မင်းအောင်လှိုင်သည် ရုရှားသို့ ငါးနှစ် အတွင်း ချောင်းပေါက်မတတ် သွားနေခဲ့သော်လည်း ပူတင်ကတော့ တခါမျှပင် ရောက်လာခဲ့ဖူးခြင်း မရှိပေ၊ ထိုအချက် ကို ပြည်ပ သတင်း မီဒီယာများက အ လေး ပေး ဖေါ်ပြလာကြသည်။ဤသည်ကပင် သံခင်း တမန်ခင်း တွင် ၎င်းအား တန်းတူရည်တူ ထား ဆက်ဆံခြင်း မရှိသည်ကို လွန်စွာ မှ သိသာ ထင်ရှားသော သက်သေ အဖြစ် ထုတ်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။
နောက်ထပ် တချက်သည်က လေဆိပ် ကြိုဆိုရေး အခမ်းအနား သည် အခြား နိုင်ငံ အကြီးအကဲများ အား ကြိုဆိုပုံ နှင့် သိသိသာသာ အဆင့်နှိမ့်ချထားသည်ကို တွေ့ရသည်၊ ပုံတွင် ရုရှားဖက်ဒရေးရှင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး နှင့် အတူ မော်စကို ရှိ ဗနူကော့ဗော လေဆိပ်တွင် ရပ်နေသည်ကို တွေ့ခဲ့ရသည်။
ယခု ရုရှား ခရီးစဉ် အတွက် ရက်ရွေးရာတွင် လည်း ရုရှား တို့ အလိုကျ လိုက်လျောပေးခဲ့ရ၍ ၎င်း၏ ကာကွယ်ရေး ဦးစီးချုပ် ၏ ထိုင်း ခရီးစဉ် နှင့် တိုက်ဆိုင်နေသော်လည်း လက်လွှတ်မခံချင်၍ ထွက်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။
တတိုင်းပြည်လုံး ရေလွှမ်းမိုးနေ၍ အစစ အရာရာ ကျပ်တည်း နေသည် အဖြစ်က ၎င်း၏ ခေါင်းထဲတွင် တခါမျှပင် မရှိခဲ့ဘူးပေ။
ထိုခရီးစဉ် အတွက် အကျိုးအမြတ်သည်က ၎င်းသည် ရုရှား၏ တပည့်ကျော်ကြီး အဖြစ် လက်သပ်မွေးခံထားရပြီ ဖြစ်ကြောင်း ပြည်တွင်းပြည်ပ မှ သိလာမှု၊ အရည်မရ အဖတ်မရ များ ဖြစ်သော ပူးတွဲ စစ်ရေး လေ့ကျင့်မှု၊ နျုကလီယား စွမ်းအင် ထုတ်လုပ်ရေး၊ အာကာသ ယာဉ်များ တွင် မြန်မာ လိုက်ပါခွင့် ရရေး တို့ အတွက် အဆိုပါ ခရီးစဉ်မှ ထွက်ပေါ်လာနိုင်ပေသည်။ အရည်ရ အဖတ်ရ ဖြစ်လာ နိုင်သည်က ထားဝယ် ရေနက် ဆိပ်ကမ်း ကို ပူတင် မျက်စေ့ ကျလာနေခြင်းပင် ဖြစ်သည်။
၎င်း အဖို့က အာဏာတည်မြဲရေး၊ လက်နက် အထောက်အပံ့ ရရှိရေး၊ စီးပွားရေးအရ အသက်ရှူပေါက်ရှာရေးနှင့် နိုင်ငံတကာတရားဝင်မှု ရှာဖွေရေး ဆိုသည့် မျှော်လင့်ချက်များ နှင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာ ပြည်သူ များ အတွက်တော့ မည်သည့် အကျိုးအမြတ် မှ ရရှိလာဖို့ မရှိဘဲ ၎င်းတို့ အတွက်သာ “ဆက်၍ ရှင်သန်နိုင်စွမ်း” (regime survival) ကို မြှင့်တင်နိုင်ဖို့ ဖြစ်သည်။
၎င်း၏ အုပ်ချုပ်မှု သည် တိုင်းပြည်၏ စီးပွားရေး၊ လူမှု ရေး ကဏ္ဍ များ တွင် အဖက်ဖက်မှ ယို့ယွင်းနေပြီး နိုင်ငံကို အောင်မြင်စွာ အုပ်ချုပ် နိုင်စွမ်း မရှိသူ အဖြစ် အားလုံးက သိနေသည့် ကြားမှ ယခုလို အသိအမှတ် ပြုခံရရေး အတွက် ရွေးချယ်ခံ သမ္မတ ဟု ဆိုကာ မျက်နှာပြောင် တိုက်ကာ ဝင်ထွက်သွား လာနေခြင်းပင် ဖြစ်သည်။
တရားဝင် ရွေးကောက်တင်မြှောက်ခံ သမ္မတ အဖြစ် မဟုတ်ဘဲ နိုင်ငံ တွင်း အာဏာတည်မြဲရေးနှင့် အုပ်ချုပ်ရေးစနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်သူ အဖြစ်သာ အသိအမှတ်ပြုလက်ခံ ဆက်ဆံနေကြခြင်း ပင်။
မိမိက ChatGPT အား အဖက်ဖက်မှ လေ့လာဆန်းစစ်ခိုင်းပြီး ၎င်း ၏ ရီပို့ကပ်ကို ထုတ်ပြန် ခိုင်းခဲ့ရာ အာဏာဆက်လက် တည်မြဲ အောင် ကြိုးပမ်းမှု ပိုင်း၌ အမှတ် ၁၀၀ တွင် ၈၀ ဖြင့် ဂုဏ်ထူး ထွက်ပြီး၊ တိုင်းပြည် တည်ဆောက်ရေး တွင် အမှတ် ၃၀၊ စီးပွားရေး စီမံ ခန့်ခွဲ မှု တွင် အမှတ် ၃၀၊ စစ်ရေး တွင် အမှတ် ၅၀၊ သံတမန်ရေး တွင် အမှတ် ၇၀၊ ငြိမ်းချမ်းရေး တွင် အမှတ် ၂၀ သာ ရရှိခဲ့ပြီး ခြောက်ဘာသာ တွင် သုံးဘာသာ ကျနေသည့် အဖွဲ့ဖြစ်သည်။
ဤသည်ကို ကြည့်မည် ဆိုက ၎င်း၏ နောက်လိုက်များ အတွက် အာဏာစည်းစိမ် တည်မြဲနိုင်မည့် ဘာသာရပ်များ တွင် ဂုဏ်ထူး ထွက်နေသော်လည်း ပြည်သူများ အဖို့က မိမိတို့ ၏ ဘဝ လုံခြုံမှု၊ အသက်ရှင် နေထိုင် နိုင်ခွင့် နှင့် ရှေ့လျောက် ငတ်မွတ် သေကြေ ပျက်စီးရတော့မည့် ဘဝ မှ လွတ်မြောက်ရာ လွတ်မြောက် ကြောင်း ဖြစ်စေနိုင်သည့် ဘာသာရပ်များ တွင် တော့ ခွက်ခွက်လန် အောင် ကျရှူံးနေသူ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!