အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(39)

by Hla Soewai - Aug 24 2026

တိုက်ခိုက်မှုအတွင်း ရေတပ် ဗိုလ်ချုပ် ဘရစ်စဘိန်း၏ ရေတပ်အုပ်စုသည် ရန်သူ့လှေ အစင်း ၃၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး၊ ထိုလှေများတွင် မြန်မာတို့ သို လှောင်ထားသည့် စပါးများ၊ ခဲယမ်းမီးကျောက်များ၊ ယမ်းနှင့် လက်နက်များ ပါရှိခဲ့သည်။

 

မြန်မာ တို့သည် အသက်ကိုပဓာနမထား သော ရဲရင့်မှုနှင့် ခံနိုင်ရည်ကို ပြသနိုင်ခဲ့‌ သော်ငြားလည်း—စက်မှုအင်အားကြီးနိုင်ငံတနိုင်ငံ၏ စည်းကမ်းတကျ လေ့ကျင့်ထားသော တပ်များကို စစ်ရေး အရ အားသာချက်များ ရှိနေသည်တိုင် ပဒေသရာဇ် စစ်တပ် တတပ် အနေဖြင့် လက်နက် အင်အားခြင်း မယှဉ်နိုင်ကြောင်း ထပ်မံ ပြသခဲ့သည့် တိုက်ပွဲလည်း ဖြစ်လာခဲ့သည်။

 

ကမ်းဘဲလ် သည် ရန်သူတို့၏ ခံတပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်နိုင်သည့် အကွာအဝေး တနေရာတွင် ဒုံးကျည်နှင့် မော်တာတပ်များကို နေရာချထားခဲ့သည်။ ဒီဇင်ဘာ ၅ ရက် နံနက်အစောပိုင်းတွင် ထိုခံတပ်များကို နှစ်နာရီ၊ သုံးနာရီခန့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီးနောက် ခြေလျင်တပ်များကို မြစ်အထက်ပိုင်းမှ နေ၍ ရန်သူ၏ ဘယ်ဘက်ခြမ်းနှင့် နောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်စေခဲ့သည်။

 

မြစ်တဖက်ကမ်းတွင် ရှုံးနိမ့်မှုများ ကြုံတွေ့ပြီးနောက် မြန်မာတပ်များသည် ထိထိရောက်ရောက် မခုခံ နိုင်တော့ဘဲ နောက်ဆုံးတွင် ခံတပ်နှစ်ခုစလုံးမှ အကျအဆုံးများစွာဖြင့် ဆုတ်ခွာ သွားခဲ့ရသည်။

 

ထို တိုက်ပွဲ သုံးခုစလုံး သည် စစ်ပွဲ၏ အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

 

မြန်မာတို့သည် ထိုနောက်ပိုင်းတွင် ထိုးစစ်ဆင်သည့် လှုပ်ရှားမှုများကို ဆက်လက်မပြုလုပ်တော့ဘဲ မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာကာ မိမိတို့၏ အရန်တပ်များနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြသည်။

 

ဗြိတိသျှတို့ဘက်တွင်မူ ထိုအချိန်မှစ၍ အောင်ပွဲသည် မိမိတို့၏ လက်တကမ်းအတွင်း ရောက်ရှိနေပြီ ဟု ယုံကြည်လာကြတော့သည်။

 

သို့သော် ကမ်းဘဲလ် သည် အောင်ပွဲ တွင် ယစ်မူး မနေဘဲပင်ပန်းနွမ်းနယ်နေသော ၎င်း၏ များကို နှစ်ရက် သို့မဟုတ် သုံးရက်မျှသာ အနားပေးပြီးနောက်၊ ဝေးလံသော မြို့တော်ရှိရာ မြောက်အရပ်သို့ ဆက်လက်ချီတက်ရန် စေလွှတ်ခဲ့သည်။

 

တပ်ကို ယခင်အတိုင်း တပ်မနှစ်ခုအဖြစ် ခွဲ၍ ချီတက်စေခဲ့သည်။ ကောတွန် ၏တပ်သည် မြစ်ကြောင်းနှင့် အပြိုင်ရှိသော လမ်းကြောင်းအတိုင်း ချီတက်ကာ မြစ် တွင်းရှိ ရေတပ်သင်္ဘောအုပ်စု နှင့် ချိတ်ဆက် လာသည်။ ကမ်းဘဲလ်၏ တပ်မှာမူ သုံးရက်ခရီးစာအကွာ ရှေ့ဘက်နှင့် ညာဘက်ခြမ်းမှ ချီတက်ခဲ့သည်။

 

ထိုအချိန်တွင် မင်းကြီး မင်းယာဘူး ၏ ဦးဆောင်မှုအောက်ဖြင့် မြန်မာ့အရန်တပ်များသည် ဧရာဝတီမြစ်ကမ်းဘေး မြောက်ဘက် မိုင် ၆၀ ခန့်အကွာရှိ မြေထဲ တွင် စုစည်းနေကြောင်း ဗြိတိသျှတို့ သိရှိထားကြသည်။

 

ထို့ကြောင့် ကမ်းဘဲသည် ရန်သူ့စခန်းနှင့် အခြားစခန်းများကို ဘေးဘက်မှ ပတ်ပြီး ဝင်ရောက်တိုက်ခိုက်ရန်နှင့် ထိုနေရာတွင် ကော်တွန် တပ်များ နှင့် ပူးပေါင်းရန် ရည်ရွယ်ခဲ့သည်။ ထို့အပြင် ရခိုင်ပြည်ဘက်မှ တောင်တန်းများကိုဖြတ်၍ ဗိုလ်မှူးကြီး မော်ရီဆင်သည်၎င်း၊ အာသံဘက်မှ ရစ်ချတ်စ် သည်၎င်း လာရောက်ပူးပေါင်းကြလိမ့်မည်ဟု သူက ယုံကြည်ခဲ့သော်လည်း ၎င်းတို့ နှစ်ဦးစလုံး၏ ဝမ်းနည်းဖွယ် ထွက်ပေါ်ခဲ့သော ရလဒ်များကိုမူ သူ မသိရှိခဲ့ပေ။ ထို့ကြောင့် သူသည် ထူးဆန်းပြီး ခန့်မှန်းရခက်သော တိုင်းပြည်၏ အတွင်းပိုင်းသို့ တဦးတည်း ချီတက်သွားခဲ့ခြင်း ဖြစ်သည်။

 

စစ်သားများသည် စုတ်ပြဲနေသော ဝတ်စုံ အင်္ကျီ အနီ red coat များနှင့် အဖြူ မှန်း မသိ လောက် အောင် ညစ်ပေနေသော ဘောင်းဘီရှည်များကို ဝတ်ဆင်လျက် ခြောက်မိုင်ခန့် ရှည်လျားသော တပ်ဖွဲ့ကြီးဖွဲ့ကာ ချီတက်ခဲ့ကြပြီး ၎င်းတို့နှင့်အတူ နွားလှည်းများပေါ်တွင် ဆန်နှင့် ကွတ်ကီး မုန့်များကို အဓိကထား၍ နှစ်လစာ ရိက္ခာများကို သယ်ဆောင်လာခဲ့ကြသည်။ 

 

ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းကာ တောလမ်းများကို ရေလွှမ်းမိုးခဲ့ပြီး အရာရှိများနှင့် စစ်သားများသည် ပေ ၂၀ ခန့် မြင့်မားကာ ရေစိုနေသော ဆင်မြက်ရိုင်းများကြားမှ ယိုင်နဲ့နဲ့ဖြင့် ရှေ့သို့ တိုးခဲ့ကြရသည်။ မြေပြင်မှာ အဝါရောင် ရွှံ့ညွန်အိုင်ကြီး ဖြစ်လာခဲ့ကာ လှည်းများနှင့် အမြောက်များသည် ရွှံ့ထဲတွင် နစ်မြုပ်ကုန်ကြပြီး မကြာမီမှာပင် အားကုန်ခမ်း သေဆုံးသွားကြသည့် လှည်းဆွဲ တိရစ္ဆာန်များနှင့် ၎င်းတို့၏ ဝန်တင်ပစ္စည်းများသည် လမ်းကို ပိတ်ဆို့ကုန်ကြတော့သည်။ 

 

ရေခန်းခြောက်နေသော မြစ် လက်တက် တခုထဲတွင် တညတာ ကုန်ဆုံးခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တပ်ဖွဲ့ဝင်များသည် ကာလဝမ်းရောဂါ များ ဖြစ်ကုန်ကြပြီး အိန္ဒိယ စစ်ဗာရီ များ နှင့် ဗြိတိသျှ တပ်သား အများအပြားသည် အဆိုပါရောဂါကြောင့် တခဏ အတွင်း မှာပင် သေဆုံးခဲ့ရလေသည်။

 

ရန်သူ၏ မြေလှန်စနစ် ကျင့်သုံးခဲ့သည့် အထောက်အထားများကို အစောဆုံး တွေ့ရှိခဲ့ရသည် နေရာက တခါကမြို့ကြီးပြကြီးတခု ဖြစ်ခဲ့ပြီး ယခုအခါတွင်မူ ဆာလောင်မွတ်သိပ်နေသော ကြောင်များနှင့် ခွေးများသာ ကျန်ရစ်ခဲ့ကာ ပြာပုံဘဝသို့ ရောက်ရှိနေပြီဖြစ်သည့် Seindoop မြို့တွင် ဖြစ်သည်။

 

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြေထဲ မြို့အနီး ရောက်ကာနီးတွင် ကမ်းဘဲလ် သည် အစီအစဉ်အတိုင်း ကော်တွန် ၏ တပ်ဖွဲ့နှင့် ပူးပေါင်းမိပြီး ထိုတပ်ဖွဲ့နှင့်အတူ ကာလဝမ်းရောဂါပိုးများလည်း တပါတည်း ပါလာခဲ့သည်။

 

နောက်တနေ့ တွင် ကမ်းဘဲလ်သည် မြေထဲမြို့သို့ ဝင်ရောက်လာခဲ့ပြီး တိုင်းပြည်တွင် ပေါများကြွယ်ဝနေသည့် တိရစ္ဆာန်များနှင့် အစားအစာများသာမက ၎င်းတို့ နှင့် မိတ်ဆွေဖွဲ့နိုင်သူများနှင့် အမိုးအကာများအထိ မည်သည့်အရာကိုမျှ မိမိတို့လက်သို့ မရောက်စေရအောင် အဘယ်မျှလောက်အထိ ပြတ်ပြတ်သားသား လုပ်‌ ဆောင် ခဲ့သည့် မြန်မာခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက် နားလည်ခဲ့ဟန် တူပေသည်။

 

စစ်တပ်စခန်းများ၏ အတွင်းနှင့် အပြင်တွင် ဒဏ်ရာများ၊ ရောဂါဘယများနှင့် ငတ်မွတ်ခေါင်းပါးမှုတို့ကြောင့် သေဆုံးနေကြပြီးဖြစ်သော သို့မဟုတ် အသက်ငွေ့ငွေ့သာ ကျန်တော့သော ရန်သူ့စစ်သားများဖြင့် ပြည့်နှက် နေခဲ့သည်။ နေအိမ်များနှင့် လယ်ယာ မြေ များမှ မောင်းထုတ်ခံရကာ ဆာလောင်မွတ်သိပ်၍ သေဆုံး၍ စွန့်ပစ်ထားကြသည့် ရွာသူ ရွာသားများလည်း ပါဝင်နေပေသည်။

 

ဗြိတိသျှတပ်များ ရှေ့သို့ ချီတက်လာသည်ကို မြင်သဖြင့် မိမိတို့ခေါင်းဆောင်များ၏ နမူနာကို လိုက်၍ ထွက်ပြေးခဲ့ကြသော စစ်သားများ၊ သို့မဟုတ် အစားအစာရှာဖွေရန် မိမိတို့တာဝန်ကျရာနေရာများကို စွန့်ခွာသွားခဲ့ကြသူများ ဖြစ်ကောင်းဖြစ်နိုင်သည့် စစ်သားများကို ရက်ရက်စက်စက် လက်ဝါးကပ်တိုင်တင်သတ်ထားသည်ကို တွေ့ခဲ့ရသည်။

 

သူတို့၏ လက်နှင့် ခြေများကို ဝါးဖြင့် ပြုလုပ်ထားသော ထောင့်ဖြတ်လက်ဝါးကပ်တိုင်တွင် ချည်နှောင်ထားပြီး၊ ပါးစပ်ကို ဖွင့်ထားစေရန် လျှာကို သစ်စတစဖြင့် ထိုးဖောက်ထားကြသည်။ ထို့နောက် ပုရွက်ဆိတ်များ၊ ယင်ကောင်များ၊ ထို့ပြင် အသားကို အငမ်းမရ စားသောက်လိုကြသဖြင့် အချင်းချင်း တိုက်ခိုက်ရင်း ဟိန်းဟောက်အော်မြည်နေကြသော ခွေးအအုပ်များနှင့် လင်းတများ၏ အလွန်ဆိုးရွားသော တိုက်ခိုက်စားသောက်မှုကို ခံရစေရန် ပစ်ထားခဲ့ကြသည်။

 

အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အနံ့အသက်ဆိုးများ လွန်စွာ ပျံ့နှံ့နေသော အိပ်မက်ဆိုး ကြီး လို ဖြစ် နေသောအခြေအနေမျိုးထဲတွင် စစ်တပ်သည် ထိုညကို ဖြတ်သန်းခဲ့ရသည်။ နောက်တနေ့ မိုးလင်းသောအခါ မိုင်အနည်းငယ် ဆက်လက်ချီတက်ခဲ့ကြသည်။

 

သို့သော် စစ်တပ်စခန်းချရန် အသုံးပြုခဲ့သော တောတွင်းရှိမြေကွက်လပ် တခုမှ မြန်မာစစ်သားများ၏ အလောင်းများကို ဦးစွာ ဖယ်ရှားပစ်ရသေးသည်။ ထို့အပြင် ကင်းလှည့်တပ်များကလည်း ရှေ့ မိုင် ၅၀ အကွာအထိ ရွာများကို ပြောင်သလင်းခါအောင် ဖျက်ဆီးထားပြီး၊ လူများနှင့် နွားတိရစ္ဆာန်များကိုလည်း မောင်းထုတ်သွားကြသဖြင့် တချိန်က လူနေထူထပ်စည်ကားခဲ့သော ဒေသတစ်ခုသည် လူသူကင်းမဲ့သော သဲကန္တာရတခုသဖွယ် ဖြစ်သွားပြီ ဟု သတင်းပို့ခဲ့ကြသည်။

 

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိသျှစစ်သည်များအတွက် မရှိမဖြစ် လိုအပ်သော အမဲသားရိက္ခာများ ဆက်လက်ရောက်ရှိလာခြင်း မရှိတော့ပေ။ ထို့ကြောင့် ကမ်းဘဲလ် သည် ရိက္ခာလှည်းများ ရောက်ရှိလာ သည် အထိ ရှိသည့်နေရာတွင်ပင် အနားယူနေကြရန် အမိန့်ပေးခဲ့ပြီး၊ အိန္ဒိယတပ်ရင်းများမှ သက်သတ်လွတ်စားသော စစ်‌ဗာရီ များနှင့်အတူ ၎င်းကိုယ်တိုင် ရှေ့သို့ ဆက်လက်ချီတက်ခဲ့သည်။

 

“ကျွဲနွားတကောင်တ‌ လေ မျှသာမက၊ မြန်မာ့တပ်မတော်မှ ဖျားနာသေဆုံးလုနီးပါး ဖြစ်နေသည့် နောက်ကျန်ရစ်သူများမှလွဲ၍ အသက်ရှင်လျက်ရှိသော မည်သည့် အရာ ကိုမျှ ချီတက်ရာလမ်းတလျှောက်တွင် မတွေ့ရှိရပေ” ဟု စနော့ဂရပ်စ် က မှတ်တမ်းတင် ရေးသားခဲ့သည်။

 

“လူသားတို့ စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်သော ကျယ်ပြောလှသည့် ကန္တာရကြီးတစ်ခုကို ကျွန်ုပ်တို့ ဖြတ်သန်းသွားနေကြရသည့်အလား ထင်မှတ်ရသည်။ အင်အားဟူ၍ နှစ်ထောင်ခန့်သာ ရှိသည့် ကျွန်ုပ်တို့၏ သေးငယ်သော စခန်း လေးမှာလည်း ဘေး ပတ်ပတ်လည် ဝိုင်းရံနေသည့် ဆိတ်ငြိမ်ပြီး မှိုင်းညို့နေသော ကန္တာရကြီးထဲတွင် အစက်အပြောက်ကလေးတခုမျှသာ ဖြစ်နေသကဲ့သို့ ခံစားကြရသည်။ မြို့တော်သို့ မိုင် ၃၀၀ အကွာအဝေးအထိ ရဲရဲရင့်ရင့် ရှေ့သို့တိုးလာခဲ့ကြပြီး၊ မိမိတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်နေသည့် ရန်သူကို ရင်ဆိုင်ရ တော့မည့် အချိန်တွင်၊ ထပ်မံအင်အားဖြည့်တင်းပေးမည့် သင်္ဘောများနှင့် စစ်လက်နက် များ ရှိရာသည် ဝေးလံလှသည် ဖြစ်၍ မျှော်လင့်ချက် တစုံတရာ မရှိတော့ဘဲ ကျဉ်းထဲကျပ်ထဲ ရောက်နေရသည့် အခြေအနေကြောင့် တခါတရံတွင် မချုပ်တည်းနိုင်လောက်အောင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ခံစားချက်များ ပေါ်ပေါက်လာခဲ့ရပေသည်” ဟုလည်း ဆက်လက် ရေးသားဖော်ပြခဲ့သည်။