အမေ
မက်ကဇင် ဂေါ်ကီ
(၇၅)
မိခင်ဖြစ်သူက သူ့ပုခုံးကို ပုတ်လိုက်ပြီး-- "အန်ဒရိယူရှာ၊ သတိထားစမ်းပါ" ဟု ဆို၏။
"ခဏလောက် အမေရယ်" ဟု တောင်းပန်ရှာသည်။ "ဒါတွေအားလုံးက တော်တော်ကို ဆိုးရွားနေတယ်— ဘာအန္တရာယ်မှ ပေးဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပေမယ့်လဲ"
ထို့နောက် ရုတ်တရက် အသိဝင်လာဟန်ဖြင့် စားပွဲကို လက်ဖြင့် ပုတ်ကာ--
"ဟုတ်တယ်၊ ပါဗယ်၊ လယ်သမားတွေဟာ သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်လာတဲ့အခါ သူတို့အတွက် မြေယာတွေကို ရှင်းလင်းကုန်ကြလိမ့်မယ်။ ကပ်ရောဂါဆိုးကြီး ကျရောက်ပြီးတဲ့ အခါ အရာရာကို မီးရှို့ဖျက်ဆီးပစ်သလို လုပ်ကြလိမ့်မယ်၊ အဲဒီလိုလုပ်မှသာ သူတို့ခံခဲ့ရတဲ့ မတရားမှုတွေရဲ့ အမှတ်အသား အကြွင်းအကျန်တွေ အားလုံး မီးခိုးတွေနဲ့ အတူ ပျောက်ကွယ်သွားလိမ့်မယ်"
"ဒါဆိုရင် တော့သူတို့က ကျွန်တော် တို့ သွားမယ့်လမ်း မှာ အနှောက်အယှက် ဖြစ်လာကြလိမ့်မယ်" ဟု ပါဗယ်က တိုးညှင်းစွာ မှတ်ချက်ချသည်။
"အဲဒါကို တားဆီးဖို့က ငါတို့ရဲ့ တာဝန်ပဲ။ ငါတို့က သူတို့နဲ့ ပိုနီးစပ်တယ်၊ သူတို့ကလည်း ငါတို့ကို ယုံကြည်ကြ တော့ ငါတို့ နောက်ကို လိုက်လာကြလိမ့်မယ်။"
"မင်း သိလား၊ ရိုင်ဘင်က ရွာသူရွာသားတွေအတွက် သတင်းစာတစောင် ထုတ်ဝေသင့်တယ်လို့ အဆိုပြုတယ်"
"ဒါကို လုပ်ကိုလုပ်ရမယ်၊ အမြန်ဆုံး လုပ်ရမယ်။"
ပါဗယ်က ရယ်မောလိုက်ပြီး--
"သူ့ကို ခုခံ ချေပ မပြောခဲ့မိတာအတွက် ငါ့မှာ စိတ်ထဲ မလုံမခြုံ ဖြစ်မိသလိုပဲ" ဟု ပြောလေသည်။
"သူ့ကို ချေ ပ ဖို့ ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ် လေ" ဟု ရုရှားလေး က ပြန်ပြောလိုက်သည်။ "မင်းသာ ပလွေကို ဆက်ပြီး မှုတ်နေပါ။ မြေကြီးပေါ်မှာ မြဲမြဲကြီး ရပ် မနေတတ်ဘဲ ပျော်တတ်တဲ့သူမှန်သမျှ မင်းရဲ့တေးသံအတိုင်း ကခုန်လာကြ လိမ့်မယ်။ ရိုင်ဘင် သာဆိုရင် တော့ ငါတို့ဟာ မြေကြီးကို ခြေမချနိုင်ကြဘူး၊ ခြေချစရာလည်း မလိုဘူးလို့ ပြောလိမ့်မယ်။ ဒါကြောင့် မြေကြီးကို တုန်ခါအောင် လုပ်ဖို့က ငါတို့တာဝန်ပဲ။ တချက်ခါလိုက်တာနဲ့ လူတွေဟာ အဲဒီမြေကြီးကိုကုပ်ကပ် နေရာကနေ လွတ်မြောက်လာလိမ့်မယ်။ နောက်တချက် ထပ်ခါလိုက်ရင်တော့ သူတို့ လုံးဝ ရုန်းထွက်နိုင်ကြလိမ့်မယ်။"
အမေ က ပြုံးလျက် “မင်းအတွက်တော့ အရာရာတိုင်းက ရိုးရှင်းနေတာပဲကွယ်၊ အန်ဒရူရှာ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ရိုးရှင်းပါတယ်” ဟု ရုရှား လေး က ထောက်ခံပြောဆိုလိုက်ပြီးမှ လေးတွဲ့ သော အသံဖြင့် “ဘဝလိုမျိုးပေါ့” ဟု ဆက်ပြောလိုက်သည်။ တအောင့် လောက် အကြာ သူက “လယ်ကွင်းဘက်ကို လမ်းထွက်လျှောက်ဦးမယ်” ဟု ဆို၏။
“ရေချိုးပြီးခါစလေ။ လေ တိုက် ထဲထွက်ရင် အအေးမိ နေမယ်” ဟု အမေက သတိပေးသည်။
“ရပါတယ်၊ ကျွန် တော် ကိုယ်လည်း လေတိုက်ခံဖို့လိုတယ်”
“သတိထားဦး၊ အအေးမိလိမ့်မယ် နော်၊ မင်း အိပ်ယာပေါ်မှာလှဲပြီး အိပ်လိုက်တာ ပိုကောင်းလိမ့်မယ်”
“ရတယ် ၊ ငါသွားမယ်”
ရုရှားလေးက အနွေးထည်များကို ကောက်ဝတ်ကာ ဘာ စကားမှ ထပ်မ ပြောဘဲ ထွက်သွားလေသည်။
“သူ့အတွက်တော့ ခက်ခဲလှချည်ရဲ့” ဟု မိခင်က သက်ပြင်းချလိုက်သည်။
“ဘာလို့လဲ သိလား” ဟု ပေဗယ်က မိခင်အား မှတ်ချက်ပြုပြော၏။ “အဲ့ဒီနောက်ပိုင်းမှာ အမေက သူ့ကို ‘မင်း’ လို့ စပြီးခေါ်ဖြစ်သွားတာ အရမ်းကောင်းတာပဲ”
အမေ က အံ့အားသင့်လျက် သူ့ကို ကြည့်လိုက်ပြီး ခဏမျှ စဉ်းစား လိုက်ပြီးနောက် “အဟမ်း၊ ဘယ်လိုဖြစ်ပြီး ထွက်သွားမှန်းတောင် သတိမထားမိလိုက်ဘူး။ သူ့ ဘာသာ ထွက်သွားတာပဲ။ သူက အမေ နဲ့ အရမ်းရင်းနှီးလာခဲ့ပြီလေ။ ကိုယ်ခံစားရတာကိုတောင် စကားနဲ့ ပြောပြလို့မတတ်နိုင်ဘူး။ ဒါလည်း ကံဆိုး ခြင်း တမျိုး လေကွယ်!”
"အမေ ရဲ့ နှလုံးသားက လှပြီးသားပဲလေ" လို့ ပါဗယ်က ခပ်တိုးတိုး ပြောလိုက်သည်။
"သားတို့အားလုံးကိုသာ တနည်းနည်း နဲ့ အမေ ကူညီနိုင်ခဲ့မယ်ဆိုရင်ပေါ့ကွယ်။ အမေ တတ်နိုင်ခဲ့မယ်ဆိုရင်ပေါ့!"
"မစိုးရိမ်ပါနဲ့၊ အမေ ကူညီ ရဖို့ ဖြစ်လာမှာပါ"
သူမက ခပ်ဖွဖွ ရယ်လိုက်ပြီး "အမေ မကူညီ နိုင် ဖြစ် နေမှာကို တော့ စိုးရိမ်မိသကွယ်၊ မစိုးရိမ်ဘဲလည်း နေလို့မရဘူး ဖြစ် နေတယ်။ ဒါပေမဲ့ အမေ သားရဲ့ အကြင်နာစကားအတွက် ကျေးဇူးတင်ပါတယ် ကွယ်"
"ကဲပါ၊ အမေရာ; အဲဒီအကြောင်းတွေ ဆက်မပြောကြရအောင်တော့။ သား အမေကို ချစ်တယ်ဆိုတာ ရယ် ပြီးတော့ သားက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ဆိုတာကိုသာ သိထားပေးပါ"
သားဖြစ်သူ၏ စကား ကြောင့် အမေသည် မျက်ရည်များ ဝဲလာသည်၊ ဤသည်ကို တွေ့သွားပါက စိတ်အနှောင့်အယှက် ဖြစ်သွားမည် စိုး၍ မီးဖိုခန်းထဲသို့ ထွက်သွားခဲ့လေသည်။
****************
အခန်း (၁၈)
ရက်အနည်းငယ်ကြာသောအခါ ဗိုင်ဆိုဗ်ရှစ်ခ်ကော့ဗ် သည် အရင်လို ပင် စုတ်စုတ်ပြတ်ပြတ် ၏ဖရိုဖရဲနှင့် ရောက်လာခဲ့သည်။
"အိုင်ဆေးကို ဘယ်သူသတ်သွားလဲ မင်းတို့ မကြားမိကြဘူးလား"
သူသည် အခန်းထဲတွင် ဝုန်းဝုန်း ဒိုင်းဒိုင်း လျှောက်သွားနေရာမှ ပါဗယ် ဖက် လှည့်ကာ ရပ်လိုက်သည်။
"မကြားမိပါဘူး!" ဟု သာ ပါဗယ်က ဖြေလိုက်သည်။
"ဟောဗျာ... အဲဒီအလုပ်ကို လုပ်ဖို့ ဝန်မလေးတဲ့ လူတယောက်ကို မင်းတို့ တွေ့ရပြီပေါ့။ ငါကလည်း ငါ ကိုယ်တိုင်လုပ်ဖို့ အမြဲတမ်း ပြင်ဆင်နေခဲ့တာလေ။ အဲဒါ ငါ့အလုပ်ပါ — ငါ့လုပ်ဖို့ထား ထား တာ!"
"နီကိုလိုင်, အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့" ဟု ပါဗယ်က ပြောလိုက်သည်။
"ကဲပါဟယ်, တကယ်ပဲ ဘာဖြစ်လာတာလဲ၊" ဟု အမေက ဝင်ပြောလေသည်။ "မင်းမှာ စိတ် နှလုံးသား နူးညံ့ ရက်သားနဲ့ ဘာလို့များ ရက်စက်တဲ့ခွေးလို အမြဲဟောင်နေရတာလဲ။ မင်းက ဘာဖြစ်လို့ အဲဒီလိုပုံစံနဲ့ လုပ်ချင်နေရတာတုန်း?"
အမေသည် ပြောသာ ပြောလိုက်ရသော်လည်း နီကိုလိုင်းကို မြင်လိုက်ရသည့်အတွက် အမှန်တကယ်ပင် ဝမ်းသာသွားခဲ့သည်။ သူ၏ ကျောက်ပေါက်မာသဲ့သဲ့နှင့် မျက်နှာသည်ပင် ပို၍ နှစ်လိုဖွယ်ကောင်းနေသလို ထင်ရသည်။ သူ့ကို ယခင်ကထက် ပို၍ သနားကြင်နာမိသွားသည်။
"ကဲ၊ ကျုပ်က အဲဒီလို အလုပ်မျိုးတွေလုပ်ဖို့ပဲ တတ်နိုင်တော့တာကိုးဗျ!" ဟု နီကိုလိုင်းက ပုခုံးတွန့်လျက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကျုပ် စဉ်းစားနေမိတယ်၊ ဒီကမ္ဘာလောကမှာ ကျုပ်နေရာက ဘယ်မှာလဲလို့ အမြဲတွေးနေမိတယ်။ ကျုပ်အတွက် နေရာဆိုလို့ ဘယ်မှာမှ မရှိဘူး! လူဆိုတာက တယောက်နဲ့ တယောက် စကားပြောဆိုဆက်ဆံဖို့ လိုအပ်နေကြတယ်၊ ဒါပေမဲ့ ကျုပ်က မလုပ်တတ်ဘူး။ ကျုပ် အားလုံးကို မြင်တယ်၊ လူတွေရဲ့ နစ်နာဆုံးရှုံးမှု မှန်သမျှကို သိနေတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်မပြောပြတတ်ဘူး။ ကျုပ်မှာ အသံမထွက်နိုင်တဲ့ အလွန်အမင်း အထီးကျန်နေတဲ့ ဝိညာဉ်တခု ရှိနေတယ်လေ။"
သူသည် ခေါင်းကိုငုံ့လျက် ပါဗယ်ထံသို့ လျှောက်လာပြီး စားပွဲခုံကို လက်သည်းဖြင့် ခြစ်ရင်း အသံတိုးတိုးဖြင့်၊ သူမဟုတ်တော့သလို ကလေးငယ်တဦးကဲ့သို့ ဝမ်းနည်းပူဆွေးစွာဖြင့် ပြောပြန်သည် -
"ကျုပ်ကို ခက်ခဲပင်ပန်းတဲ့ အလုပ်ကြမ်းတွေ ပေးလုပ်ပါ၊ ရဲဘော်။ ကျုပ် ဒီလိုဘဝမျိုးနဲ့ ဆက်ပြီး မနေနိုင်တော့ဘူး။ ဒါက အဓိပ္ပာယ်လည်း မရှိလှဘူး၊ အလဟာသ ဖြစ်နေတယ်။ ခင်ဗျားတို့အားလုံး ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်လုပ်ကိုင်နေကြတယ်၊ ကျုပ်လည်း မောင်ရင်တို့ အလုပ်တွေ ကြီးထွားလာနေတာကို မြင်နေရပေမဲ့ ကျုပ်ကတော့ မပါရဘဲ အပယ်ခံ ရသလို ဖြစ်နေတယ်။ ကျုပ်က သစ်သားပြားတွေနဲ့ သစ်တုံးတွေကိုပဲ သယ်ပိုးနေရတယ်။ သစ်တုံးသယ်ဖို့သက်သက်အတွက်နဲ့ပဲ လူ့ဘဝကို ရှင်သန်နေလို့ ဖြစ်ပါ့မလားဗျာ။ ကျုပ်ကို ခက်ခဲတဲ့ အလုပ်ကြမ်းတခုခုသာ ပေးလုပ် စမ်းပါ။"