မင်းအောင်လှိုင်သည် ကရိုနီ တသိုက် နှင့် ၎င်းအား လက်ခံသည့် နိုင်ငံများကို လှည့်လည် သွားရောက်ခဲ့ပြီး ဖြစ်သည်။
ကရိုနီ ဟု ယခုအခါ ခေါ်ဆိုနေကြသော လူများသည်ကား ရှင်းရှင်း ပြောရလျင် ခေတ်ပျက်သဌေး များသာ ဖြစ်သည်။
ယခင် စစ်အစိုးရအဆက်ဆက် ကတည်းက စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ဆက်ဆံရေးကို အသုံးချကာ အခွင့်ထူးခံလိုင်စင်များ၊ သီးသန့်လုပ်ပိုင်ခွင့်များကို ရယူခဲ့ကြသည်။ ထို့အတွက် ကြောင့် သေးငယ်သော လုပ်ငန်းငယ်များနှင့် အလတ်စား လုပ်ငန်းများ (SMEs) ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်နိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။
၎င်းတို့ လုပ်ကိုင်ခွင့် ရနေသော သစ်တော၊ သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် နိုင်ငံပိုင် သယံဇာတများကို တူးဖော်ထုတ်လုပ်ရာတွင် ပွင့်လင်းမြင်သာမှု နည်းပါးခြင်း၊ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင် အကျိုးစီးပွားထက် ၎င်းတို့၏ အမြတ်အစွန်းကိုသာ ဦးစားပေး လုပ်ကိုင်ခဲ့ကြသူ များ ဖြစ်သည်။
နိုင်ငံ၏ စီးပွားရေး အရင်းအမြတ်အများစုကို ချုပ်ကိုင်ထားသဖြင့် လူတန်းစားကွာဟချက် ကြီးမားလာပြီး အများပြည်သူမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဘဝရပ်တည်ရေး အခက်အခဲများကို ရင်ဆိုင်နေရချိန်တွင် အဆိုပါ လုပ်ငန်းရှင်အုပ်စုမှာ ချမ်းသာသည်ထက် ချမ်းသာလာကြသည်ကို တွေ့ရသည်။
စစ်အုပ်စု သည် ၎င်းတို့ ထုတ်နှုတ် မသုံးစွဲလိုသော အခြေခံအဆောက်အအုံများ (ဥပမာ- ဆက်သွယ်ရေး၊ လမ်းတံတား၊ စွမ်းအင်နှင့် ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ) တွင် လုပ်ကိုင်ခွင့် ပေးခဲ့ကြ၍ နှစ်ဖက် အဆင်ပြေနေသည့် စီးပွားရေး ပုံစံမျိုးသာ ဖြစ်သည်။
ကရိုနီ များ သည် တိုင်းပြည် စီးပွားရေးအတွက် လုံးဝအကျိုးမပြု ဟု တော့ ပြော၍ မရပေ။ အဓိက ရှူမြင် သုံးသပ်ရမည် ဆိုဪ ၎င်းတို့ ရရှိ နေသည့် အကျိုးအမြတ်နှင့် ထို အကျိုးအမြတ်ရဖို့ နိုင်ငံ့စီးပွားရေးက ပေးဆပ်ရသည့် ကုန်ကျစရိတ် ကို နှိုင်းယှဉ် နိုင်ဖို့သာ ဖြစ်သည်။
ဥပမာ အားဖြင့် ကရိုနီ တဦးက အစိုးရနဲ့နီးစပ်၍ မြေဧက ၁,၀၀၀ ကို ဈေးနှုန်းသက်သာစွာ ရယူပြီး အိမ်ရာစီမံကိန်းလုပ်သည် ဆိုပါစို့၊
ထိုစီမံကိန်း ကြောင့် အလုပ်အကိုင်များရ၊ လုပ်ငန်းသုံး ပစ္စည်း များ ရောင်းချ ရခြင်း ဖြင့် လူထု အတွက် အကျိုး အမြတ် ရှိခဲ့သည်။ ၎င်းအတွက် လည်း မြေတန်ဖိုး တက်လာပြီး ပိုင်ဆိုင်မှု တန်ဖိုး တက်ကာ ချမ်းသာလာသည်။ တဖက်တွင် မြေဈေးတက်လာမည်၊ သာမန်ပြည်သူတွေ အိမ်ဝယ်ဖို့ ပိုခက်လာမည်၊ အခြားလုပ်ငန်းရှင်များ ဝင်ပြိုင်လို့မရ၊ အစိုးရ ရသင့်သည့် အခွန်ဝင်ငွေ လျော့ကျမည်၊ အရင်းအမြစ်ကို ထိရောက်စွာ အသုံးမချနိုင်ရင် productivity တက်မလာခဲ့သည့် အကျိုးဆက်များ ထွက်ပေါ်လာမည်။
ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အောင်မြင်ခဲ့ခြင်း မဟုတ်ပဲ နိုင်ငံရေးအာဏာကြောင့် အောင်မြင်လာသည် ဆိုက တ်ိုင်းပြည် အတွက် အကျိုးရှိရာ ရှိကြောင်း ထုတ်လုပ် ပေး နိုင်မှုကနေ “ဘယ်သူနဲ့ နီးစပ်သလဲ” ဆိုသည်ဖက် ရွေ့လျားနေ၍ လူ့အဖွဲ့အစည်း၏ စုစုပေါင်းကြွယ်ဝမှုသည် ဒုံရင်းက ဒုံရင်းပင် ဖြစ်သည်။
၎င်းတို့ အသုံးချ နေသည့် စီးပွားရေး သဘောတရားသည်က တိုင်းပြည်အတွက် ဓနဥစ္စာကြွယ်ဝ ဖို့ တန်ဖိုး အသစ် ဖန်တီးခြင်း ထက် အာဏာနှင့် အခွင့်ထူးကို အသုံးချ၍ အမြတ်ရှာခြင်း rent-seeking ဆိုသည်ကို အခြေခံထားကြခြင်း ဖြစ်သည်။ rent-seeking ဆိုသည်က တန်ဖိုးအသစ် ဖန်တီးခြင်းထက် ရှိပြီးသား အခွင့်အရေး/အရင်းအမြစ်ကို အာဏာ၊ ဆက်သွယ်မှု၊ လိုင်စင်၊ မူဝါဒ စတာတွေကို အသုံးချပြီး ကိုယ်ပိုင်အကျိုးအမြတ်အဖြစ် အမြဲလို ထုတ်ယူ နိုင်ဖို့ ဖြစ်သည်။
ထို့အတွက်ကြောင့်လည်း အလုပ်အကိုင် အခွင့် အလန်းများ ထွက်ပေါ်လာခဲ့ရသည် မှန်သော်လည်း စစ်ဗိုလ်ချုပ်များ လက်ထက် တလျောက်လုံး ပြည်သူလူထုတရပ်လုံး မြင့်မားလှသည့် ကုန်ဈေးနှုန်းနှင့် နေ့စဉ်ဘဝ ရပ်တည်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အမြဲလို ရင်ဆိုင်နေကြရသည့် အချက်ကို ထောက်ရှုရမည် ဆိုက တိုင်းပြည်၏ စီးပွားရေးထက် အာဏာရသူ များကို ကပ်ပါးရပ်ပါး လုပ်ပြီး ၎င်းတို့ အကျိုးအမြတ် အတွက် အဓိက ထားနေသည့် ခေတ်ပျက် သူဌေး များသာ ဖြစ်သည် ဆိုသည်က ထင်ရှားနေသည်။
မင်းအောင်လှိုင်ကလည်း ၎င်းသွားလေရာ တပြုံတမကြီး။ခေါ်သွားပြီး စီးပွားရေး ဖိုရမ်များ တွင် ၎င်းတို့ ပြင်ဆင်လာသော PowerPoint ဆလိုက် ရှိုး များ ဖြင့် မစားရ ဝခမန်း ပြောဆိုကြပြီး အဆုံးသတ်သွားခဲ့သည်က များ ပေသည်။
သို့သော် ၎င်းတို့ အားလုံးသည် အနောက်နိုင်ငံများ၏ အရေးယူ ဒဏ်ခတ် ခံထားရသူ များ ဖြစ်နေကြ၍ ထင်တိုင်း မပေါက် ဖြစ်လာသဖြင့် ၎င်းတို့ နှင့် လက်တွဲ လုပ်ရန် ဝန်မလေးသော နိုင်ငံများ နှင့် အဆက်အသွယ် ရှာနိုင်ရန် မင်းအောင်လှိုင်က ဖန်တီးပေးနေရခြင်းသာ ဖြစ်သည်။
ဧရာဝတီက မင်းအောင်လှိုင်၏ လက်စွဲတော် ကရိုနီ များကို စာရင်းပြုစု တင်ပြခဲ့ရာ ထိုအထဲတွင် ကားတာယာ အရောင်းသမား မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ဖြစ်လာသူ မောင်မောင်နိုင်၊ EV သမား နိုင်ဖြိုးကျော်၊ အောင်အောင်ဇော် (MAI)၊ မြဟန် (MyTel)၊ အောင်ကိုဝင်း (KBZ)၊ ဇော်ဇော် (ဘော်လုံး)၊ ဇော်ဝင်းရှိန် (ဟိုတယ်)၊ မိုက်ကယ် မိုးမြင့် (ရေနံ) တို့ ပါဝင်နေသည်။
လက်ရှိ မြန်မာ့စီးပွားရေးသည် စစ်ပွဲ၊ လျှပ်စစ်မလုံလောက်မှု၊ ငွေကြေးဖိအား၊ ကုန်သွယ်ရေးအခက်အခဲများ ကြောင့် လုပ်ငန်းအများစုသည် ဆက်လက် ရှင်သန်နိုင်ရေးကိုသာ ဦးစားပေးနေရသည့် ကာလ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အာဏာနှင့် နီးစပ်သူအနည်းစုကသာ အခွင့်ထူးရရှိပြီး ပိုချမ်းသာလာခြင်းသည် “နိုင်ငံ့စီးပွားရေး တိုးတက်လာနေသည်” ဆိုသည့် သက်သေမဟုတ်ဘဲ လူနည်းစု ဆီ ပြန်လည် ခွဲဝေ ပေးနေရသည့် စီးပွားရေးအာဏာ ပိုမိုစုစည်းလာနေသည့် လက္ခဏာ ကိုသာ ပြဆိုနေပေသည်။
ဆောင်းပါးရှင် ဂျိမ်းရွှေ က ဒီဗီဘီ တွင် ရေးသားရာတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများ၊ စီးပွားရေးအခက်အခဲများ၊ အစားအစာဈေးနှုန်းများ မြင့်တက်မှုနှင့် ထပ်တလဲလဲ ဖြစ်ပေါ်နေသော ထိခိုက်မှုများကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၂ ဒသမ ၄ သန်းခန့်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။
ထိုပြဿနာကို မင်းအောင်လှိုင် သွားခဲ့သော နိုင်ငံများကလည်း ဖြေရှင်း မပေးနိုင်၊ မည်သူထံမှလည်း ချေးငွေမည်ရွေ့မည်မျှ ထောက်ပံ့မည် ဆိုသည့် သဘောတူညီမှုမျိုးလည်း မရ၊ ထိုအစား မြန်မာအာကာသအေဂျင်စီ မှတဆင့် ကမ္ဘာမြေမျက်နှာပြင် စောင့်ကြည့်လေ့လာရေး ဂြိုဟ်တုငယ် တစင်း တည်ဆောက်ရန် နားလည်မှုစာချွန်လွှာမျိုးသာ လက်မှတ်ထိုးပြီး ဘီလာရုစ် မှ ပြန်ရောက်လာခဲ့သည်။
မင်းအောင်လှိုင်၏ ရုရှား ခရီးစဉ် ကြောင့် ထားဝယ်တွင် ရွာပေါင်းများစွာ မီးရှို့ဖျက်စီး ခံခဲ့ရသည် ဟု ရေးသားထားသည်။
ထားဝယ် ရေနက် ဆိပ်ကမ်း ဆိုသည်က စစ်အုပ်စု မှ ၂၀၀၈ ကတည်းက ပြောဆိုလာနေခြင်းလည်း ဖြစ်သည်။
လေ့လာစောင့်ကြည့်သူ အများစုကမူ မူလက ရည်မှန်းထားသည့် အတိုင်းအတာအထိ စီမံကိန်းတခုလုံးကို ရုရှားက လက်တွေ့ကျကျ ဖော်ဆောင်နိုင်ပါ့မလားဆိုသည်ကို သံသယရှိကြသည်။
ရုရှားသည် ထားဝယ်အား မဟာဗျူဟာအရ စိတ်ဝင်စားမှု ရှိချင် ရှိနိုင် သော်လည်း ၊ စီမံကိန်းတခုလုံး ရေရှည် စီးပွားရေးအရ ရပ်တည်နိုင်စေရန် လိုအပ် နေသည့် များပြားလှသော ငွေကြေး၊ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၊ နည်းပညာမိတ်ဖက်များနှင့် အထောက်အကူပြု စက်မှုလုပ်ငန်းများကို ရုရှားအနေဖြင့် အမှန်တကယ် စုစည်းပေးနိုင်၊ မပေးနိုင်ဆိုသည်ပင် ဖြစ်သည်” ဟု စင်္ကာပူရှိ ISEAS-Yusof Ishak Institute မှ အီယန် စတိုးရီက က ပြောပြခဲ့သည်။
ထိုင်းသည် ယခုအခါ ကမ္ဘာချမ်းသာ သော နိုင်ငံများ၏ ကလပ် အသင်း ဖြစ်သည့် OECD ခေါ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖွံဖြိုးမှု အဖွဲ့အစည်း ထဲအား ဝင်ရောက်ရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။
မင်းအောင်လှိုင် အဖို့ကား စီးပွားရေး ကို မဆိုထားဘိ နိုင်ငံတကာက ၎င်းကို လက်ခံဖို့ မာရသွန် ခရီးရှည်ကြီး ဆင်နွှဲနေရဆဲပင် ဖြစ်သည်။
၎င်းကို လက်ခံသည် လက်မခံသည်ကား မည်သို့မျှ အရေးမကြီး၊ စားဝတ်နေရေး ဖူလုံအောင် မည်သို့ ဆောင်ရွက်ပေးနိုင်သည်ကို အဓိက အနေဖြင့် ရှုမြင်သုံးသပ် နိုင်ရမည် ဖြစ်သည်။
တိုင်းပြည်ကို အုပ်ချုပ် နေသူ ဟု လူအသိအမှတ်ပြု ခံချင်သော်လည်း ထိုသို့ အသိအမှတ်ပြု ခံထိုက်အောင် လူထု ကောင်းကျိုး ဘာတခု များ သိသိသာသာ ဆောင်ရွက် ပေးခဲ့သနည်း၊ မဆောင်ရွက်သည့်အပြင် တိုက်လေယာဉ် များ စေလွှတ်၍ ဗုံးကြဲ သတ်ဖြတ်နေသည်ကို ၎င်း ကို ကော်ဇော်နီ ခင်းကာ ကြိုနေကြသည်။
ပူတင်၊ ရှီကျင့်ပင့်၊ မိုဒီ တို့က ငါ့ကို ဘယ်လို သဘောထား ပြီး ကြိုနေကြတာလဲ၊ ငါသည် သူတို့ အတွက် ဘူမိ နိုင်ငံရေး စစ်တုရင် ခုံပေါ်က နယ်ရုပ်ကလေး သာသာမျှ ဖြစ်နေသည်လား ဆိုသည်ကို စဉ်းစားကြည့်သင့်လှ ပေသည်။