ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(36)

by Hla Soewai - Aug 24 2026

သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သော မိသားစု "အပန်းဖြေခရီးစဉ်"

 

၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ သော တီယန်မင်ရင်ပြင် ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ခြင်းကြောင့် တိန့် ရှောင်ဖိန် ၏ နိုင်ငံရေးရပ်တည်ချက်မှာ ဆိုးရွားစွာ ထိခိုက်ပျက်ပြားသွားခဲ့ရသည်။ ကျောက် ကျိယန်နှင့် အခြားသော လစ်ဘရယ် ပြုပြင်ပြောင်းလဲရေးသမားများကို ဖယ်ထုတ် ရှင်းလင်းထုတ်ပစ်ခဲ့ခြင်းကြောင့် တိန်ရှောင် ဖိန်အနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ဤအုပ်စုဝင်များအပေါ်တွင် ထပ်မံအားကိုး၍ မရတော့ပေ။ 

 

ထိုအသက်ရှစ်ဆယ်ကျော်အရွယ် ခေါင်းဆောင်ကြီးမှာ အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေခဲ့ပြီး၊ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြတ်တောက်ထားခဲ့သည့် ဆေးလိပ်သောက်သည့် အကျင့်ကိုပင် ပြန်လည်စတင်ခဲ့သည်။ 

 

တိန့် ရှောင် ဖိန်အတွက် တခုတည်းသော နှစ်သိမ့်စရာမှာ ပါတီ၏ ထိပ်တန်းခေါင်းဆောင်နေရာကို အတွေးအခေါ် တင်းမာသူတဦး လက်ဝါးကြီးမ အုပ် နိုင်စေရန် ကာကွယ်ပေးသည့်အနေဖြင့် ရှန်ဟိုင်းပါတီ အထွေထွေ အတွင်းရေးမှူး ကျန်စီမင်း အား အပေးအယူလုပ် အစားထိုးရွေးချယ် လိုက်ရခြင်းပင် ဖြစ်သည်။ 

 

သို့သော်လည်း တိန် ရှောင် ဖိန်၏ နိုင်ငံရေးကစားကွက်မှာ ၁၉၈၀ ခုနှစ်များ၏ ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန်ဆွဲမည့် မူဝါဒများ မပေါ်ပေါက်လာအောင် တားဆီးနိုင်ခဲ့ခြင်း မရှိပေ။ အကြောင်းမှာ ကိုယ်ပိုင်အင်အားစု မရှိသည့်အပြင် အန္တရာယ်ကင်းမှုကိုသာ ကြည့်တတ်သည့် အခွင့်အရေးသမား ကျန်စီမင်းတွင် မည်သည့်ခုခံတွန်းလှန်မှုကိုမျှ ပြုလုပ်လိုစိတ်လည်း မရှိ၊ စွမ်းဆောင်ရည်လည်း မရှိခဲ့သောကြောင့်တည်း။

 

စီးပွားရေးမူဝါဒကို တာဝန်ယူကိုင်တွယ်နေသော အလွန်ရှေးရိုးစွဲသဘောထားရှိသည့် ခေါင်းဆောင်နှစ်ဦးဖြစ်သော လီပင်း နှင့် ယောင်ယီလင် တို့သည် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက် ၁၉၈၈ ခုနှစ်နှောင်းပိုင်းတွင် ချမှတ်ခဲ့သော ချွေတာရေးမူဝါဒ ကို ပိုမိုတင်းကျပ်စွာ ဆက်လက်အကောင်အထည်ဖော်ခဲ့ကြသည်။

 

အစပိုင်းတွင် ထိုမူဝါဒ၏ အဓိကဦးစားပေးချက်မှာ ရင်းနှီးမြှုပ်နှံမှုကို လျှော့ချရန် ဖြစ်ခဲ့သည်။ တီယန်မင် အရေးအခင်းကို အင်အားသုံးနှိမ်နင်းပြီးနောက် ၎င်းတို့သည် အာဏာကို ဗဟိုအစိုးရလက်ထဲသို့ ပြန်လည်စုစည်းရန်နှင့် စီးပွားရေးစီမံကိန်းရေးဆွဲမှုကို ပြန်လည်အားကောင်းလာစေရန် ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ကြသည်။

 

ဤအစီအမံများကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ သည် အကျိုးအမြတ်ရရှိခဲ့သော်လည်း ထိုအချိန်က စတင်ပေါ်ပေါက်လာနေသည့် ပုဂ္ဂလိကကဏ္ဍ မှာမူ ထိခိုက်နစ်နာသွား ခဲ့ရသည်။

 

ထို့ကြောင့် တရုတ်စီးပွားရေးသည် ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးတိုးတက်မှုနှုန်း အနည်းဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် GDP တိုးတက်မှုနှုန်းသည် ၄.၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး၊ ၁၉၉၀ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း သို့ ထပ်မံကျဆင်းခဲ့သည်။ သို့သော် ၁၉၉၁ ခုနှစ်တွင်မူ စီးပွားရေး ပြန်လည် ဦးမော့လာပြီး ၉.၅ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။

 

ပုဂ္ဂလိကကဏ္ဍ၏ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သော TVEs (Township and Village Enterprises – မြို့နယ်နှင့် ကျေးရွာအခြေပြု စီးပွားရေးလုပ်ငန်းများ) သည် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ ၄၀ ရာခိုင်နှုန်း ခန့် တိုးတက်ခဲ့သည်။ သို့သော် ၁၉၈၉ နှင့် ၁၉၉၀ ခုနှစ်များတွင် တိုးတက်မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်း သာ အသီးသီး ရှိခဲ့သည်။

 

သို့ရာတွင် ရှေးရိုးစွဲသဘောထားရှိသူများ သည် စီးပွားရေးအာဏာကို ဗဟိုပြန်လည်စုစည်းရန် ကြိုးပမ်းရာတွင် အပြည့်အဝအောင်မြင်မှု မရရှိခဲ့ပေ။ အကြောင်းမှာ ထိုကဲ့သို့ ဗဟိုချုပ်ကိုင်မှု ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုများကို စီးပွားရေးအရ အရေးပါပြီး အင်အားကြီးမားသော ပြည်နယ်များ ဖြစ်သည့် ရှန်ဟိုင်း နှင့် ရှန်တုံ တို့ကဲ့သို့သော ဒေသများမှ ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသောကြောင့် ဖြစ်သည်။

 

ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုတွင် ပါဝင်သူများကို ဦးတည်၍ သဘောထား တင်းမာသူများ စတင်ခဲ့သော နိုင်ငံရေးအရ ဖိနှိပ်ဖြိုခွဲမှုမှာ ရောထွေးနေသော ရလဒ်များကိုသာ ထွက်ပေါ်စေခဲ့သည်။ အစိုးရအဖွဲ့သည် တက္ကသိုလ်ကျောင်းဝင်းများအတွင်း နိုင်ငံရေးထိန်းချုပ်မှုကို အောင်မြင်စွာ ပြန်လည်ရယူနိုင်ခဲ့သည်။ သို့သော်လည်း အောက်ခြေအဆင့်ရှိ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ခြေရာခံဖမ်းဆီးရန် ကြိုးပမ်းမှုမှာမူ စာနာထောက်ထားကြသည့် ဒေသန္တရ အရာရှိများ၏ ခုခံတွန်းလှန်မှုကြောင့် အများအားဖြင့် အောင်မြင်မှု မရှိခဲ့ပေ။ 

 

သဘောထား တင်းမာသူများ ဖက်က တိန့် ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ အပေါ် အယူဝါဒဆိုင်ရာ သွယ်ဝိုက် တိုက်ခိုက်မှုများသည် တိန်ရှောင်ဖိန်ကိုယ်တိုင်၏ ချက်ချင်း တုံ့ပြန်တွန်းလှန်မှုကို ရင်ဆိုင်ခဲ့ရသည်။ တီယန်မင် ဖိနှိပ်ဖြိုခွဲမှုအပြီး တနှစ်ခွဲကာလအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေတရပ်လုံးကို "နိုင်ငံရေးအရ ရပ်တန့်နေမှု (political stalemate)" ဟု ခြုံငုံ သတ်မှတ် နိုင်သည်။ 

 

အာဏာရလာကြသည့် သဘောထား တင်းမာသူများသည်တိန်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးကို မှောက်လှန်ပစ်ရန်နှင့် လူ့အဖွဲ့အစည်းအပေါ် ပါတီ၏ ယိုယွင်းသွားခဲ့သော ထိန်းချုပ်မှုကို ပြန်လည်ရယူရန်အတွက် အရှိန်အဟုန်ကောင်းများ ရရှိထားခဲ့ကြသော်လည်း ၎င်းတို့ အပြည့်အဝ အောင်မြင်ခဲ့ကြခြင်း မရှိပေ။ 

 

တချိန်တည်းမှာပင် တိန်ရှောင်ဖိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသမားများအဖွဲ့မှာမူ ထိပ်ပိုင်းရှိ လစ်ဘရယ်ဝါဒီများကို ဖယ်ရှားခဲ့ခြင်းကြောင့် တည်ဆောက်ပုံအရ အားနည်းသွားခဲ့ရပြီး ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို အသက်သွင်းရန်အတွက် စွမ်းအား ကင်းမဲ့နေခဲ့သည်။ အပြင်ပန်းမှ လေ့လာသူများအတွက်မူ ၁၉၉၀ ပြည့်နှစ် တရုတ်အစိုးရသည် "သေလုမျောပါး ဖြစ်နေသည့် စနစ်တခု၏ ဂန္ထဝင် မြောက်သော လက္ခဏာများစွာကို ပြသနေခဲ့သည်"ဟု ခေါ်ဝေါ် သုံးနှုံးလာခဲ့သည်။

 

အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော တိန့် ရှောင်ဖိန် သည် တရုတ်နိုင်ငံကို ခေတ်မီအောင် တည်ဆောက်ရေးစီမံကိန်းကြီး လမ်းခုလပ် တွင် ပျက်စီးယိုယွင်းသွားသည်ကို မြင်တွေ့လိုစိတ် မရှိခဲ့ပေ။ ၁၉၉၁ ခုနှစ်တွင် သူ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို ပြန်လည်အသက်သွင်းရန် စတင်လာခဲ့သည်။

 

၁၉၉၁ ခုနှစ် ဇန်နဝါရီလတွင် ရှန်ဟိုင်းမြို့သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး "လွတ်လပ်စွာ တွေးခေါ်မြော်မြင်ကြရန်" နှင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတွင် ပိုမိုရဲဝံ့သော ခြေလှမ်းများလှမ်းကြရန် တိုက်တွန်းသည့် မိန့်ခွန်းများစွာကို ပြောကြားခဲ့သည်။

 

ရှန်ဟိုင်းခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးမကြာမီမှာပင် တိန့် ရှောင် ဖိန်သည် ဗဟိုကော်မတီ၏ အရန်အဖွဲ့ဝင်တဦးသာ ဖြစ်လင့်ကစား (ပုံမှန်အားဖြင့် ဝန်ကြီးချုပ်အဆင့်ရှိသူများသည် နိုင်ငံရေးဗျူရိုအဖွဲ့ဝင်များလည်း ဖြစ်ကြသည်)၊ လက်တွေ့ကျပြီး မဆုပ်မနစ် လုပ်တတ်သော ပါတီခေါင်းဆောင်နှင့် ရှန်ဟိုင်းမြို့တော်ဝန်လည်းဖြစ်သည့် ကျူရုံကျိ (Zhu Rongji) ကို ဒုတိယဝန်ကြီးချုပ် ရာထူးသို့ တင်မြှောက်ခဲ့သည်။ အသက် ၉၇ နှစ် အရွယ်ရှိ ကျု ရုံကျိ သည် ၂၀၂၆ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ (ပုံတွင် ရှု)

 

၁၉၉၁ ခုနှစ် ဧပြီလတွင် ကျူရုံကျိ ရာထူးတိုးမြှင့်ခံရခြင်းသည် နိုင်ငံတော်ကောင်စီအတွင်းရှိ အယူအဆ တင်းမာသူများ၏ စီးပွားရေးမူဝါဒအပေါ် ထိန်းချုပ်ကွပ်ကဲမှုများ စတင်အားနည်းလာခြင်း၏ အစပျိုးမှုပင် ဖြစ်ပေသည်။

 

တိန်ရှောင်ဖိန် အတွက် ထိုနိုင်ငံရေး လှုပ်ရှားမှုများသည် မည်မျှပင် အသုံးဝင်ခဲ့သည်ဖြစ်စေ၊ ၎င်းဘက်ကို နိုင်ငံရေးအင်အားချိန်ခွင်လျှာကို ပြတ်ပြတ်သားသား ပြောင်းလဲပေးနိုင်လောက်အောင် အထိတော့ မလုံလောက်ခဲ့ပေ။ အမှန်တကယ် အခြေအနေကို ပြောင်းလဲပေးခဲ့သည့်အရာမှာ ၁၉၉၁ ခုနှစ် နှောင်းပိုင်းတွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် တုန်လှုပ်ချောက်ချားမှု သာဖြစ်သည်။

 

ထိုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို ကြည့်မည်ဆိုလျှင်၊ ၁၉၉၂ ခုနှစ် အစပိုင်းတွင် တိန့်ရှောင်ဖိန် က မိမိ၏ သမိုင်းအမွေအနှစ်ကို ကယ်တင်ရန် နောက်ဆုံးအကြိမ် အားကုန်ကြိုးပမ်းခဲ့ရခြင်း၏ အဓိကတွန်းအားမှာ တရုတ်နိုင်ငံ၏ စီးပွားရေးအခက်အခဲများကြောင့် မဟုတ်ဘဲ၊ ဆိုဗီယက်ယူနီယံတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ယခင်နှင့် မည်သို့မျှ မတူတော့အောင် ပြောင်းလဲသွားခဲ့သော ပထဝီနိုင်ငံရေးနှင့် အယူဝါဒဆိုင်ရာ ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။

 

၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြိုကွဲတော့မည့် ဆိုဗီယက်ယူနီယံကို နောက်ဆုံးအချိန်အထိ ကယ်တင်ရန် အသည်းအသန် ကြိုးပမ်းခဲ့ကြသည့် မော်စကိုမြို့ရှိ ရှေးရိုးစွဲဝါဒီများသည် အာဏာသိမ်းရန် ကြိုးပမ်းမှု တရပ်ကို စတင်ခဲ့ကြသည်။

 

အစပိုင်းတွင် ဘီဂျင်း ရှိ တရုတ်နိုင်ငံရေးသမားများက ထိုဖြစ်ရပ်ကို အလွန်ဝမ်းမြောက်ခဲ့ကြသည်။ အချို့က တရုတ်အစိုးရအနေဖြင့် ထိုအာဏာသိမ်းမှုကို လူသိရှင်ကြား ထောက်ခံသင့်သည် ဟု ပင် အဆိုပြုခဲ့ကြသည်။ သို့သော် တိန့်ရှောင်ဖိန် က ထိုအယူအဆကို ချက်ချင်းပယ်ချခဲ့ပြီး သတိထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

 

အမှန်ဆိုရလျှင် ဆိုဗီယက်ယူနီယံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းသည် တိန့်ရှောင်ဖိန်၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ သူ၏အမြင်အရ တရုတ်ကွန်မြူနစ်ပါတီ (CCP) အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တခုတည်းသော အခြေခံအချက်မှာ စီးပွားရေးအောင်မြင်မှု ရရှိခြင်းပင် ဖြစ်သည်။

 

အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားပြီး နောက်တနေ့တွင် တိန့်ရှောင်ဖိန်က ပါတီ၏ ရှင်သန်ရပ်တည်နိုင်မှုသည် အဓိကအားဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ပြင်ပကမ္ဘာသို့ တံခါးဖွင့်ပေးရေး တို့အပေါ်သာ မူတည်နေမည်ဟု အလေးပေးပြောကြားခဲ့သည်။

 

သူသည် မကြာမီ ပြိုလဲတော့မည့် ဆိုဗီယက်ယူနီယံအခြေအနေကို အကျပ်အတည်းတခုအဖြစ် မမြင်ခဲ့ပေ။ ထိုအစား ဗဟိုကော်မတီ၏ အရေးပါသော ခေါင်းဆောင်များကို သတိပေးပြောကြားရာတွင်—

“ကမ္ဘာကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေခြင်းဟာ ကျွန်တော်တို့အတွက် အခွင့်အရေးတရပ် ဖြစ်ပါတယ်။ အကယ်၍ ဒီအခွင့်အရေးကို အသုံးချပြီး ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပိုမိုမြင့်မားတဲ့ အဆင့်တခုအထိ မြှင့်တင်ဖို့ မကြိုးစားနိုင်ဘူးဆိုရင်၊ တခြားနိုင်ငံတွေက ကျွန်တော်တို့ကို ကျော်တက်သွားကြပါလိမ့်မယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဟာ သူတို့ရဲ့နောက် အလွန်ဝေး ဝေး မှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။”