အဆိုပါ ခေါင်းစဉ် ဖြင့် မြန်မာ တို့၏ မိတ်ဆွေကြီး မစ္စတာ ရှောင်တန်နယ် နှင့် Defense for Democracies ဖောင်ဒေးရှင်း မှ အကြီးတန်း သုတေသီ ဒန် ဆွစ်ဖ် မှ ဝါရှင်တန် ပိုစ့် သတင်းစာကြီး တွင် ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။
မင်းအောင်လှိုင်၏ စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်းကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ပြည်တွင်းစစ်ကြီး နှင့် အတူ ငွေကြေး အကျပ်အတည်း ကျလာနေသော စစ်အုပ်စုအား နိဂုံးချုပ်သွားစေရန် ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များအနေဖြင့် မဟာ အခွင့်အရေးကြီး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထို အခွင့်အရေးမှာ စစ်အုပ်စု က ရုရှား၊ တရုတ်နှင့် အီရန်တို့ထံမှ လက်နက်များ ဝယ်ယူရန် လိုအပ်နေသည့် နိုင်ငံခြားငွေကြေး ရရှိနိုင်မှုကို ဖြတ်တောက်ပိတ်ပင်ခွင့်ပင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအပါအဝင် အဖွဲ့ဝင် နိုင်ငံ ၄၀ ပါဝင်သည့် ကမ္ဘာ့ထိပ်တန်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ Financial Action Task Force (FATF) သည် အောက်တိုဘာလတွင် အစည်းအဝေး ပြုလုပ်ရန် ရှိနေသည်၊ ထိုအစည်းအ ဝေး မှ တရားမဝင် ငွေကြေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် မြန်မာစစ်အာဏာရှင်များ အပေါ် ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်မည်၊ မချမှတ်မည်ကို ဆုံးဖြတ်ဖို့ ရှိနေသည်။
ယခင်ကမူ FATF သည် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်ဆိုသော စစ်အုပ်စု၏ အပြောများကို အလွယ်တကူ ယုံကြည်လက်ခံခဲ့သည်။ စစ်အုပ်စု၏ ပြုပြင်ပြောင်းလဲသည် ဆိုခြင်းက ၎င်းတို့ အတွက်သာ အကျိုးအမြတ်များ ထွက်နေခဲ့သည် ဆိုသည်မှာ ထင်ရှားနေသည့်တိုင် FATF က ယင်းအချက်ကို လျစ်လျူရှုခဲ့သည်။ ယခုတကြိမ်တွင်တော့ FATF အနေဖြင့် အလားတူအမှားမျိုးကို ထပ်မံမပြုလုပ်သင့်ဟု ဆိုသည်။
ထို့အပြင် မြန်မာစစ်အုပ်စု သည် အာဏာသိမ်းပြီးချိန်မှ စ၍ ဒေသတွင်းရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းရောင်းဝယ်မှု စီးပွားရေးများနှင့်လည်း နက်နက်ရှိုင်းရှိုင်း ပတ်သက်လာခဲ့ပြီး၊ ထိုလုပ်ငန်းများ ကြောင့် လိမ်လည်ခံရသူ များ ဒေါ်လာဘီလီယံနှင့်ချီ၍ ဆုံးရှုံးနစ်နာစေခဲ့သော်လည်း ၎င်းတို့အဖို့ အကျိုးအမြတ်များစွာ ရရှိနေသည်။
ထိုသို့ ရရှိနေ သော်လည်း စစ်အုပ်စု သည် ဘဏ္ဍာရေး ပိုင်းတွင် အားနည်းနေဆဲဖြစ်ပြီး လက်နက်များ ဝယ်ယူရန်အတွက် နိုင်ငံခြားငွေကို အသည်းအသန် လိုအပ်နေသည်။ အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုးသည် အလွန်အမင်း ကျဆင်းသွားခဲ့သဖြင့် စစ်အုပ်စု သည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မိမိနိုင်ငံသားများထံမှ နိုင်ငံခြားငွေကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ရယူလာခဲ့သည်။
မြန်မာနိုင်ငံဗဟိုဘဏ်သည် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာဝင်ငွေထဲမှ ခန့်မှန်းခြေအားဖြင့် ၂၅ ရာခိုင်နှုန်းကို စျေးကွက်ပေါက်ဈေးထက် နိမ့်သော သတ်မှတ်နှုန်းဖြင့် မြန်မာကျပ်ငွေအဖြစ် မဖြစ်မနေ လဲလှယ်စေရန် သတ်မှတ်ထားသည်။ ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့ရရှိသည့် ပို့ကုန်ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကို အလားတူ မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရန် သတ်မှတ်ထားသည်။
ဤသို့ ၎င်းတို့ အတင်းအကျပ် လဲလှယ်ခိုင်းသည့် စနစ်များ အလုပ်ဖြစ်စေရန်အတွက် စစ်အုပ်စု သည် ပြည်ပရောက် အလုပ်သမားများနှင့် အသေးစားကုန်သည်များက ငွေလွှဲရာတွင် ကာလ ကြာမြင့်စွာ အားကိုး အားထား ပြုလာခဲ့သည့် တရားဝင်ဘဏ်စနစ်ပြင်ပရှိ “ဟွန်ဒီ” ငွေလွှဲပွဲစားကွန်ရက်ကို အပြင်းအထန် ဖြိုခွင်းလာခဲ့သည်။
စစ်ကောင်စီသည် ငွေလဲလှယ်ခွင့်လိုင်စင်များကို ရုပ်သိမ်းခြင်း၊ လုပ်ငန်းလုပ်ကိုင်သူများကို တရားစွဲဆိုခြင်းတို့ ပြုလုပ်ကာ လူများကို ၎င်းတို့ ထိန်းချုပ်ထားသည့် ဘဏ်စနစ်အတွင်းသို့ မဖြစ်မနေ တွန်းပို့လာခဲ့သည်။ ထိုသို့ ဘဏ်စနစ်အတွင်း ရောက်ရှိလာသည့်အခါ ပြည်သူ တို့၏ ဒေါ်လာငွေများသည် ဗဟိုဘဏ်အတွက် အလွယ်တကူ ရယူအသုံးချနိုင်သည့် ငွေကြေးအရင်းအမြစ်များ ဖြစ်လာသည်။
အံ့သြစရာကောင်းသည်မှာ FATF သည် ယခုအချိန်အထိ ၎င်းတို့ အကျိုးခံစားခွင့်ရ အောင် ခွင့်ပြု ပေးထားသကဲ့သို့ ဖြစ်နေသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသည် ဖော်ထုတ်တွေ့ရှိထားသည့် ဘဏ္ဍာရေးဆိုင်ရာ အားနည်းချက်များကို ဖြေရှင်းရန် FATF မှ ချမှတ် ပေးထားသော အစီအစဉ် များ ကို အကောင်အထည်ဖော်ရန် ကတိပြုခဲ့သည်။ သို့သော် ထိုအစီအစဉ်တွင် ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများကို ဘဏ္ဍာရေးစနစ်အတွက် အားနည်းချက်တရပ်အဖြစ် မှားယွင်းသတ်မှတ် ခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ထိုပွဲစားများကို မှတ်ပုံတင်စေကာ ကြီးကြပ်ရန် တောင်းဆိုခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်ပင် FATF က ထိုတောင်းဆိုချက်ကို ၎င်း၏ တရားဝင်ထုတ်ပြန်ချက်များ၌ ထပ်မံဖော်ပြခဲ့သည်။ ပထမအကြိမ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်ဖြစ်ပြီး၊ ထို့နောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံတောင်းဆိုခဲ့သည်။ စစ်ကောင်စီကလည်း အဆိုပါတောင်းဆိုချက်ကို အားတက်သရော လိုက်နာခဲ့သည်။
ထို့နောက် FATF သည် ထိုကိစ္စကို မြန်မာနိုင်ငံ၏ ဖြေရှင်းရန်ကျန်ရှိနေသည့် အားနည်းချက်စာရင်းမှ ဖယ်ရှားပေးခဲ့သည်။ သို့သော် စစ်အုပ်စုက အဘယ်ကြောင့် ထို သတ်မှတ်ချက်ကို ဤမျှလွယ်ကူစွာ လိုက်နာခဲ့သနည်း၊ ထို့အပြင် ဟွန်ဒီစနစ်မှ ဖယ်ထုတ်ခံလိုက်ရသော ပြည်သူ များသည် နောက်ဆုံးတွင် မည်သည့်ဘဏ်စနစ်ကို သွားရောက်အသုံးပြုခဲ့ကြသနည်းဆိုသည့် မေးခွန်းများကို တကြိမ် တခါမျှ ပင် မမေးခဲ့ပေ။
ယခုအခါ FATF ၏ အား ချီးကြူး အသိအမှတ်ပြုဖို့ ဖြစ်လာရသည်က အီရန်နှင့် မြောက်ကိုရီးယား ကဲ့သို့မြန်မာနိုင်ငံအပေါ် “တန်ပြန်အရေးယူမှုများ” ချမှတ်ရန် နောက်ဆုံးတွင် စဉ်းစားလာခြင်းပင် ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပိုင် ဘဏ်နှစ်ခုအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုများရှိခဲ့ သော်လည်း စစ်အုပ်စုက ၎င်း တို့၏ လုပ်ငန်းများကို အခြားဘဏ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းဖြင့် ထိုပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ခဲ့သည်။ ယခု FATF ၏ တန်ပြန်အရေးယူမှုများသည် မြန်မာနိုင်ငံတနိုင်ငံလုံးကို အကျုံးဝင်လာမည်ဖြစ်သည်။
ထိုအရေးယူမှုများကြောင့် တရုတ် အပါအဝင် FATF အဖွဲ့ဝင်နိုင်ငံများ ရှိ ဘဏ်များသည် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့် ငွေကြေးလွှဲပြောင်းမှုများ၊ အဆက်အသွယ်များလျှော့ချ သို့မဟုတ် ရှောင်ရှားရန် လိုအပ်လာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက စစ်အုပ်စု အနေဖြင့် နိုင်ငံခြားငွေကို အသုံးပြု၍ လက်နက်များဝယ်ယူခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထောက်ပံ့ခြင်းတို့ကို တိုက်ရိုက်ကန့်သတ်ခံရမည်ဖြစ်သည်။
FATF ၏ ပိတ်ဆို့အရေးယူမှုများ ကြောင့် တော်လှန် ရေး အင်အားစုများဘက်သို့ ချိန်ခွင်လျှာ ယိမ်းယိုင်လာစေနိုင်သည်။ ထို့ကြောင့် ဝါရှင်တန်အနေဖြင့် အောက်တိုဘာလတွင် ကျင်းပမည့် FATF အစည်းအဝေးမတိုင်မီ အမှန်တကယ် တန်ပြန်အရေးယူမှုများ ချမှတ်ရန် ဖိအားပေးနိုင်မည့် FATF အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ် ဖွဲ့သင့်သည်။
FATF အနေနဲ့ မြန်မာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း၊ စာရွက်စာတမ်းများ ပြင်ဆင်ဖို့ ငြင်းခုံ ဆွေးနွေးနေကြမည် ဆိုက စစ်အုပ်စု အဖို့ အချိန်ဆွဲနိုင်သမျှ ဆွဲပြီး နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲရှိ လမ်းကြောင်းများကို ဆက်လက်အသုံးချခွင့် ရနေမည်သာ ဖြစ်သည်။
ထိုသို့ ဆိုက အမေရိကန်ပြည်သူများနှင့် မြန်မာပြည်သူများကို နိုင်ငံအတွင်းရှိ သွေးစွန်းသော စစ်အာဏာရှင်အုပ်ချုပ်မှု၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်မည့် အရေးကြီးသော အခွင့်အရေးတရပ် ကို လက်လွှတ် ဆုံးရှုံး ခံလိုက်သလို ဖြစ်သွားပေလိမ့်မည်ဟု ရေးသားထားသည်။
တရုတ်သည် အဖွဲ့ဝင် ဖြစ်သော်လည်း ဗီတိုအာဏာသုံး၍ ပယ်ချ ခြင်းမျိုးတော့ လုပ်၍မရပေ၊ ဆောင်းပါးတွင် ဖေါ်ပြထားသလို အမေရိကန်၊ ဥရောပနိုင်ငံများ၊ အခြား FATF အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ လက်တွေ့ဘဏ္ဍာရေးအန္တရာယ်များသည် တန်ပြန် အရေးယူဖို့ လုံလောက်သည်ဟု သဘောတူလာမည်ဆိုက တရုတ်အတွက် ထိုဆုံးဖြတ်ချက်ကို လုံးဝတားဆီးဖို့ ပိုမို ခက်ခဲလာနိုင်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!