မြန်မာနိုင်ငံတောင်ပိုင်းတွင် ရုရှား ၏ အထူးစီးပွားရေးဇုန် (SEZ) အတွက် သတ်မှတ်ထားသည့် မြေနေရာများကို အတင်းအဓမ္မရှင်းလင်းရန် စစ်အုပ်စု က ၎င်းတို့၏ တပ်ဖွဲ့ဝင် ၇၀၀ ခန့် စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလာသည်။
ဒေသခံ များနှင့် တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များက စစ်တပ်သည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အဆိုပါ ပတ်ဝန်းကျင်ဒေသများသို့ သွားလာခွင့်များကို ပိတ်ပင်တားဆီးလျက်ရှိကြောင်း ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။
လက်ရှိ ကျေးရွာများကို မီးရှို့ နေသော စစ်ဆင်ရေးသည် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို SEZ စီမံကိန်းတွင် အန်ဒမန်ပင်လယ်ကမ်းရိုးတန်း၌ ရေနက်ဆိပ်ကမ်းတစ်ခုနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် အစီအစဉ်များ ပါဝင်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို မလက္ကာရေလက်ကြား ကို အစားထိုးနိုင်မည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းတခု အဖြစ် မြှင့်တင်ဖော်ဆောင်ရန် ရည်ရွယ်ထားသည်။
တနည်းအားဖြင့် ရုရှား တို့ အတွက် အရှေ့တောင် အာရှတွင် ဈေးကွက် ထိုးဖေါက်ခွင့် နှင့် အိန္ဒိယ သမုဒ္ဒရာ အတွက် ခြေကုပ် ရရှိသွားခြင်းပင် ဖြစ်သည်။ မင်းအောင်လှိုင်မှ ၎င်းကို အာဆီယံ မှ တန်းတူရည်တူ မဆက်ဆံက အခြေ အနေများ ပိုဆိုးသွားနိုင်သည်ဟု ဟ ပေးလိုက်ခြင်း ဖြစ်သည်။
စစ်အုပ်စု သည် ဇူလိုင်လမှစတင်၍ တပ်ဖွဲ့ဝင် ရာနှင့်ချီပြီး တနင်္သာရီတိုင်း သို့ ဖြန့်ချထားခဲ့သည်။ ယခု စစ်ဆင်ရေးကို လေကြောင်းတိုက်ခိုက်မှုများ ဖြင့်လည်း အားဖြည့်ထားပြီး ရုရှားနိုင်ငံထုတ် Su-30SME တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်လာခဲ့သည်။ ထိုသို့ စစ်အင်အားနှင့် လေကြောင်းအင်အား အသုံးပြုနိုင်ခြင်းကြောင့် ဒေသခံတော်လှန်ရေးအဖွဲ့များအပေါ် စစ်တပ်က အသာစီးရရှိနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ၂၀၂၆ ခုနှစ် ဧပြီလတွင် နိုင်ငံ၏ သမ္မတအဖြစ် ခံယူပြီး၊ ယခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့စဉ် ထားဝယ်ကို တောင်အာရှနှင့် အနောက်အာရှသို့ ဝင်ရောက်နိုင်သည့် အလားအလာရှိသော ကုန်သွယ်ရေးတံခါးပေါက်တခု အဖြစ် တင်ပြခဲ့သည်။ သို့သော် မည်သည့် ဒီမိုကရေစီနိုင်ငံကမျှ အဆိုပါရွေးကောက်ပွဲကို တရားဝင်ပြီး အများပြည်သူ၏ ဆန္ဒကို ထင်ဟပ်သည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်မပြုခဲ့ပေ။ တချိန်တည်းမှာပင် မင်းအောင်လှိုင်၏ သမ္မတရာထူးကို တရုတ်၊ ရုရှားနှင့် ဘီလာရုစ် တို့က အသိအမှတ် ပြုခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် ပူးတွဲစီမံကိန်းအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများနှင့် အနောက်အာရှ၊ အရှေ့အာရှနိုင်ငံများအကြား ကုန်သွယ်ရေးကို လွယ်ကူချောမွေ့စေရန် ဖြစ်သည်။ သို့သော် ဒေသခံပြည်သူများ၏ ကန့်ကွက်မှုများနှင့် ရန်ပုံငွေ မလုံလောက်မှုများကြောင့် ၂၀၁၃ ခုနှစ်တွင် ထားဝယ် SEZ စီမံကိန်း၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။
ယခုအခါ ကန့်ကွက်နေသော ဒေသခံ တို့၏ ရွာများကို မီးတင်ရှို့ နေကြပြီ ဖြစ်သည်။
စစ်အုပ်စု သည် ၎င်း၏ အဓိကမဟာမိတ်ဖြစ်သော ရုရှားနိုင်ငံ၏ အထောက်အပံ့ဖြင့် ထားဝယ်စီမံကိန်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ထားဝယ်သည် အန်ဒမန်ပင်လယ်ဘက်ကို တိုက်ရိုက်ထွက်ပေါက်ရှိသည့် နေရာ ဖြစ် နေသည့် အတွက် ထိုင်းနိုင်ငံနှင့် ကုန်းလမ်းချိတ်ဆက်နိုင်မည်ဆိုက—ထိုင်း- ထားဝယ် -အိန္ဒိယ သမုဒ္ဒရာသို့ ဆိုသည့် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လာနိုင်သည်။
ထို့အတွက် ထားဝယ် SEZ ၏ အနာဂတ်သည် မြန်မာ–ရုရှားနှစ်နိုင်ငံတည်းက ဆုံးဖြတ်၍ မရဘဲ ထိုင်းနိုင်ငံ၏ ပါဝင်မှုက အလွန်အရေးကြီး နေသည်။ ထိုင်းနှင့် ချိတ်ဆက်မှု မရှိက ထိုစီမံကိန်းသည် အဓိပ္ပါယ် ရှိမည် မဟုတ်တော့။
ထားဝယ်သည် အလွန်ကြီးမားတဲ့ အခြေခံအဆောက်အအုံစီမံကိန်း ဖြစ်ပြီး ဆိပ်ကမ်းတခုတည်း တည်ဆောက်ရုံနှင့် မပြီးဘဲ ရထား၊ လမ်း၊ လျှပ်စစ်၊ စက်မှုဇုန်နဲ့ ထိုင်းနယ်စပ်ချိတ်ဆက်မှုပါ တပြိုင်နက်တည်း လိုအပ် နေသည်။
ထို့အပြင် မြန်မာပြည်တွင်းစစ် မပြီးသေးသရွေ့ ရုရှားကုမ္ပဏီများ အတွက် ရင်းနှီးမြှုပ်နှံမှုအန္တရာယ် အလွန်မြင့်မားနေမည်သာ ဖြစ်သည်။
အထူး စိတ်ဝင်စားစရာ ကောင်း နေသည်က ထားဝယ်ဆိပ်ကမ်းကို ရုရှားသည် စီးပွားရေးအတွက်ပဲ လိုချင်တာလား၊ သို့မဟုတ် အိန္ဒိယသမုဒ္ဒရာမှာ ရုရှား၏ မဟာဗျူဟာမြောက် လမ်းကြောင်း တည်ဆောက်ဖို့ပါ ရည်ရွယ်တာလား” ဆိုတဲ့ မေးခွန်းပင် ဖြစ်သည်။
မင်းအောင်လှိုင်က ဘဲလာရုစ် သို့ ရောက်ရှိနေစဉ် အတွင်း ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့သော မြို့နယ် ၁၀၂ မြို့နယ် အတွက် ကြားဖြတ် ရွေးကောက်ပွဲ အဖြစ် ၂၀၂၇ အစောပိုင်းတွင် ပြုလုပ်သွားမည် ဟု ကြေညာခဲ့သည်။
ယင်းသည် မြန်မာ တနိုင်ငံလုံးကို ပြန်လည် သိမ်းပိုက်သွားမည်ဟု ကြုံးဝါးလိုက်ခြင်းလည်း ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!