ဘဲလာရုစ် သမ္မတ လူကာရှင်ကို မှ မင်းအောင်လှိုင်အား လက်ခံ တွေ့ဆုံနေပုံ ကို တွေ့ရမည် ဖြစ်သည်။
လူကာရှင်ကို ၏ သတင်း ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ရာတွင် ၎င်းအား တယောက်ချင်း "အိမ်တွင်းပုံစံ အလွတ်သဘော အခြေအနေ" မျိုးဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် ၎င်း၏ အိမ်သို့ ဖိတ်ခေါ်ခြင်းမျိုးလည်း မဟုတ်၊ ပြည်တွင်း တွင် ဝါဒ ဖြန့်၊ ကြွားဝါ နိုင်ရန် ကြံနေသော မင်းအောင်လှိုင် အဖို့ မည်သို့မျှ သဘော တွေ့မည် မဟုတ်သည့် လုပ်ရပ်မျိုး ဖြစ်သည်။
ယခုလို တဦးချင်း သီးသန့်ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက်တွင် အလွတ်သဘော ညစာစားပွဲကို ဆက်၍ ဧည့်ခံသွားဖို့ ရှိသည်ဟု ဆိုသည်။
လူကာ ရှင်ကိုသည် ပူတင် နှင့် ကရင်မလင် သတင်းစာ ရှင်းလင်းပွဲ တွင် အောက်ကလူများ ရေးပေးထားသော စာ အရှည်ကြီးကို ကလေးငယ်တဦး သတင်းစာ ပါ ဆောင်းပါးတပုဒ်ကို ဆယ်မိနစ်ခံ ကြာအောင် အသံထွက် ဖတ်နေသည်ကို ပူတင်သည် ပျင်းရိ့လာ၍ လက်ထဲက ဘောပင်ကို ကစားနေရသည့် အဖြစ်ကိုလည်း သိရှိခဲ့၍ စာရွက်မပါကြေး နှစ်ယောက်ထဲ ခေါ်ယူ မေးမြန်းခြင်း ဖြစ်ပေမည်။
မင်းအောင်လှိုင်က ဘာ တွေ ခခယယ တောင်းဆိုခဲ့သည်ကို မသိရသော်လည်း လူကာရှင်ကို က "ကျွန်တော်တို့ဟာ မကြာသေးမီက ခင်ဗျားတို့နဲ့ အလွန်အမင်း အရှိန်အဟုန်မြှင့်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ သဘောတူညီထားသမျှ အရာအားလုံးကို ဘီလာရုစ်ဘက်က အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ အာမခံချင်ပါတယ်"
"ကျွန်တော်တို့ဟာ ခင်ဗျားတို့ဆီက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တံခါးအားလုံးကို ဖွင့်လှစ်ပေးထားတာမို့လို့ ကျေးဇူးပြုပြီး လေ့လာကြည့်ရှုပါ။ စိုက်ပျိုးရေးကနေစလို့ စစ်ဘက်-စက်မှုကုန်ထုတ်လုပ်ငန်း (စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး) အထိ ခင်ဗျားတို့ ဘာတွေ စိတ်ဝင်စားလဲ၊ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်မလဲ၊ ခင်ဗျားတို့အတွက် ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ပေးသွားမှာပါ" ဟု ဆိုသည်။
မင်းအောင်လှိုင်ကတော့ ၎င်း ရင်ဆိုင် နေရသောပြည်တွင်းစစ်ကြီးတွင် အသုံးပြုရန် စစ်လက်နက်ပစ္စည်းများ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် စစ်ဘက်နည်းပညာများ ကို စဉ်ဆက်မပြတ် ရရှိရန် မျှော်လင့်ထားသည်။ ၎င်း၏ တပ်ဖွဲ့များအတွက် စစ်ဘက်ဆိုင်ရာ သင်တန်းများ ပေးအပ်မည့် အကူအညီများ တောင်းခံနိုင်သည်။
ဒုတိယ ဦးစားပေး အဖြစ် ဘီလာရုစ်နိုင်ငံထုတ် အရည်အသွေးမြင့် လယ်ထွန်စက်များနှင့် စိုက်ပျိုးရေးသုံး စက်ကိရိယာများ၊ မော်တော်ယာဉ်ထုတ်လုပ်မှု နည်းပညာများကို ရယူရန်ဖြစ်သည်။
ဘဲလာရုစ် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်း ပေးဖို့လည်း လိုလားနေသည်။
နှစ်နိုင်ငံလုံးသည် အနောက်အုပ်စု၏ ပိတ်ဆို့မှုကို ခံထားရသည့် မသူတော် အချင်းချင်း တဖက်နှင့်တဖက် ပိုမိုတွန်းတွန်းတိုက်တိုက် ပူးပေါင်းလာကြခြင်း ထက် မပိုပေ။
ရုရှားနှင့် ဘီလာရုစ်မှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များသည် ပြည်တွင်းစစ်၊ လျပ်စစ်ဓါတ် မလုံလောက်ခြင်း၊ ကုန်ကြမ်းများ ပြတ်လတ် နိုင်ခြင်း၊ နောက်ဆုံး မင်းအောင်လှိုင် နှင့် အဖွဲ့ ပြုတ်ကျသွားပါက ၎င်းတို့၏ အရင်းအနှီးများ ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် အမှန်တကယ် လာရောက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြသည်။
ထို့အတွက် "အစိုးရ ချင်း ချိတ်ဆက်မှု (G2G)" အဆင့်ရှိ စစ်ရေး၊ ကာကွယ်ရေးနှင့် နျူကလီးယားစွမ်းအင် ကဏ္ဍများတွင်သာ အဓိက အကောင်အထည်ပေါ်လာနိုင်ပြီး၊ မြန်မာ့စီးပွားရေးကို အမှန်တကယ် အထောက်အကူပြုမည့် အရပ်ဘက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကြီးများ ဝင်ရောက်လာရန် အလားအလာ အလွန်နည်းပါးလျက် ရှိနေသည်။
လိုချင်သည်များ ရဖို့က တိုင်းပြည် စီးပွားရေး ကောင်းမှသာ ဖြစ်နိုင်မည်ဆိုသည်က မည်သူမဆို သိနိုင်သည့်အရာ ဖြစ်သည်။ သို့သော် ၎င်းတို့ အဖို့က ထိုသို့ လုပ်နိုင်သည့် အစွမ်းအစ လည်း မရှိရှာ၍ မြန်မာ တိုင်းရင်းသားများပိုင် သယံဇာတများ၊ ထုတ်နှုတ်ယူလို့ရသည့် အရင်းအမြစ်များ၊ ရေနက် ဆိပ်ကမ်းများကို ထင်သလို ခြယ်လှယ် ထုတ်ယူခွင့် ပေးယုံ နှင့် အားမရ၊ နောက်ဆုံး တိုင်းပြည်၏ အသက် သွေး ကြော ဖြစ်သော ဧရာဝတီ မြစ်ကြီးကိုပါ ထိုးအပ်လာရသည် မဟုတ်ပါလား။
ယခုပင်လျင် တိုင်ဝမ် အစိုးရက လက်နက်များ ဝယ်ယူနိုင်ရန် ဘတ်ဂျက်၏ ၁၈ ရာနှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံကို လျာထားပေးလိုက်ပြီ ဖြစ်သည်။ စစ်အုပ်စု အဖို့ အိမ်မက်ပင် ထည့်မမက်နိုင်သော ပမာဏ ပင် ဖြစ်သည်။
မင်းအောင်လှိုင် နှင့် အဖွဲ့က ရုရှား၊ တရုတ်ကဲ့သို့ အင်အားကြီး နိုင်ငံများက မည်မျှပင် ထောက်ပံ့နေစေကာမူ ငါးနှစ်ကြာလာသည့် တိုင် ဆုံးရှုံးသွားသော နယ်မြေ အချို့ ပြန်ရခဲ့သည်မှ လွဲ၍ ယခုတိုင် ရုန်းကန်နေရဆဲ ဖြစ်သည်၊ လူထု တရပ်လုံးကလည်း ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဘာတခု မှ ဖြစ်မလာ၍ ဘယ်အချိန် ပြုတ်ကျသွားမလဲ ဆိုသည်ကိုသာ စောင့်မျှော်နေကြသည်။
စစ်အုပ်စုသည် လူထု အကျိုးရှိရာ ရှိကြောင်းများ လုပ်ပေး၍ ရသော်လည်း ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး ကို အမြဲတမ်း ဦးစားပေး စဉ်းစားခဲ့သော ကြောင့် ဖြစ်သည်။
ဥပမာ ဆိုရက လက်နက် ဝယ်ယူရန် နိုင်ငံခြားငွေ လိုအပ်နေ၍ ပြည်ပ မှ ခေါက်ဆွဲခြောက်ထုတ်ပင် တင်သွင်းခွင့် မရအောင် ပိတ်ဆို့ထားသည်။
ထိုသို့သော အဖွဲ့မျိူးက အဘယ်သို့များ လူထု ထောက်ခံမှု အစစ်အမှန် ရနိုင်ပေမည်နည်း။ စစ်ပွဲတခုကို အဆုံးအဖြတ် ပေးမည်က "လူထုထောက်ခံမှု" ထက် လက်နက် အင်အားကသာ ပို၍ အဆုံးအဖြတ်ပေးမည် ဟု မိုက်လုံးကြီးစွာ တွေးထင် နေကြဆဲ ဖြစ်သည်။ မြန်မာပြည်သူ အများစုသည် စစ်အုပ်စုကို လုံးဝလက်မခံဘဲ နည်းလမ်းမျိုးစုံ (လက်နက်ကိုင်တော်လှန်ရေး၊ သပိတ်မှောက်ခြင်း၊ စီးပွားရေးအရ ဖြတ်တောက်ခြင်း) ဖြင့် တော်လှန်နေကြသဖြင့် ယခုထက်တိုင် တိုင်းပြည်ကို ထိရောက်စွာ မအုပ်ချုပ်နိုင်ဘဲ ဖြစ်နေသည်။
စစ်ရေး ဖက်တွင်လည်း ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး အစရှိသည့် တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအားလုံးကို တပြိုင်နက်တည်း ရင်ဆိုင်နေရသည်။ မည်မျှပင် လက်နက်ကောင်းပါစေ၊ လူအင်အား ပြုန်းတီးမှုနှင့် စစ်ပန်းမှုဒဏ်ကို မခံနိုင်တော့ဘဲ နယ်မြေများ လက်လွှတ်ခဲ့ရသည်။
ရုရှား နှင့် တရုတ်သည် စစ်အုပ်စု ကို ချစ်ခင်လွန်းလှ၍ ကူညီနေခြင်းမဟုတ်ဘဲ ၎င်းတို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွား (ဥပမာ- တရုတ်၏ ရေနံလိုင်းများနှင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ ရုရှား၏ လက်နက်ဈေးကွက်) အတွက်သာ ကူညီခြင်းဖြစ်သည်။ တရုတ်သည် မိမိအကျိုးစီးပွား ထိခိုက်လာလျှင် (ဥပမာ- ကျားဖြန့် အွန်လိုင်းလိမ်လည်မှု ကိစ္စများ) တော်လှန်ရေးအင်အားစုများနှင့်လည်း သီးသန့်ဆက်ဆံရေး တည်ဆောက်တတ်သဖြင့် စစ်အုပ်စု သည် မဟာမိတ် ဆိုသူများအပေါ် ရာနှုန်းပြည့် အားကိုး၍ မရနိုင်။
သမိုင်းတလျှောက် စစ်အုပ်စု၏ မဟာဗျူဟာသည် "တိုင်းပြည်ပျက်ချင်ပျက်၊ စစ်တပ်အာဏာရှိနေရင် ရပြီ" ဟူသော ဝါဒဖြစ်သည်။ တိုင်းပြည် စီးပွားရေး ပြိုလဲနေသော်လည်း ၎င်းတို့၏ အာဏာတည်မြဲရေးအတွက်သာ အရင်းအမြစ်အားလုံးကို ပုံအော သုံးစွဲနေကြသည်။
ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘတ်ဂျက်များကို ဖြတ်တောက်ပြီး နိုင်ငံတော်ဘတ်ဂျက် အများစုကို စစ်စရိတ်နှင့် လက်နက်ဝယ်ယူရေးအတွက်သာ သုံးစွဲနေသည်။
စစ်မှုထမ်းဥပဒေဖြင့် လူထုကို ဓားစာခံလုပ် အဓမ္မဖမ်းဆီးကာ စစ်မြေပြင်သို့ ပို့ဆောင်ခြင်းသည် လူထု၏ လူမှုစီးပွားဘဝနှင့် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား ကို လုံးဝဖျက်ဆီးပစ်ရာ ရောက်သော်လည်း ၎င်းတို့ တပ်အင်အား မပြုန်းတီးရေးအတွက် သိသိကြီး နှင့် ဇွတ်မှိတ် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ပြည်သူလူထုတရပ်လုံးက ၎င်းတို့၏ လက်အောက်တွင် ရှိ နေသမျှ မည်သည့် အနာဂတ်မျှ မရှိတော့သည်ကို ကောင်းစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှ သံတမန်ရေးရာ လှုပ်ရှားမှုများ (ရုရှား၊ ဘီလာရုစ် ခရီးစဉ်များ) သည် လူထုအတွက် မဟုတ်ဘဲ စစ်အုပ်စု အသက်ဆက်ရန် စစ်လက်နက်နှင့် ငွေကြေး ရှာဖွေခြင်းသာ ဖြစ်သည်။
လူထုသည် နေ့စဉ်နှင့်အမျှ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းမျိုးစုံကို အလူးအလဲ ခံစားနေရသော်လည်း စစ်အုပ်စု၏ အာဏာ မည်သည့်အချိန်တွင် ပြုတ်ကျသွားမလဲဆိုသည့် "မျှော်လင့်ချက်" နှင့် "တွန်းလှန်လိုစိတ်" ကြောင့်သာ ဆက်လက် ရုန်းကန် ရှင်သန်နေကြခြင်း ဖြစ်သည်။
အယ်ဘတ် ကမူးက သူ၏ အက်ဆေး တပုဒ် တွင် ထိုကဲ့သို့ ဖြစ်ပျက် နေသည်ကို မောပန်းနွမ်းနယ် အားအင် ညှစ်ထုတ်နေရသည့် သတ္တဝါကြီးတကောင် ၏ နောက်ကနေ မျှော်လင့်ချက် မဲ့စွာ အချိန်အကြာကြီး မျောပါလိုက်လာနေရခြင်း မျိုးပင် ဖြစ်သည်ဟု ရေးသားခဲ့ဖူးပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!