The Starfish and Spider (5)

by Hla Soewai - Aug 31 2026

ထို တရားရေးဆိုင်ရာ အငြင်းအခုံ ဖြစ်မှုအားလုံးမှာ ပိုမိုကြီးမားသော မဟာဗျူဟာ၏ အစိတ်အပိုင်းတခုပင် ဖြစ်သည်။ လမ်းထောင့်နားရှိ သော့ပြင်သမားတဦးသည် သင့်အား လိမ်လည်လှည့်ဖြားရန်အတွက်သာ ရည်ရွယ်ထားသည့် လုပ်ငန်းတခုကို လုပ်ကိုင်နေသည်ဟု ဆိုပါစို့။ နံနက်ခင်းတွင် သင် အလုပ်သွားရန် ထွက်သွားသည်နှင့် တပြိုင်နက် ထိုသော့ပြင်သမားသည် သင့်အိမ်ပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်လာကာ သော့ကိုဖျက်ဆီးပြီး တံခါးကို ပွင့်လျက်သား ဖြစ်အောင် တခုခု နှင့် ထောက်ထားလိုက်သည်။ 

 

ထိုအခါ လူတိုင်းက သင့်အိမ်ထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကြပြီး သင်၏ ငွေဇွန်းငွေခွက်များကို လိုက်လံစစ်ဆေးကြသည်၊ ပန်းကန်ခွက်ယောက်များ၊ လက်ဝတ်လက်စားများနှင့် စတီရီယိုစက်အသစ်တို့ကို ကြည့်ရှုကြကာ ၎င်းတို့ လိုချင်သည်များကို ယူဆောင်သွားကြသည်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာသည့် လူယုတ်မာနှစ်ဦးကမူ သင့်အဝတ်လျှော်စက်ကိုပင် မ သယ် သွားကြသည်။

 

သင် အိမ်သို့ ပြန်ရောက်လာပြီး ထိတ်လန့်တကြားဖြစ်သွားမှု များ အနည်ထိုင် သွားသည့်အခါ ဖောက်ထွင်းခိုးယူသူများကိုရော ၎င်းတို့ ဝင်လာရန် ခွင့်ပြုသူများကိုပါ တရားစွဲဆိုလိုစိတ် ပေါ်လာပါတော့သည်။

 

 တေးသံသွင်းကုမ္ပဏီများ ကလည်း ဤကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ P2P ကုမ္ပဏီများက ခိုးယူမှုကို အားပေးကူညီနေကြပြီး အသုံးပြုသူများကလည်း တေးဂီတများကို ဘယ်ကရော ညာကပါ မူပိုင် ခွင့်မရှိဘဲ ခိုးယူကူးယူနေကြလေသည်။

 

လုပ်ငန်းရှင်များဘက်က ဗျူဟာနှစ်ရပ် ချမှတ်လာခဲ့သည်။ ပထမဦးဆုံးအနေနှင့် ပြဿနာကို တိုက်ရိုက်ဖန်တီးနေသူများ၊ ဆိုလိုသည်က သီချင်းများကို အလကားဖလှယ်နေကြသည့် လူများကို ဦးတည်ပစ်မှတ်ထားခဲ့ကြသည်။

 

 သီချင်းများကို တရားမဝင် ဒေါင်းလုဒ် ဆွဲနေကြသည့်အဓိက ကျူးလွန်သူများကို စုံစမ်းထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် ဉာဏပစ္စည်း မူပိုင်ခွင့်ချိုးဖောက်မှုနှင့် တရားစွဲဆိုခဲ့ကြသည်။ တရားရုံး မသွားချင်က ဒဏ်ငွေ ၄,၀၀၀ ဒေါ်လာ ပေးဆောင်ပြီး ဖြေရှင်းဖို့ သတိပေးခဲ့သည်။

 

ထိုနည်းဗျူဟာသည် ဖိုင်ဖလှယ်သူများ ကို နောက်တကြိမ် သီချင်းဒေါင်းလုဒ် မလုပ်ရဲအောင် ခြောက်လှန့်တားဆီးဖို့ သာမက ကျန်သည့် လူများကိုပါ ပြတ်သားသည့်သတင်းစကားပေးပို့လို၍ ဖြစ်သည်။ "ငါတို့ရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်တွေကို အကောင်အထည်ဖော်ရာမှာ အလွန်အမင်း တိကျလေးနက်ပါတယ်၊ ဥပဒေကိုချိုးဖောက်ပြီး ငါတို့ရဲ့ မူပိုင်အကြောင်းအရာတွေကို ခိုးယူမယ်ဆိုရင် တရားစွဲဆိုအရေးယူသွားမယ်" ဆိုတာကို အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

 

ဒုတိယ ဗျူဟာ အဖြစ် ကုမ္ပဏီများသည် သော့ ကိုဖွင့်ပေးပြီး ခိုးယူမှုကို အားပေးကူညီနေသည့် ပင်ရင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ ဤနေရာတွင်တော့ P2P (ပီတူးပီ) ကုမ္ပဏီများဆီကို ဦးတည်လာခဲ့သည်။ ထို ကုမ္ပဏီများကို တရားစွဲဆိုပြီး လုံးဝရပ်တည်လို့မရတော့အောင် ဖယ်ရှားပစ် နိုင်ရန် အတွက် အကောင်းဆုံးရှေ့နေများကို ငှားရမ်းခဲ့ကြခြင်း ဖြစ်သည်။

 

ထို့အတွက် ဗယ်ရီလီ ပါဝင်လာရခြင်း ဖြစ်သည်။ မျှော်လင့်ထားတဲ့အတိုင်း အဆိုပါရှေ့နေများသည် အပြစ်အနာအဆာမရှိ အကောင်းဆုံး လုပ်ဆောင်ပြနိုင်ခဲ့ကြသည်။ ထို့အတွက် ဗယ်ရီလီ လျှောက်လဲချက်ပေးပြီး နှစ်လအကြာ တွင်တရားရုံးက MGM ဘက်ကနေ တညီတညွတ်တည်း အနိုင်ပေး ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းသည် အံ့သြစရာတော့ မဟုတ်ပေ။

 

သို့သော် တေးသံသွင်းကုမ္ပဏီများသည် ပီတူပီ (P2P) ကုမ္ပဏီများနှင့် တရားစွဲဆိုရာတွင် အကြိမ်ကြိမ် အနိုင်ရရှိနေခဲ့သော်လည်း၊ တေးဂီတဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်မှု ပြဿနာကြီးတခုလုံးမှာမူ ပို၍ပို၍ ဆိုးရွားလာခဲ့သည်။ ၎င်းမှာ ကုမ္ပဏီများဘက်က သတိဝီရိယ မရှိကြ၍တော့ မဟုတ်ပေ။ တကယ်တမ်းတွင်မူ ဆန့်ကျင်ဘက်ပင် ဖြစ်နေသည် — ကုမ္ပဏီများသည် တရားစွဲဆိုမှုအသစ်တခု ပြုလုပ်တိုင်း မီးပေါ်သို့ ဓါတ်ဆီလောင်းချသကဲ့သို့ ဖြစ်လာခဲ့သည်။ သူတို့ တိုက်လေလေ၊ ဆန့်ကျင်ဘက် အင်အားက ပို၍ ကြီးထွားလာလေလေ ဖြစ်လာသည်။ ထူးဆန်းစွာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

 

ဤဖြစ်ရပ်များအတွက် အကောင်းဆုံး ရှင်းလင်းချက်ကို မထင်မှတ်ထားသော အရင်းအမြစ်တခုထံမှ ရရှိလာခဲ့သည်။

 

နိုင်ငံ အနောက်တောင်ပိုင်းရှိ အမေရိကန် တိုင်းရင်းသား လူမျိုးစုများကို အထူးပြုလေ့လာနေသော ယဉ် ကျေးမှုဆိုင်ရာ လူမျိုးဗေဒပညာရှင် တွမ် နေဗင်စ် ဆိုသူထံ မှ ဖြစ်သည်။ နေဗင်စ်သည် တေးသံသွင်းစတူဒီယိုထဲသို့ တခါမျှ ဝင်ရောက်ဖူးခြင်း မရှိသော်လည်း ရှေးဟောင်း လူမျိုးစုများကို သူ၏ လေ့လာမှုက ယနေ့ခေတ် တေးဂီတလုပ်ငန်းတွင် ဖြစ်ပျက်နေသည်များကို ရှင်းလင်းပြသနေပေသည်။ နည်းလမ်းအမျိုးမျိုး သုံး၍ လေ့လာခဲ့သူ ဖြစ်၍လည်း မည်သူ့ထက်မဆို ဖြစ်ပျက်နေသည်များကို ပိုမိုနားလည်သဘောပေါက်ထားသူ ဖြစ်ပေသည်။

 

အစပိုင်းတွင် အပါချီ အင်ဒီယန်း ဌာနေတိုင်းရင်းသားများအကြောင်း ရေးသားထားသော စာအုပ်တအုပ်၏ နိဒါန်းကို ကျွန်ုပ်တို့ လှန်‌ လော ဖတ်ကြည့်မိရာမှ တွမ် အကြောင်းကို စတင်ကြားသိခဲ့ရသည်။ ရုတ်တရက် ကျွန်ုပ်တို့ ဆက်မဖတ်ဘဲ ရပ်လိုက်ကြသည်။ "ဒီလူပြောနေတာက အမေရိကန် တိုင်းရင်းသားတွေအကြောင်း ဖြစ်ပေမဲ့ သူပြောတဲ့ အချက်တွေက ဂရော့စတာ အမှုအတွက်လည်း အလွယ်တကူ အသုံးချလို့ ရနေပါလား" လို့ ကျွန်ုပ်တို့ တွေးမိကြသည်။ 

 

ထိုသို့ တွေးမိရာမှ ဇနီးဖြစ်သူနှင့် ကလေးငယ်တို့နှင့်အတူ အိုင်အိုဝါပြည်နယ်တွင် နေထိုင်နေသော ထိုလူငယ် မနုဿဗေဒပညာရှင် နီဗင်စ် ကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့သည်။ အစပိုင်းတွင် သူသည် အံ့သြသွားခဲ့သည်။ "အင်း... အဲဒီစာအုပ်ကို ဘယ်သူမှ မဖတ်လောက်ဘူးလို့ ကျုပ်ထင်ထားတာ" ဟု သူက ပြောသည်။ သို့သော် ကျွန်ုပ်တို့ ဆက်လက် ဆွေးနွေးပြောဆိုကြသောအခါတွင်မူ နီဗင်စ်သည် အချက်အလက်များကို ချိတ်ဆက်လာခဲ့ပြီး၊ ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသမျှကို ပိုမိုကြီးမားသော ရှုထောင့်ကျယ်ကျယ်ဖြင့် ရှုမြင်သုံးသပ်ပြနိုင် ခဲ့သည်။

 

အပါချီတို့ ၏ ရှေးကျလှသည့် ပဟေဠိ ပုစ္ဆာလို နက်နဲဆန်းကြယ်မှုတခု ကိုသာ ဖြေရှင်းနိုင်မည်ဆိုက MGM ကုမ္ပဏီ မည်သည့် နေရာတွင် မှားယွင်းသွားခဲ့သည် ဆိုတာကို နားလည်ဖို့အတွက် သော့ချက်ကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ အဖြေကို ဖော်ထုတ်နိုင်ဖို့အတွက် နေဗင်စ် က ကျွန်ုပ်တို့ကို လွန်ခဲ့သည့် ရာစုနှစ် ငါးခုနီးပါး၊ ယနေ့ခေတ် မက္ကဆီကိုစီးတီးလို့ သိထားကြသည့် မြေရှိရာ ၁၅၁၉ ခုနှစ်ဆီ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ 

 

ထိုနေရာတွင် သမိုင်းဝင် နာမည်အကျော်ကြားဆုံး သုတေသီတဦးဖြစ်သည့် ဒဏ္ဍာရီလာ ဟာနန်းဒို ကော်တက်စ် သည် အက်ဇ်တက် (Aztec) မြို့တော်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တွေ့ရှိခဲ့သည်။ (ပုံတွင် တွေ့နိင်ပေသည်)

 

ကော်တက်စ်သည် တီနော့ချ်တီတလန် ဟု ခေါ်သည့် အဓိကမြို့ကြီးဆီ ဦးတည်သွားနေသော ကြီးမားလှသည့် ကုန်းလမ်းမကြီးများ အပြင် ရှုပ်ထွေးခက်ခဲလှသည့် ရေပေးဝေရေး တူးမြောင်းများ၊ ဘုရားကျောင်း၊ ပိရမစ်များ၏ ကြီးမားလှသော အရွယ်အစားနှင့် အလှတရားများ ကြောင့် အလွန်အမင်း အံ့သြခဲ့ရသည်ဟု ဆိုသည်။ 

 

၎င်းအနေနှင့် လူရိုင်းများကိုသာ တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ရာမှ ထို အစား လူဦးရေ ၁၅ သန်း ကျော်၊ ကိုယ်ပိုင်ဘာသာစကား၊ အဆင့်မြင့်ပြက္ခဒိန်နှင့် ဗဟိုအစိုးရတရပ် ရှိနေသည့် ယဉ်ကျေးမှုအသိုက်အဝန်းကြီး တခုနှင့် ရင်ဆိုင်ခဲ့ရသည်။ “ဒီမြို့က ဆီဗီးလ် (Seville) သို့မဟုတ် ကော်ဒိုဘာ (Cordoba) မြို့တွေလောက်ကို ကြီးမားတယ်” လို့ သူက အံ့သြတကြီး ပြောကြားခဲ့ပြီး ဈေးကွက်အတွင်းမှာဆိုရင်လည်း “လူပေါင်း ၆၀,၀၀၀ ကျော်ဟာ အရောင်းအဝယ်လုပ်ဖို့ စုဝေးနေကြပြီး ကမ္ဘာပေါ်က နယ်မြေအသီးသီးမှာ တွေ့ရှိနိုင်သည့် ကုန်စည်အမျိုးအစားအားလုံးကို တွေ့မြင်နိုင်ပါတယ်” ဟု ရေးသားခဲ့သည်။

 

သို့သော်လည်း ကော်တက်စ် သည် တီနော့ချ်တီတလန် သို့ ရှုခင်းကြည့်ရန် သွားခဲ့ခြင်း မဟုတ်ပေ။ တေးသံသွင်း ကုမ္ပဏီများ၏ စီအီးအို များကဲ့သို့ပင် ကော်တက်စ်သည် ချမ်းသာကြွယ်ဝလာရန်အတွက်သာ ထိုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုခေတ်ကာလက ချမ်းသာကြွယ်ဝလာရန် တခုတည်းသော နည်းလမ်းမှာ ရွှေကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးပင်တည်း။ 

 

ထို့ကြောင့် ကော်တက်စ် လုပ်ဆောင်ခဲ့သည့် ပထမဆုံး အလုပ်များထဲမှ တခုမှာ အက်ဇတက် ခေါင်းဆောင် ဒုတိယ မွန်တက်ဇူမာ နှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်သည်။

 

သူသည် စပိန်တပ်မတော်တစ်ခုလုံး ဝင်ဆံ့သည်အထိ ကြီးမားလှသော မွန်တက်ဇူမာ၏ ခမ်းနားထယ်ဝါ လှသည့် နန်းတော်ကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းတို့၏ ဆွေးနွေးပြောဆိုချက်များကို စကား တခွန်းတည်းဖြင့် အတိုချုပ် ဖော်ပြနိုင်ပေသည် - "မင်းရဲ့ရွှေအားလုံးကို ငါ့ကိုပေး၊ မဟုတ်ရင် သတ်ပစ်မယ်။"

 

မွန်တက်ဇူမာတယောက် သူ့ ရှေ့တော်မှောက် ရောက်လာသည့် တိုင်းတပါးသား အပေါ် မည်သို့ တုံ့ပြန်ရမည်ကို ရေရေရာရာ မသိခဲ့ပေ။ သူသည် ယခင်က ဤကဲ့သို့ လူမျိုးကို တခါမျှ မမြင်ဖူးခဲ့ဘဲ၊ ကော်တက်စ်သည် နတ်ဘုရားတပါးပါး များ ဖြစ်နေမလား ဆိုသည့် မသေချာမရေရာမှုကြောင့်ပင် မွန်တက်ဇူမာသည် အညံ့ခံကာ သူ့တွင်ရှိသမျှ ရွှေမှန်သမျှကို အကုန်အစင် ထုတ်ပေးလိုက်လေတော့သည်။

 

သို့သော် ကော်တက်စ်သည် “ခရီးသွားဧည့်သည်”လည်း မဟုတ်၊၊ “ကတိတည်သူ” ဟုလည်း မဟုတ်ခဲ့ပေ။ သူပေးထားသော ကတိကို ဖောက်ဖျက်၍ ကောတက်စ် သည် မွန်တက်ဇူမာကို အဆုံးစီရင် ပစ် လိုက်သည်။ ထို့နောက် အခြေအနေများမှာ ဖရိုဖရဲဖြစ်ကုန်သည်။

 

ကောတက်စ် နှင့် သူ၏စစ်တပ်သည် တီနော့ချ်တီတလန် မြို့ကို ဝိုင်းပတ်ပိတ်ဆို့လိုက်သည်။ မြို့အတွင်းသို့ အစားအစာများ ဝင်ရောက်လာနိုင်ခြင်းမရှိစေရန် လမ်းများကို ပိတ်ဆို့ထားပြီး ရေပေးဝေသည့် ရေမြောင်းများ ကိုလည်း ဖြတ်တောက်ပိတ်ဆို့လိုက်သည်။ ရက်ပေါင်း ၈၀ အတွင်း မြို့သူမြို့သား ၂၄၀,၀၀၀ ခန့်သည် အစာရေစာပြတ်လပ်မှုကြောင့် အငတ်ဘေးဖြင့် သေဆုံးခဲ့ကြသည်။

 

ကောတက်စ် သည် တီနော့ချ်တီတလန် ကို ပထမဆုံး မြင်တွေ့ခဲ့ပြီး နှစ်နှစ်မျှသာ ကြာသေးသည့်အချိန် ၁၅၂၁ တွင်တော့ —ခရစ်တော် မပေါ်ပေါက်မီ ရာစုနှစ်များစွာကတည်းက အမြစ်တွယ်လာခဲ့သော ယဉ်ကျေးမှုတရပ်ဖြစ်သည့် အက်ဇတက် အင်ပါယာတခုလုံး ပြိုလဲသွားအောင် လုပ်နိုင်ခဲ့သည်။

 

အက်ဇတက် သည်သာ ထိုကံကြမ္မာကို ရင်ဆိုင်ခဲ့ရခြင်း မဟုတ်ပေ။ အင်ကာ Inca တို့လည်း အလားတူ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ဖရန်စ္စကို ပီဇာရို ဦးဆောင်သော စပိန်စစ်တပ်သည် ၁၅၃၂ ခုနှစ်တွင် အင်ကာ ခေါင်းဆောင် အာတဝါလ်ပါ ကို ဖမ်းဆီးခဲ့သည်။ တနှစ်အကြာတွင် အင်ကာ တို့၏ ရွှေအားလုံးကို လက်ဝယ်ရရှိပြီးနောက် စပိန်တို့သည် အာတဝါလ်ပါ ကို သတ်ဖြတ်ကာ ၎င်းတို့၏ လက်အောက်ခံ ရုပ်သေးအုပ်ချုပ်သူ တဦးကို ခန့်အပ်ခဲ့ကြသည်။

 

နောက်ထပ် လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးဆုံးရှုံးသွားရန် နှစ်နှစ်မျှသာ အချိန်ယူခဲ့သည်။