ကျွန်တော် တကိုယ့် နှစ်စိတ် နှင့် သူလျို(97)

by Hla Soewai - Aug 31 2026

အခန်း (၁၃) 

 

ကျွန်တော် ဘာကိုများ မျှော်လင့်နေခဲ့မိတာလဲ။ ခုနစ်လတိုင်တိုင် တကြိမ်တခါမျှပင် ဖုန်းမဆက်ခဲ့ဘဲ စာတိုပေစလေးတွေ ရေးထားသည့် ပို့စကတ်အချို့လောက်နှင့်သာ အဆက်အသွယ် ရှိခဲ့သည်။ မစ္စမိုရီ အနေနဲ့ကတော့ တလင်တမယားစနစ်ကိုလည်း စွဲကိုင်ထားသူ မဟုတ်သလို၊ ဘယ် ယောက်ျား အပေါ်မှာလည်း သစ္စာထား စွဲလမ်းနေသူ မဟုတ်ခဲ့ပေ။ 

 

သူမ ဧည့်ခန်းထဲက အထင်ရှားဆုံး ပရိဘောဂ တခု ဖြစ်သည့် စာအုပ်စင်သည်ပင် စီမွန်ဒီဘိုဗာ၊ အာနိုင်နစ် နင်၊ အန်ဂျလာဒေးဗစ် နှင့် အမျိုးသမီးအရေး တိုက်ပွဲဝင် ရုန်းကန်ကြိုးပမ်းခဲ့ကြသည့် အခြားသော အမျိုးသမီးစာရေးဆရာမတွေရဲ့ စာအုပ်များ၏ လေးလံမှုကြောင့် ကူလီထမ်းပိုးတွေလို ကိုင်းညွတ်နေသည်ကပင် သူမ၏ ခံယူချက်သဘောထားများကို ထင်ရှားစွာ ပြသနေခဲ့သည်။ 

 

အာဒမ် ကနေ ဖရွိုက် အထိ အနောက်တိုင်းသား ယောက်ျားတွေက မေးမြန်းခဲ့ကြဖူးသည်က "အမျိုးသမီးတွေ ဘာလိုချင်ကြသလဲ" ဆိုသည်ပင် ဖြစ်သည်။ သူတို့ ဘယ်လိုပုံစံနဲ့ပဲ မေးခဲ့ကြပါစေဦးတော့။ အနည်းဆုံးတော့ သူတို့အားလုံး ဒီအကြောင်းကို စဉ်းစားတွေးခေါ်ခဲ့ကြသည်ချည်း ဖြစ်သည်။

 

ဤသည်ကို စဉ်းစားမိလိုက်သည့် အတွက် ငါတို့ ဗီယက်နမ်ယောက်ျားတွေ ကော အမျိုးသမီးတွေ ဘာလိုချင်တယ်ဆိုတာကို တခါမှကို စဉ်းစားမေးမြန်းဖို့ မကြိုးစားခဲ့ကြဘူးဆိုတာကို သဘောပေါက်လာခဲ့မိသည်။ မစ္စမိုရီ ဘာလိုချင်လဲဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော့် ခေါင်းထဲ အနည်းဆုံး အစအနလေးတောင် မရှိခဲ့ဘူး။ ဒီစာအုပ်တွေထဲက အချို့ကိုသာ ဖတ်ဖူးခဲ့မယ်ဆိုရင် အလင်းအမှောင် ကွာခြားချက်ကို အနည်းငယ် သဘောပေါက်မိမလား မသိ၊ ဒါပေမဲ့ ကျွန်တော် သိတာဆိုလို့ ဒီစာအုပ်တွေရဲ့ အဖုံး တွေပေါ်မှာ ရေးထားသည့် အကျဉ်းချုပ်လေးတွေလောက်သာ ဖြစ်သည်။ 

 

ဆန်နီကတော့ ဒီစာအုပ်တွေထဲက အချို့ကို အစအဆုံး တကယ်ဖတ်ဖူးခဲ့လိမ့်မယ်လို့ ကျွန်တော့် ရင်ထဲက အလိုလို ခံစားသိရှိလာမိသည်၊ သူ့ ဘေးနား ဝင်ထိုင်လိုက်သည့်အခါ ကျွန်တော့် အရေပြားပေါ်မှာ ဓာတ်မတည့်လို့ ယားယံလာသလိုမျိုး၊ သူ၏ ဖော်ရွေသည့် အပြုံးက ကျွန်တော့်ရင်ထဲ တောက်လောင်လာသည့် ရန်လိုမှုတွေ ပေါက်ကွဲထွက်လာတော့ မတတ် ခံစားလာရသည်။

 

"ခင်ဗျားရဲ့ စက္ကူအိတ်ထဲက ဘာတွေလဲ" ဟု ဆန်နီ က ကျွန်တော့်ပေါင်ပေါ်ရှိ စက္ကူအိတ်ကို မေးဆတ်ပြရင်း မေးသည်။ မစ္စမိုရီ ကတော့ နောက်ထပ် ဝိုင်ခွက် တခွက်သွားယူနေသည်။ ကော်ဖီစားပွဲပေါ်တွင် ဝိုင်ခွက်တစုံ၊ အလွန်အကျွံအားသုံး၍ ဖွင့်ထားသော နီမြန်းနေသည့် ဝိုင်ပုလင်းတပုလင်း၊ ဝိုင် ပုလင်းဖောက်တံတခုနှင့် ဓာတ်ပုံအယ်လ်ဘမ်တစ်ခုတို့ ရှိနှင့်ပြီးဖြစ်သည်။

 

"စီးကရက်လေ" ဟု ကျွန်တော်က စီကရက်ဘူးကို ထုတ်ပြရင်း ပြောလိုက်သည်။ "ပြီးတော့ ဗော့ဒ်ကာ လည်း ပါတယ်" ဟု ဆိုလိုက်ရသည်။ ဗော့ဒ်ကာဘူးကို ဆိုနီ့အား ကမ်းလှမ်းရန်မှလွဲ၍ ကျွန်တော့်မှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဆိုနီက ဗော့ဒ်ကာ ပုလင်းကို မစ္စက် မိုရီ အား ပြလိုက်သဖြင့် "ဒါတွေ အကုန်အကျခံ ဝယ်လာစရာ မလိုပါဘူးရှင်" ဟု သူမ က မျက်နှာတွင် အပြုံးပန်းဆင်ကာ ဝိုင်ပုလင်းဘေးသို့ ချထားပေးရင်း ပြောသည်။ 

 

လှပပြီး ဖောက်ထွင်းမြင်ရသော စတိုလီချ်နားယား ဗော့ဒ်ကာပုလင်းသည် ကျွန်ုပ်တို့ကို တိတ်တဆိတ် ငေးကြည့်နေရင်းက ရုရှားလူမျိုးတို့၏ တည်ငြိမ်ခိုင်မာသော ဟန်ပန်ကို ဆက်လက်ထိန်းသိမ်းထားသည်။ အရက်ပုလင်း တိုင်းတွင် သတင်းစကားတခုစီ ပါရှိတတ်ပြီး၊ မသောက်ရသေးသမျှ ကာလပတ်လုံး မည်သူမျှ မသိနိုင်သည့် အံ့သြဖွယ်ရာတစ်ခု ရှိနေတတ်သည်။ 

 

ကျွန်တော်သည် ထိုပုလင်းထဲမှ သတင်းစကားကို မစ္စမိုရီနှင့်အတူ ဖတ်ရှုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ မစ္စမိုရီ၏ ယဉ်ကျေးသိမ်မွေ့မှု မရှိခဲ့ပါက ကျွန်ုပ်တို့အားလုံး ထိုနေရာတွင် အနေရခက်သည့် အရှက်ရဖွယ် အခြေအနေကြီးနှင့် ကြုံလာကြပေလိမ့်မည်။

 

"ရှင်က အရမ်း စေတနာကောင်းတာပဲ" ဟု သူမက ဆိုသည်။ "အထူးသဖြင့် ကျွန်မတို့မှာ စီးကရက်တွေ ကုန်ခါနီးနေတဲ့ အချိန်မျိုးမှာပေါ့။ ရှင် စိတ် မရှိဘူးဆိုရင် ကျွန်မ တလိပ်လောက် သောက်လို့ ရမလား"

 

 ဆန်နီ က၊ ဖိလစ်ပိုင်ခရီးစဉ် ဘယ်လိုလဲ မေးလိုက်၍ မစ္စက်မိုရီ ကဲ.. ပြောပြစမ်းပါဦး၊ ကျမလည်း နားထောင်ချင်လို့” ဟု ပြောရင်း ကျွန်တော့်အတွက် ဝိုင်တခွက် ငှဲ့ပေးပြီး သူတို့ခွက်တွေကိုလည်း ထပ်ဖြည့်လိုက်သည်။ “ကျွန်မ ဦးလေးက စစ်ကာလတုန်းက အဲဒီမှာ ရှိခဲ့တဲ့အကြောင်းတွေ ပြောပြဖူးလို့ ဖိလစ်ပိုင်ကို သွားချင်နေတာ ကြာပါပြီ။”

 

ကျွန်တော်က စီးကရက်ဘူးကို ဖောက်လိုက်ပြီး သူမကို တလိပ် ကမ်းပေးလိုက်ကာ ကိုယ်တိုင်လည်း တလိပ်ယူပြီး ထပ်တလဲလဲ ပြောခဲ့ရပြီး ဖြစ်သည့် ကျွန်တော့်ဇာတ်လမ်းကို စပြောရတော့သည်။

 

အနားက ကြောင်ကတော့ ဘုရင်တပါးလို ဟင်းခနဲ သမ်း‌ ဝေလိုက်သည်။ ထို့နောက် ဆန်နီ ပေါင်ပေါ်ကို ပြန်တက်ကာ ကိုယ်ကိုဆန့်လျက် ကျွန်တော့်ကို မနှစ်မြို့သလို စောင်းကြည့်ပြီး ပျင်းလွန်းလာသည့် ပုံဖြင့် အိပ်ပျော်သွားတော့သည်။

 

ကျွန်တော် ပြောသည်ကို နားထောင်နေကြသည့် ဆန်နီ နှင့် မစ္စက် မိုရီ တို့သည်လည်း ကြောင်ထက် အနည်းငယ်ပဲ ပိုစိတ်ဝင်စားကြသည်ဟု ကျွန်တော် ခံစားမိသည်။ သူတို့က ကျွန်တော့်စီးကရက်တွေကို သောက်ရင်း ယဉ်ကျေးမှုအရမေးခွန်းတချို့ ပြန် မေးကြသည်။

 

ကျွန်တော် စိတ်ဓာတ်ကျသွားပြီး ကိုယ်သေမလိုဖြစ်ခဲ့ရတဲ့ အတွေ့အကြုံအကြောင်းတောင် သူတို့ကို ပြောပြချင်စိတ် မရှိတော့။ ဒီလိုနဲ့ ကျွန်တော့်ဇာတ်လမ်းက အထွတ်အထိပ်တခုတောင် မရောက်ဘဲ တဖြည်းဖြည်းနှင့် အဆုံးသတ်သွားသည်။

 

ထိုအချိန်မှာ ကျွန်တော့်မျက်လုံးက ဓာတ်ပုံအယ်လ်ဘမ်ပေါ် ရောက်သွားသည်။ အယ်လ်ဘမ်ကို ဖွင့်ထားသည့် စာမျက်နှာတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က အလယ်အလတ်တန်းစား မိသားစုဘဝ မြင်ကွင်းတွေကို ရိုက်ထား သော အဖြူအမည်းဓာတ်ပုံတွေ ရှိနေသည်။ အိမ်ထဲမှာ ဇာပန်းထိုးအဖုံးတွေ ဖုံးထားတဲ့ လက်တင်ကုလားထိုင်တွေပေါ် ထိုင်နေကြသည့် ဖခင်နဲ့ မိခင်၊ စန္ဒယားတီးနေကြ သည့် သားသမီးများ၊ ချည်ထိုးနေသူများ၊ ထမင်းစားပွဲဝိုင်းမှာ အတူတကွ စားသောက်နေကြသည့် မိသားစုဝင်များ—အားလုံးက ၁၉၃၀ ပြည့်လွန်နှစ်များခေတ်၏ အဝတ်အစားနှင့် ဆံပင်ပုံစံ များ နှင့် ဖြစ်သည်။

 

“သူတို့က ဘယ်သူတွေလဲ” လို့ ကျွန်တော် မေးလိုက်သည်။

 

“ကျွန်မ မိသားစုပဲ” ဟု မစ္စက် မိုရီ က ပြန်ဖြေသည်။

 

“ခင်ဗျားရဲ့ မိသားစု?”

 

သူမ၏ အဖြေကြောင့် ကျွန်တော် အံ့အားသင့်သွားသည်။ မစ္စက် မိုရီ မှာ မိသားစုရှိတယ်ဆိုတာ ကျွန်တော် သိပြီးသားဖြစ်သည်။ သို့သော်လည်း သူမက ထိုအကြောင်းများ သိပ်မပြောတတ်သလို သူတို့၏ ဓာတ်ပုံများကိုလည်း ကျွန်တော့်ကို တခါမှ မပြဖူး ပေ။

 

ကျွန်တော် သိထားတာက သူတို့သည် ဒီနေရာကနေ အတော်လေး ဝေးသည့် မြောက်ဘက်က၊ ဖုန်ထူပြီး ပူပြင်းတဲ့ ဆန်ဝါးကင်း တောင်ကြား ထဲက မြို့ငယ်တမြို့တွင် နေထိုင်ကြသည် ဆိုတာလောက်ပဲ ဖြစ်သည်။

 

“ဒါက ဘက်စီ၊ ဒါက အီလ နော” လို့ ဆန်နီက ရှေ့ကိုကိုင်းပြီး မျက်နှာများကို လက်ညှိုးနဲ့ ထောက်ပြသည်။ “ဒီမှာ ဂျော့ခ်ျ နဲ့ အာဘေး။ အာဘေးကတော့ သနားစရာ ပါပဲ။”

 

ကျွန်‌ တော် သည် ဝိုင်ကို ငုံ့၍သောက်ရင်း မစ္စက်မိုရီကို တချက် ကြည့်လိုက်သည်။

 

"သူ စစ်တွင်းက သေသွားတာလား"

 

"မဟုတ်ဘူး" ဟု သူမက ဆိုသည်။ "သူက စစ်ထဲသွားဖို့ ငြင်းလို့ ထောင်ချလိုက်ကြတယ်။ အခုထိလည်း အဲဒီအတွက် သူ စိတ်နာနေတုန်းပဲ။ စိတ်နာသင့်တာပေါ့လေ။ ဘုရားသခင်၊ကျမ သာ သူ့နေရာမှာဆိုရင်လည်း စိတ်နာမိမှာပဲ။ သူ့ကို အခုလိုထက်စာရင် ပိုပြီး ပျော် ပျော်ရွှင်ရွှင် နေသွားစေချင်မိတယ်။ စစ်ပွဲပြီးသွားတာ နှစ်ပေါင်းသုံးဆယ်တောင် ရှိပြီ၊ တိုက်ပွဲကို ကိုယ်တိုင်မသွားခဲ့ရပေမဲ့ အဲဒီဒဏ်ရာက သူ့ရင်ထဲမှာ ဆက်ပြီး ရှင်သန်နေဆဲပဲ"

 

"သူ တိုက်ခဲ့တာပဲလေ" ဟု ဆန်နီက ပြောသည်။ 

 

"သူက ပြည်တွင်းကပဲ တိုက်ခဲ့တာပေါ့။ ဘယ်သူက သူ့ကို အပြစ်တင်နိုင်မှာလဲ။ အစိုးရက သူ့မိသားစုကို စခန်းသွင်း အကျဉ်းချထားပြီးမှ တိုင်းပြည်အတွက် စစ်ထဲသွားတိုက်ပေးဖို့ တောင်းဆိုတယ်ပေါ့လေ။ ကျမသာဆိုရင်လည်း မီးခိုးတလူလူ ထွက်မတတ် ဒေါသထွက်မိမှာပဲ"

 

ဆေးလိပ်ငွေ့တွေကြားမှာ ကျွန် တော် တို့ သုံးဦးသား တိတ်ဆိတ်သွားကြသည်။ ခဏတာ အတွေးစ ကိုယ်စီ လွင့်ပျံသွားချိန်မှာတော့ ကျွန်‌ တော်၏ အတွေး ပုံရိပ်တခုက ဆန်နီ ခေါင်းပေါ် တစ္ဆေတကောင်လို လွင့်မျောနေခဲ့သည်။

 

"အာ ဘေး က အခု ဘယ်မှာလဲ" ဟု ကျွန် တော်က မေးလိုက်သည်။

 

"ဂျပန်မှာပေါ့။ ဒီမှာထက် ပိုပျော်နေလို့တော့ မဟုတ်ပါဘူးလေ။ စစ်ပြီးသွားလို့ သူ လွတ်မြောက်လာတဲ့အခါ သူ မွေးရပ်က ဒီမှာဖြစ်ပေမဲ့ လူဖြူတွေက ငယ်စဉ်ကတည်းက သူ့ကို ပြောဆို ခံခဲ့ရတဲ့အတိုင်း သူ့လူမျိုးတွေရှိရာကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ သူ သွားကြည့်တော့ ဂျပန်မှာရှိတဲ့ လူတွေကလည်း သူ့ကို ဂျပန် လူမျိုးတယောက်လို့ မယူဆကြဘူးဆိုတာကို သိလိုက်ရတယ်။ သူတို့ဘက်ကကြည့်ရင် သူက ကျမ တို့လူတယောက်၊ ကျမတို့ဘက်ကကြည့်ရင် သူတို့လူတယောက်ပေါ့။ ဟိုဘက်လည်းမဟုတ်၊ ဒီဘက်လည်းမဟုတ်၊ ဘာမှန်းမသိတဲ့ အနေအထားပေါ့လေ"

 

"ဒါဆို ကျွန် တော် တို့ ဌာနမှူးက သူ့ကို ကူညီနိုင်မလားပဲ" ဟု မေး လိုက်သည်။

 

"ဘုရား ရေ ၊ ရှင် နောက် ‌နေတာ မဟုတ်ပါဘူးနော်"

 

တကယ်လည်း ကျွန်တော်က အပြောင်အပျက် ပြောလိုက်ခြင်းဖြစ်သည်။ ယခုလို ရှုပ်ထွေးလာသော သုံးပွင့်ဆိုင် ဆက်ဆံရေးတွင် မလိုလားဘဲ ပါဝင်နေရသူတဦးပမာ ကျွန်‌ တော် စည်းလွတ် ဝါးလွတ် ဖြစ်သွားခဲ့မိခြင်းပင်။ 

 

ခွက်ထဲက ဝိုင် ကို အကုန် မော့သောက်ချလိုက်ခြင်းဖြင့် ကျွန် တော် ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ဝိုင်ပုလင်းကို လှမ်းကြည့်လိုက်သောအခါ ပုလင်းထဲတွင် ဘာမှ မရှိတော့သည်ကို တွေ့ရသည်။

 

"ဗော့ဒ်ကာ နည်းနည်းလောက် သောက်မလား" ဟု မစ္စက်မိုရီက မေးသည်။

 

သူမ၏ အကြည့်များတွင် အမြဲလိုလို ရှိတတ်သော ကြင်နာမှုအရိပ်အ‌ ငွေ့များဖြင့် ပြည့်နှက်နေသည်။ လွမ်းဆွတ်တမ်းတမှုတို့က ကျွန်‌ တော် နှလုံးသား အောက်ခြေအထိ လွှမ်းမိုးလာခဲ့ပြီး ကျွန် တော် လုပ်နိုင်သည်မှာ တိတ်တဆိတ် ခေါင်းညိတ်ပြရန်သာ ရှိတော့သည်။ 

 

သူမသည် ဗော့ဒ်ကာအတွက် ဖန်ခွက် သန့်သန့် များကို ထပ်‌ယူရန် မီးဖိုခန်းထဲသို့ သွား နေချိန်တွင် ဆန်နီနှင့် ကျွန် ဝောာ် တို့ နှစ်ဦးသား အနေရ အထိုင်ရ ခက်စွာ တိတ်ဆိတ် နေခဲ့ ကြ သည်။

 

ဗော့ဒ်ကာ သည် ကျွန်တော် မျှော်လင့်ထားသည့်အတိုင်း စူးရှပြီး အံ့မခန်း ကောင်းမွန်လှပေသည်။ ၎င်းသည် ကျွန် တော်၏ အတွင်းစိတ် နံရံများတွင် စွန်းထင်းပွန်းပဲ့နေသော အညစ် အကြေး များကို ပြန်လည် ဆေးကြောသန့်စင်ရန် လိုအပ်နေသည့် သုတ်ဆေး သင်းနား တမျိုးပင်တည်း။