ရဲဝင်းဦး ၏ ထိုင်း ခရီး

by Hla Soewai - Aug 24 2026

ထိုင်းနိုင်ငံသည် ပြဿနာ ပေါင်းစုံ ရင်ဆိုင်နေရသော မြန်မာနှင့် ဆက်ဆံရေး ပိုမိုနီးကပ်လာရန် အလျင်အမြန် ကြိုးပမ်းနေမှုသည် ဗုဒ္ဓဟူးနေ့တွင် နောက်တဆင့် တိုးမြင့်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင် ရဲဝင်းဦးသည် ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး ထိုင်းစစ်ဘက် ထိတ်တန်းခေါင်းဆောင်များနှင့် “အဆင့်မြင့် ဆွေးနွေးပွဲများ” ပြုလုပ်မည်ဟု ဆိုသည်။

 

၎င်း တွေ့ဆုံဆွေးနွေးမည့် ပုဂ္ဂိုလ်များထဲတွင် အရေးပါဆုံးတဦးမှာ ၎င်း၏ ထိုင်းဘက်မှ အဆင့်တူ စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် အူကရစ် ဘူတာနွန် ဖြစ်မည်။

 

စစ်အုပ်စု၏ ရေတပ်အကြီးအကဲ ထိန်ဝင်း သည် ရဲဝင်းဦး နှင့်အတူ လိုက်ပါလာကာ ထိုင်းနိုင်ငံက ယခုသီတင်းပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ရေတပ်အကြီးအကဲများ အစည်းအဝေး သို့ တက်ရောက်မည်ဖြစ်သည်။

 

ရဲဝင်းဦးသည် မတ်လတွင် စစ်တပ်အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး နောက် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ ယင်းခရီးစဉ်သည် ဘန်ကောက်အစိုးရက အာဆီယံအဖွဲ့ထံသို့ မင်းအောင်လှိုင် နှင့် ဆက်ဆံတော့မည်ဟု ပြတ်ပြတ်သားသား ပြသ ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

 

ဇူလိုင်လတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက စစ်ခေါင်းဆောင်များကို ဆက်လက်၍ ဖယ်ကြဉ်ထားရန် သဘောတူခဲ့ကြသည်။ ထို့နောက်တွင် ထိုင်းမှ စည်းဖောက်ကာ ဇတ်ထုတ် အသစ် ကလာခြင်း ဖြစ်သည်။

 

"မင်းအောင်လှိုင်အနေနဲ့ လက်ရှိ ရှေးရိုးစွဲ ထိုင်းအစိုးရကို ယုံကြည်အားထား နေတယ်ဆိုတာ သိသာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်ဟာ သဘောထား တထပ်တည်းရှိနေကြတာကို သိ နေလို့ပါ” ဟု ထိုင်းနိုင်ငံခြားရေးမူဝါးရာနှင့် နီးစပ်သူတစ်ဦးက Nikkei Asia သို့ ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်များက မြန်မာနိုင်ငံနှင့် ထိုင်းအစိုးရ၏ စစ်ဗိုလ်ချုပ်များအပေါ် ထိတွေ့ဆက်ဆံမှုများ၏ ရလဒ်တခု အဖြစ် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုင်းနိုင်ငံအနောက်ပိုင်း တာ့ခ် ပြည်နယ်တွင် မကြာသေးမီက ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် စီးနင်းရှာဖွေမှု ကို ထောက်ပြခဲ့ကြသည်။

 

၎င်းတို့က Nikkei Asia သို့ ပြောကြားရာတွင် အဆိုပါ စီးနင်းရှာဖွေမှုအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထံသို့ ပို့ဆောင်မည့် ဒရုန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ ၂၄ မျိုး ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

 

"ထိုင်းဖက်က ထိုသို့ တင်းကျပ်စွာ ကိုင်တွယ်လာမှု သည် ထိုင်း–မြန်မာ ဆက်ဆံရေး အရင်လို မဟုတ်တော့ဟု KNU ကို ပါးလိုက်တဲ့ မက်ဆေ့ခ်ျ ပါ။ အခု ရဲဝင်းဦးရဲ့ ခရီးစဉ်ကြောင့် ထိုင်းဘက်က KNU တို့၏ ထောက်ပံ့ရေး လမ်းကြောင်း အပေါ် ဖိအား ပိုမိုတင်းကျပ်လာနိုင်ပါတယ်" ဟု အတွေ့အကြုံရင့် နိုင်ငံရေးလေ့လာသူတဦးက ပြောကြားခဲ့သည်။

 

သို့သော် KNU သတင်းရင်းမြစ်များက မူ ထိုင်းရဲတပ်ဖွဲ့၏ အဆိုပါ စီးနင်းရှာဖွေမှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် သိရှိထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

 

စစ်ရေးလေ့လာသုံးသပ်သူများက ရဲဝင်းဦး၏ လက်ရှိဘန်ကောက်ခရီးစဉ်သည် ၎င်း ဆ စစ်အုပ်စု တွင် ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် အနေအထား တဖြည်းဖြည်း မြင့်တက်လာနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည် ဟု ဆိုကြသည်။

 

မင်းအောင်လှိုင်က အတုအ‌ ယောင် ရွေးကောက်ပွဲ လုပ်ပြီးအမည်ခံ အရပ်သားအစိုးရ၏ သမ္မတရာထူးကို ရယူလိုက်ပြီး ရဲဝင်းဦးအား သူ၏နေရာတွင် အစားထိုးခန့်အပ် လာခဲ့သည်။

 

“ရဲဝင်းဦးဟာ စစ်တပ် အကြီးအကဲအဖြစ် မင်းအောင်လှိုင် အာဏာ တည်မြဲဖို့ အဓိက ပံ့ပိုး ပေးရမယ့် သူဖြစ်တဲ့အတွက် အထူးအရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်” ဟု စစ်တပ် ၏ အတွင်းပိုင်းလုပ်ငန်းစဉ်များနှင့် ရင်းနှီးကျွမ်းဝင်သူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

 

“လက်ရှိ စစ်အစိုးရရဲ့ အာဏာဖွဲ့စည်းပုံမှာ မင်းအောင်လှိုင်က နံပါတ် ၁ ဖြစ်ပြီး ရဲဝင်းဦးကတော့ လက်တွေ့အားဖြင့် နံပါတ် ၂ ဖြစ်နေတယ်လို့ ထင်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

သို့သော် မင်းအောင်လှိုင်သည် ရဲဝင်းဦးကို ၎င်း၏ အောက်တဆင့်တွင်သာ ထားရှိနေခြင်းမှာ သိသာထင်ရှားသည် ဟု ယခုလို မှတ်ချက်ပြုခဲ့သည်။

“ရဲဝင်းဦးဟာ အခုအချိန်အထိ ‘Senior General’ အဆင့်အထိ ရာထူးတိုးမြှင့်ခံထားရခြင်း မရှိသေးပါဘူး။ ဒါက မင်းအောင်လှိုင်အနေနဲ့ သူ့အပေါ်မှာ ရှိနေတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းထားချင်တဲ့ သဘောကို ပြသနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံအခြေစိုက် Institute for Strategy and Policy-Myanmar (ISP-Myanmar) မှ သုတေသီများက ရဲဝင်းဦး၏ လုပ်ပိုင်ခွင့် အာဏာကို တဖြည်းဖြည်း မြင့်တင်‌ ပေး လာခြင်းသည် ကပင် မင်းအောင်လှိုင်က ၎င်း၏ အာဏာချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းရန် အတွက်လည်း ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။

 

၎င်းတို့က မင်းအောင်လှိုင်၏ အစိုးရသစ်တွင် စစ်ဘက်အရာရှိ အများအပြား ထည့်သွင်းခန့်အပ်ထားခြင်း ကို ထောက်ပြကြသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ခေါင်းဆောင်များကိုတော့ မဆိုသလောက်သာ ထည့်သွင်းထားသည်။

 

ISP-Myanmar သုတေသီ နိုင်မင်းခန့် ၏ ပြောကြားချက်အရ မင်းအောင်လှိုင်၏ အစိုးရသစ်ထဲတွင် USDP ခေါင်းဆောင် ၃ ဦးသာ ပါဝင်ပြီး၊ မင်းအောင်လှိုင်က ယခင်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းဟောင်း အရာရှိများထဲမှ ၂၀ ဦးကို ထည့်သွင်းထားသည်။

 

“ဝန်ကြီးတွေက မင်းအောင်လှိုင်ရဲ့ စစ်ဘက်မဟာမိတ်တွေ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူနဲ့ အလွန်နီးစပ်ပြီး သစ္စာခံတဲ့သူတွေကို ရွေးချယ်ခန့်အပ်ခြင်းအားဖြင့် USDP ကိုပါ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ ကြိုးစား နေခြင်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

 

ဆိုလို သည်မှာ USDP ကို လွတ်လပ်စွာ အင်အားကြီးလာ မည့် အရေး ကို ဟန့်တား နိုင်‌ စေရန် ၎င်းကိုယ်တိုင် ယုံကြည်ရသည့် စစ်ဘက်အရာရှိဟောင်းများ နှင့် အစိုးရကို ဖွဲ့စည်းပြီး နိုင်ငံရေးအာဏာကို ကိုယ်တိုင် ဆက်လက်ချုပ်ကိုင်ထားဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

 

“ရွေးကောက်ပွဲပြီးကတည်းက USDP ကို ဘေးဖယ်ထားခြင်းက အနည်းဆုံးတော့ မင်းအောင်လှိုင်ဟာ သူတို့ ကို ယုံကြည်မှုမရှိဘူး ဆိုတာကို ပြသနေပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

 

“ဒါဟာ သူရရှိလာတဲ့ အာဏာအသစ်ကို အသုံးပြုပြီး သူ့ကိုယ်ပိုင် ‘ပုဂ္ဂိုလ်ရေးအာဏာဝန်းစက်’ တခုကို တည်ဆောက်ချင်နေပုံ ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

မင်းအောင်လှိုင်သည် အသိအမှတ်ပြု လက်မှတ်ရဖို့ ဘဲလာရုစ်ကို ‌ဆက် သွားမည်ဟု သိရသည်။

 

ဘဲလာရုစ် ပြီးလျင်တော့ သွားစရာ ကုန်သွားပြီ ဖြစ်၍ ပြည်တွင်း သို့ လှည့်၍ ဒုက္ခ ပေးတော့မည် သာ ဖြစ်သည်။

 

ရုရှားသို့သာ ခြောက် ခေါက် ရောက်ခဲ့ရ‌ သော်လည်း ဇနီး သည် နှင့် အတူ တခါမျှ ခြေမချဘူး သေးသည့် လန်ဒန်၊ ပဲရစ်၊ နယူးယောက် ရွှေမြို့တော်ကြီးများသို့ ခရီး လှည်လည် ချင်သည့် အိမ်မက်များကတော့ မျှော်တော်ယောင် ဘဝ ဖြင့်သာ ရှိနေ ပေဦးမည်။

 

ဦးသိန်းစိန်ကတော့ ၎င်းလို ကြက်ခြံ၊ ဘဲခြံများ လှည့် ပတ် ကြည့်ရင်း အနူတော လူချော ‌လုပ်နေသူ မဟုတ်၊ အိမ်ဖြူတော် ဘဲဥ ပုံ ရုံးခန်း အတွင် အမေရိကန် သမ္မတ တဦး နှင့် ဒူးတင် ပေါင်တင် စကားလက်ဆုံ ကျခဲ့ယုံမက နယူးယောက်ရှိ ကုလ သမဂ္ဂ စင်မြင့်ထက် တွင်လည်း မိန့်ခွန်း ပြောနိုင်ခဲ့သူ ဖြစ်သည်၊ 

 

ဒေါ်အောင်ဆန်းစုကြည် နှင့်တော့ မနှိုင်းယှဉ်လို၊ အဆင့်အတန်းခြင်း မိုးနဲ့ မြေလို ကွာခြားလှ၍ ဖြစ်သည်။

 

ပြည်သုတို့၏ တရားသော စစ် မုချ အောင်ရမည်!!!