ရွေးကောက်ပွဲ (၅)

by Hla Soewai - Oct 20 2020

အမေရိကန်-တရုတ် အား ပြိုင်မှု တွင် မြန်မာသည် ယခင်ကထက် ပို၍ အားပြိုင်စရာ နေရာ ဖြစ်လာရပါတယ်။ ထို့အတွက် မြန်မာသည် အိမ် နီးချင်း တရုတ်၊ ဂျပန်၊ အိန္ဒိယ အစရှိတဲ့ အိမ်နီးချင်း နိုင်ငံများ နဲ့ ရင်းနှီးအောင် ပိုပြီး တိုးတက် ဆက်ဆံလာရပါတယ်။

 

သို့သော် မကြာမီက အိန္ဒိယသည် မြန်မာ နှင့် စီးပွားရေးတွင် သာမက စစ်ဖက် ဆက်ဆံရေး ပါ အခိုင်အမာ တည်ဆောက်ရန် ရည်ရွယ်ချက် နဲ့ အိန္ဒိယ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာပြီး ၃၄ နှစ်နီးပါး ရှိနေပြီ ဖြစ်တဲ့ အိန္ဒိယ ရေငုပ်သင်္ဘော ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး တရုတ်က မနှစ်မြို့ကြောင်း ပြသတဲ့ အနေနဲ့ ဂလိုဘယ်တိုင်းမ် သတင်းစာ က NLD အစိုးရ ရဲ့ စီးပွားရေး မူဝါဒ တွေကို ဒုတိယ အကြိမ် ဝေဖန်လာခဲ့ပြီ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့ ကြိုးစားလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။

 

လောလောဆယ်မှာ မြန်မာပြည်အတွင်း တရုတ် ဆန့်ကျင်ရေး များသည် ပြင်းထန်စွာ ဖြစ်ပွားနေပြီး မကြာသေးမီက ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီ ပါတီ အရေး အခင်းကြောင့် မီးလောင်ရာ လေပင့် ဖြစ်သွားခဲ့ရပါတယ်။

 

ထိုသို့သော မြေပြင် အနေအထားများကို တရုတ် ခေါင်းဆောင်ပိုင်း အဖို့ အမှန်အတိုင်း တော့ သိခွင့်မရခဲ့ရှာပေ။ ဤသည်ကလည်း ရန်ကုန်ရှိ တရုတ်သံရုံး နဲ့ ထောက်လှမ်းရေး များက တတ်နိုင်သမျှ ဖုံးဖိထားကြလို့ပဲ ဖြစ်မယ်လို့ ယူဆရပါတယ်။ ထိုသို့ မဖုံးဖိပါကလည်း တရုတ် သံအမတ်ကြီး အဖို့ မြန်မာလူထုကို မဆွဲဆောင်နိုင်ရကောင်းလား၊ အခြေအနေကို မထိန်းချုပ်နိုင်ရကောင်းလား ဆိုပြီး ကြိမ်းသေပေါက် အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။ အာဏာရှင်များ အဖို့ကတော့ စိတ်တော်သိ ဘောင်းတော်ညိမ့် သတင်းများ ရရိုးထုံးစံကလည်း ရှိနေပြန်သည် မဟုတ်ပါလော။

 

တရုတ် ရဲ့ မြန်မာ ပြည် အပေါ် ထားရှိတဲ့ မူဝါဒ ကတော့ ခေါင်းဆောင် အဆက်ဆက် ကို ဖိအားပေးနိုင်ရေး အတွက် ပြည်တွင်း ပဋိပက္ခများ လက်ရှိအနေအထား ထက် အရှိန်အဟုန် မြင့်မလာရေး နဲ့ တဖက်မှာလည်း အလုံးစုံ ငြိမ်းချမ်းရေး ရရှိမသွား အောင် ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ Neither hot war nor complete peace လို့ အတိုချုပ် ယူဆလို့ ရပါတယ်။

 

ဒါ့အပြင် ၎င်းတို့ အကျိုးစီးပွား အတွက် နှင့် နိုင်ငံတကာတွင် အမေရိကန် ဩဇာကို စိန်ခေါ်ဖို့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်တို့ လိုအပ်တာထက် စည်းကျော်မလာအောင် အထက်ပါ မူဝါဒ တွေ နဲ့ ထိန်းညှိဖို့ ကြိုးစားလာပါတယ်။ ဒီနေရာမှာ တရုတ်တို့ အတွက် အခွင့်အရေး ကောင်း ဖြစ်လာတာကတော့ “ရိုဟင်ဂျာ” ပြဿနာ ပေါ်ပေါက်လာတဲ့ အတွက် မြန်မာ ကို နိုင်ငံတကာ စင်မြင့်မှာ အကာအကွယ် ပေးရန် နောက်ထပ် အခွင့် အရေး ထပ်ရလာခဲ့ပါတယ်။

 

မြန်မာပြည်ရှိ စစ်ဝါဒီများ ကလည်း တရုတ် ဩဇာလွှမ်းမိုးမှုအောက်မှာ မွန်းကျပ်လာတဲ့ အတွက် ရုန်းထွက်ဖို့ ကြိုးပမ်းခဲ့ပြီး ဖြစ်သော်လည်း စုပေါင်း ဆုံးဖြတ်ခြင်း မျိုး မရှိပဲ တဦးတယောက် ရဲ့ ဓါးဓါးခြင်း လှံလှံခြင်း ဆိုတဲ့ လူမိုက်ဆန်ဆန် အတွေးအခေါ် များ၊ နိုင်ငံတကာ အမြင် မကျယ်မှု များကြောင့် ကိုယ့်ရှူးကိုယ်ပတ် ဖြစ်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်လာရသည် ဆိုကာ မီးမောင်းထိုးပြ နိုင်ဖို့ အတွက် ထိုသူများဟာ ရခိုင်မြောက်ပိုင်း အရေးအခင်းကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့လို့လည်း တန်ဖိုးကြီးကြီး ပေးဆပ်နေရပြန်ပါတယ်။

 

လက်ရှိ တွင် တပ်မတော်မှ တိုက်ရည်ခိုက်ရည်များ ကျဆင်းလာနေမှုသည် ဖုံးဖိထား၍ မရလောက်အောင် ရခိုင်မြောက်ပိုင်း တွင် အခြေမလှ ဖြစ်လာနေသည်ကို ပြည်သူများက ရင်တမမဖြင့် စောင့်ကြည့်နေကြချိန်တွင် အိန္ဒိယ ရေတပ်မှ ၃၄ နှစ်ကြာ အသုံးပြုပြီး နောက် ပြန်လည် မွမ်းမံ ပြင်ဆင်ပေးလိုက်သော ရေငုပ်သင်္ဘောကြီး ရောက်ရှိလာမှုကို မည်သည့် နိုင်ငံသားကမျှ ဂုဏ်ယူဝင့်ကြွားလိုစိတ် ရှိကြမည်လည်း မဟုတ်ပေ။

 

တရုတ်တို့ဖက်က အမေရိကန် ရဲ့ ဝိုင်းပတ် ပိတ်ဆိုလာနိုင်မှု ကို အိန္ဒိယ သမုဒ္ဒရာ ဖက်ကနေ ထွက်ပေါက်ရဖို့ မြန်မာ ခေါင်းဆောင်များကို နိုင်ငံရေး အရ ဖိအားတွေ အဆက်မပြတ်ရန် နှင့် တဆင့်ခံ စစ်ပွဲတွေ ဆင်နွှဲရမယ်ဆိုတဲ့ မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင်ပင် မပြောင်းမလဲဘဲ ဆက်လက် စွဲကိုင်နေတာကိုက တရုတ် ရဲ့ အမှားလည်း ဖြစ်ပါတယ်။ ယင်းနှင့်အတူ လူထု သဘောထားကို ပြောင်ပြောင်ကြီး ဆန့်ကျင်ရပ်တည်တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

 

အိုဘားမား နဲ့ ဟီလာရီ ကလင်တန် တို့ မြန်မာပြည်ကို နှစ်ကြိမ် အထိ အလည် အပတ် ရောက်လာခဲ့ပေမယ့် ထရန့် အစိုးရ လက်ထက်မှာ အမေရိကန် ရဲ့ အဆင့်မြင့် အရာရှိတွေ တဦးတလေမှ မြန်မာပြည်ကို ရောက်မလာတဲ့ အတွက်လည်း တရုတ်တို့ အားတက်လာနေပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် ကတော့ မည်သည့် နိုင်ငံရဲ့ ဖိအားပေးမှုမျိုးကို မဆို မကြောက်မရွံ့ ရင်ဆိုင်နိုင်စွမ်း ရှိပြီး နိုင်ငံ ရဲ့ အကျိုးစီးပွား ကို အဓိက ထားပြီး တိုင်းပြည်အတွက် တကယ်တမ်း အကျိုး ရှိရာ ရှိကြောင်း ဆိုရင် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းအရ တရုတ် အဆိုပြုလာတဲ့ စီမံကိန်းများ အားလုံးကို တန်ရာတန်ကြေး နဲ့ အညီသာ လုပ်ဖို့ မူဝါဒ နဲ့ အကုန်လုံးကို စီစစ် လုပ်ကိုင်နိုင်သူ ဖြစ်ပါတယ်။

 

နိုင်ငံတော် အတိုင်ပင်ခံက ၎င်းတို့ အား ရှဉ့်လည်း လျှောက်သာ ပျားလဲစွဲသာ ဆက်ဆံနေခြင်းကို စိတ်မရှည် ဖြစ်လာနေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ လူထု ကို ထိန်းချုပ်ထားနိုင်စွမ်း ရှိသော တဦးတည်း ပုဂ္ဂိုလ် ဖြစ်ပြီး စကားကိုလည်း ဟိုတမျိုး ဒီတမျိုး လုပ်တတ်သူမဟုတ်ဆိုပြီး သဘောကျ ခဲ့ပါတယ်။ သို့သော် တရုတ်သည် စီးပွားရေး ကိုသာ အာရုံစိုက်သူ များ ဖြစ်တယ်ဆိုတဲ့ မူလ ပင်ကိုယ် သဘောအရ နောက်ပိုင်း မှာတော့ ယခင်က ငယ်ကြောက်လို့ ဆက်ဆံနိုင်တဲ့ လူတွေကိုလည်း ပြန်လည် တမ်းတလာပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ အင်အားကောင်းလာနေခြင်း နဲ့ သဘာဝ အရင်းအမြစ်များအား အမျိုးသားရေး နဲ့ ချိန်ထိုး လာနေခြင်းကို အတော် မနှစ်မြို့ ဖြစ်လာနေပုံ ရပါတယ်။

 

လက်ရှိမှာလည်း နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေချိန် မှာ မြန်မာ အပေါ် ထိရောက်တဲ့ အကူအညီ ပေးဖို့ သိသိသာသာပျက်ကွက်နေတာကို သတိထားမိလောက်အောင် ဖြစ်လာပါတယ်။

 

မည်သို့ပင် ဖြစ်စေ လာမည့် မြန်မာ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ အတွက် မိမိလျှောက်လှမ်းရမည့် ဘဝကို ရွေးချယ်ရတော့မည် ဖြစ်သည်သာမက နိုင်ငံကြီး များ ကလည်း သတိကြီးစွာ နဲ့ စောင့်ကြည့်နေတဲ့ ပွဲလည်း ဖြစ်ပါတယ်။