကို ချုပ် နှောင်ထားရာ အိမ် ကို ခြေရာလက်ရာ မကျန် အောင် ရှင်းလင်း နေကြရသည်။ တီရာ အိမ်ကို လင်မယားနှစ်ဦးက ငှားရမ်းခဲ့သည်ဟူသော လိမ်လည်ဖုံးကွယ်ထားသည့် ဇာတ်လမ်း နှင့် လျှော်ညီစွာ အကျဉ်းခန်း၏ အစအနမှန်သမျှကို လုံးဝဖယ်ရှားရှင်းလင်းပစ်ရမည် ဖြစ်ပေသည်။ ထိုအိမ်ကို ရှေးမူမပျက် အနေအထားအတိုင်း ပြန်လည်ပြင်ဆင်ရန်အတွက်လည်း လုပ်ငန်းတာဝန်များစွာကို အပင်ပန်းခံ လုပ်ဆောင်ခဲ့ကြရသည်။
"ကျွန်ုပ်တို့ ငှားရမ်းခဲ့စဥ်က အိမ်ထဲတွင် ရှိနှင့်ပြီးသား ပစ္စည်းမှန်သမျှကို မိမိနေရာအသီးသီးတွင် ပြန်လည်ထားရှိခဲ့သည်" ဟု အစ်ဆာ ဟာရယ် က ရေးသားခဲ့သည်။ "အိမ်ငှားနေထိုင်စဥ်အတွင်း ကျွနုပ်တို့ ထည့်သွင်းခဲ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်... စစ်ဆေးသူများအနေဖြင့် အသေးအဖွား လေး က အစ မျက်စိရှမ်း မသွားရအောင် လက်ထဲတွင် စာရင်းဇယားအတိအကျကို ကိုင်ဆောင်ကာ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများကို တညလုံး ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ မနက်မိုးလင်းခါနီးတွင် အစီအစဥ်မှာ အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ "နောက်ဆုံးတော့ မေလ (၂၀) ရက်နေ့ကို ရောက်ရှိလာခဲ့ပြီ" ဟု ဟာရယ်က ရေးသားခဲ့သည်။ "နောက်ဆုံးရက်ဖြစ်ပြီး ကျွန်တော့်အတွက်မူ အိုက်မန်စစ်ဆင်ရေး၏ အရှည်လျားဆုံးနှင့် စိတ်အလှုပ်ရှားရဆုံး ဇာတ်လမ်း၏ အထွတ်အထိပ်သို့ ရောက်မည့် နေ့တနေ့ လည်း ဖြစ်လာခဲ့သည်။
"သို့သော် ဖြေဆိုရန် ကျန်ရှိနေသေးသည့် မေးခွန်းတစ်ခုမှာ- အိုက်မန်အနေဖြင့် နောက်ဆုံးအချိန်၌ ထွက်ပြေးရန် ကြိုးပမ်းအားထုတ် လာမည်လော" ဟူသည့် မေးခွန်းပင် ဖြစ်ပေသည်။
****************