“အ မေ အခု ပြောမယ့်အကြောင်းကို သား ဘယ်သူ့ကိုမှ မပြောရဘူးနော်။ မင်းအဖေက …” က ဆိုကာ အမေက သူ့နာမည်ကို ပြောလိုက်သည်။
ကျွန် တော့် မျက်လုံးထဲ ရှုပ်ထွေးလာသည့် အရိပ်အယောင်ကို မြင်တော့ အမေက ဆက်ပြောသည်။
“အ မေ သူ့အိမ်မှာ အလုပ်လုပ်ပေး နေတုန်းက အရမ်းငယ်သေးတယ်။ သူက အမေ့ အပေါ် အမြဲတမ်း ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ် လေ။ အဲဒီအတွက် အမေလည်း သူ့ကို ကျေးဇူးတင်ခဲ့တယ်။
မိဘတွေက အမေ့ကို ကျောင်းပို့ဖို့ ငွေမတတ်နိုင်ကြတော့ သူက သူ့ဘာသာစကားနဲ့ စာဖတ်နည်း၊ ရေတွက်နည်း တွေကို သင်ပေးခဲ့တယ်။
ညနေတွေဆို အမေတို့နှစ်ယောက် အတူတူ အချိန်အများကြီး ကုန်ဆုံးခဲ့ကြတယ်။ သူက ပြင်သစ်နိုင်ငံအကြောင်း၊ သူငယ်စဉ်က အကြောင်းတွေလည်း ပုံပြင်တွေလို ပြောပြတတ်တယ်။
သူ အရမ်းအထီးကျန်နေတယ်ဆိုတာ အမေ သိလာတယ်။ အမေ တို့ရွာမှာ သူ့လိုလူက တယောက်တည်း ဖြစ် နေတာကိုး။ အမေလည်း အမေတို့ လူမျိုး တွေ ကြားထဲ တယောက်တည်း ဖြစ်နေသလိုပဲလို့ ခံစားရတယ်။
သူက အမေ့ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကို သင်ပေးခဲ့တယ်။ ဒါနဲ့ အမေလည်း သမ္မာကျမ်းစာကို လေ့လာပြီး ပညတ်တော်ဆယ်ပါး ကို အလွတ်ကျက်ရင်း စာဖတ်တတ်၊ ရေတွက်တတ်လာခဲ့တယ်။
သူ့စားပွဲမှာ မှန် အိမ်အလင်း ရောင်နဲ့ အမေတို့နှစ်ယောက် ဘေးချင်းကပ်ထိုင်ပြီး စာဖတ်ကြတယ်။
အဲ့ဒီလို နဲ့ တညမှာတော့ …”
အဲဒီအချိန်မှာ ကျွန်တော်က အမေ့ ရင်ခွင်ထဲက ရုန်းထွက်ပြီး နားတွေကို လက်နဲ့ပိတ်ထားလိုက်သည်။ မကြားချင် သော်လည်း အမေကတော့ ဆက်ပြောနေတုန်းပင်။
မမြင်ချင်လို့ မျက်လုံးတွေကို ပိတ်ထားပေမယ့် ပုံရိပ်တွေက ကျွန်တော့် မျက်စိရှေ့မှာ ဆက်ပြီး လွင့်မျောပေါ်လာနေသည်။
အမေက ဆက်ပြောသည်—
“ဒါပေမယ့် သားရယ်၊ မင်းဟာ သဘာဝကို ဆန့်ကျင်တဲ့သူ၊ အပြစ်ရှိတဲ့သူ မဟုတ်ဘူး။ မင်းကို ဘုရားသခင်ကိုယ်တိုင် အမေ့ဆီ ပို့ ဆောင် ပေးလိုက်တာပါ။
မင်းအဖေနဲ့ အမေ့ကြားမှာ ဖြစ်ခဲ့တဲ့အရာကို ဘုရားသခင်က ခွင့်ပြုခဲ့တာကိုက သူ့ရဲ့ ကြီးမြတ်တဲ့ အစီအစဉ်ထဲမှာ သားအတွက် အခန်းကဏ္ဍ တခုခု ရှိလို့ပဲ ဖြစ်ရမယ်။ အမေက အဲဒီလို ယုံကြည်တယ်။ သားလည်း အဲဒီလို ယုံကြည်ထားရမယ်။
သား မှာ သားရဲ့ ကံကြမ္မာရှိတယ်။
ယေရှုက မာရိမဂ္ဂဒလင်ရဲ့ ခြေထောက်တွေကို ဆေးပေးခဲ့တာ၊ နူနာသည်တွေကို သူ့အနားမှာ လက်ခံထားခဲ့တာ၊ ဖာရိရှဲတွေနဲ့ အာဏာရှိသူတွေကို မကြောက်ဘဲ ဆန့်ကျင်ရပ်တည်ခဲ့တာတွေကို မှတ်ထားပါ။
နူးညံ့သိမ်မွေ့သူတွေကပဲ ကမ္ဘာကြီးကို အမွေဆက်ခံကြလိမ့်မယ်၊ သားရယ်။ မင်းဟာလည်း အဲဒီ ‘နူးညံ့သိမ်မွေ့သူ’ တွေထဲက တယောက်ပဲ။”
အရက်သမား ဗိုလ်မှူး၏ ကလေးတွေကို မတ်တတ်ရပ် ကြည့်နေသည့် ကျွန်တော့်ကို အမေသာ မြင်ရင် ကော နူးညံ့သိမ်မွေ့သူတယောက်လို့ ထင်နေဦးမလား။
အခု အိပ်ပျော်နေကြသည့် ဒီကလေးတွေကရော— သူတို့၏ ရင်ထဲမှာ ရှိနှင့်နေပြီဖြစ်သည့် အပြစ်ရှိမှု တွေ၊ နောက်ပိုင်းမှာ သူတို့ ကျူးလွန်ဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသား အပြစ်တွေ၊ ရာဇဝတ်မှုတွေကို သူတို့ ဘယ်လောက်ကြာကြာ မသိမမြင်ဘဲ အိပ်ပျော်နေနိုင်ကြမလဲ။
သူတို့နှစ်ယောက်ဟာ မိခင်ရဲ့ နို့ကို စို့ဖို့ အချင်းချင်း တိုးဝှေ့လုယက်နေကြရင်း၊ သူတို့ရဲ့ သေးငယ်တဲ့နှလုံးသားထဲမှာ တယောက်က တယောက်ကို ပျောက်ကွယ်သွားစေချင်တဲ့ ဆန္ဒမျိုး—ခဏတာပဲဖြစ်ဖြစ်—ရှိခဲ့ပြီးသား မဖြစ်နိုင်ဘူးလား။
ဒါပေမဲ့ မုဆိုးမ မိခင်ကတော့ ကျွန်တော့်ဘေးမှာ ရပ်ပြီး သူမရဲ့ ဝမ်းဗိုက်ထဲက မွေးဖွားလာတဲ့ အံ့ဖွယ်ကလေးနှစ်ယောက်ကို ငုံ့ကြည့်ရင်း၊ ဒီမေးခွန်းတွေရဲ့ အဖြေကို စောင့်နေခဲ့တာ မဟုတ်ပါဘူး။ သူမ စောင့်နေတာက ကျွန်တော့်ဆီက အဓိပ္ပာယ်မရှိသည့် ချီးကျူးစကားများ ပြောလာမည်ကိုသာ ဖြစ်သည်။ မလိုအပ်ဘဲနဲ့လည်း အဲဒီလို မဖြစ်မနေ ပေးရတဲ့ “နှစ်ခြင်းမင်္ဂလာ” ကို ကျွန်တော် လုပ်ပေးခဲ့ရသည်။ အဲဒီအတွက် သူမက အလွန်ဝမ်းသာသွားပြီး ကျွန်တော့်ကို ညစာချက်ကျွေးပါရ စေ လို့ အတင်းအကျပ် တောင်းဆိုလာခဲ့သည်။
အေးခဲ နေတဲ့ အစားအစာတွေကိုပဲ အမြဲတမ်းလိုလို စားနေရသည့် ကျွန်တော့်အတွက်တော့ သိပ်ပြီး တွန်းအားပေးဖို့ မလိုခဲ့။ မကြာခင်မှာပဲ သေသွားတဲ့ ဗိုလ်မှူးက သူမ၏ ချစ်ခြင်းမေတ္တာအောက်မှာ ဘာကြောင့် ဒီလောက်တောင် ဝဖြိုးလာခဲ့သလဲ ဆိုသည့် အဖြေသည် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူမချက်သည့် အမဲသားကြော် က ပြိုင်ဘက်ကင်းလောက်အောင် ကောင်းလှ ပေသည်။ ကန်စွန်းရွက်ကြော် ကလည်း ကျွန်တော့်အမေ လက်ရာကို ပြန်သတိရစေခဲ့သည်။ ဆောင်းဖရဲသီးဟင်းချို ကတော့ အပြစ်ရှိသလို ခံစားနေရသည့် ကျွန်တော့် ၏ စိတ်လှုပ်ရှားတုန်လှုပ်မှု များကိုပင် ငြိမ်သက်သွားစေခဲ့သည်။
သူမချက်သည့် ထမင်းဖြူပင် ကျွန်တော် ပုံမှန်စားနေကျထက် ပိုပြီး ဖွဖွလေးနှင့် နူးညံ့ နေသည်။ နှစ်ပေါင်းများစွာ ပလတ်စတစ်အမျှင်နှင့် လုပ်ထားသည့် အိပ်ယာ နှင့် နှစ်ပါးသွားခဲ့ရသူ တယောက်အတွက် ငန်းမွေးနှင့် လုပ်ထားသည့် အိပ်ရာ ပေါ် အိပ်နေသလို ခံစားမိသည်။
“စား! စား! စား!” လို့ သူမက ပြောနေသည်။
သူမ ၏ အသံ ကြောင့်“စားလေ၊ စားလေ” လို့ ကျွန်တော့်ကို တိုက်တွန်းခဲ့သည့် အ မေ့ အသံကို ပြန် မကြားဘဲ မနေနိုင်ခဲ။ ဒါကြောင့် လည်း ကျွန်တော် ဗိုက်တင်းသွားသည်အထိ စားပစ် လိုက်သည်။ ဒါတောင် သူမက မ ကျေ နပ် သေးပဲရုံးပတီသီး တပန်းကန် ကျန်သေးတယ်လို့ ပြောပြီး စားခိုင်းနေသေးသည်။
အပြန်တွင်တော့ ကျွန်တော် အနီးအနားက အရက်ဆိုင်တဆိုင်ဆီ လှည့်ဝင်ခဲ့သည်။ ထိုဆိုင်သည် ရွှေ့ပြောင်းအခြေချသူများ စုဝေးနေကြသည့် နေရာငယ်လေးတခုလို ဖြစ် နေပြီး၊ ကျွန်တော် ဘယ်လိုမှ အတုယူလို့မရနိုင်လောက်အောင် ခမ်းနားလှသည့် နှုတ်ခမ်းမွေးကောက်ကောက်ကြီးနှင့် မျက်နှာထားတည်တည်နေတတ်သည့် ဆစ်ခ်လူမျိုးတယောက်က ဖွင့်ထားခြင်း ဖြစ်သည်။
ကျွန်တော် Playboy မဂ္ဂဇင်းတစ်အုပ်၊ Marlboro စီးကရက်တ တောင့် နှင့် အလွန်လှပပြီး ဖန်သားပုလင်းထဲက အရက်ရည်ကိုတောင် မြင်နေရသည့် Stolichnaya ဗော့ဒ်ကာတပုလင်း ဝယ်ခဲ့သည်။ ဗော့ဒ်ကာနာမည်က လီနင်၊ စတာလင်နှင့် ကာလာရှ်နီကော့ဗ်တို့ကို ပြန်သတိရစေ သည့်အတွက်၊ အရင်းရှင်ဆန်သည့် မိမိ၏ စိတ်အလိုလိုက်သုံးစွဲမှုတွေကို ပြေရာ ပြေကြောင်း ဖြစ်နိုင်သည်ဟု ခံစားရစေသည်။
ဆိုဗီယက်ယူနီယံက ပြည်ပကို တင်ပို့ရောင်းချလို့ သင့်တော်သည့် ပစ္စည်း သုံးမျိုးပဲ ထုတ်လုပ်ခဲ့သည် —နိုင်ငံရေးပြည်ပြေးတွေကို မထည့်တွက်ဘူးဆိုရင်ပေါ့။ အဲဒီသုံးမျိုးက ဗော့ဒ်ကာ၊ လက်နက်နဲ့ ဝတ္ထုစာအုပ်များ ဖြစ်သည်။
လက်နက်တွေကိုတော့ ကျွန်တော်က အလုပ်အရ အထူးလေးစားသည်။ ဗော့ဒ်ကာနဲ့ ဝတ္ထုတွေကိုတော့ ကျွန်တော် တကယ်ကို ချစ်သည်။
၁၉ ရာစု ရုရှားဝတ္ထုတအုပ်နှင့် ဗော့ဒ်ကာတခွက်သည် တခု နှင့် တခု အလွန်လိုက်ဖက်လှသည်။ ဗော့ဒ်ကာကို တငုံစီ သောက်ရင်း ဝတ္ထုဖတ်သည်က အရက်သောက်တာကို အဓိပ္ပာယ်ရှိသည့် အလုပ်တခုလို ဖြစ်သွားစေသည်။ တဖက်မှာလည်း အရက်က ဝတ္ထုကို တကယ်ရှိတာထက် အများကြီး ပိုတိုသလို ခံစားရစေသည်။
အဲဒီလို ဝတ္ထုမျိုးတအုပ် ဝယ်ဖို့ ကျွန်တော် ဆိုင်ထဲ ပြန်ဝင်သွားချင်ခဲ့ပေမယ့်၊ အဲဒီဆိုင်မှာ The Brothers Karamazov လို စာအုပ်မျိုး မရှိဘဲ Sgt. Rock ကာတွန်းစာအုပ်တွေပဲ ရှိသည်။
ကျွန်တော် ကားရပ်ထားသည့် နေရာ ပြန် ရောက်တော့ ခဏ လောက် ရပ်ပြီး စဉ်းစားလိုက်ပြန်သည်၊ အဖိုးတန်ပစ္စည်းတွေ ထည့်ထားသည့် စက္ကူအိတ်ကို လက်နှစ်ဖက်နဲ့ ကာကွယ်သလို ဖက်ထားရင်း အကြွေစေ့ထည့်သုံးရသည့် အများသုံးဖုန်း တလုံးကို တွေ့လိုက်သည်။
ဆိုဖီယာ မိုရီကို ဖုန်းဆက်ချင်စိတ်က ကျွန်တော့်စိတ်ထဲ တရိပ်ရိပ်နှင့် ပေါ်လာသည်။ အကြောင်းပြချက်တခုခုကြောင့် မသိမသာ ရှောင်နေခဲ့ခြင်း ဖြစ်သည်။ သူမက ကျွန်တော့်ကို စောင့်မျှော်နေသည့် အဖြစ် ရောက်အောင်တမင်တကာ ခပ်ခွာခွာနေပြနေသလို ဖြစ်နေခဲ့သည်။
သူမကို ဖုန်းဆက်ဖို့ အကြွေစိ တစိတောင် ဖြုန်းမနေတော့ဘဲ၊ ကျွန်တော် ကားထဲ ခုန်ဝင်ပြီး လော့စ်အိန်ဂျလိစ်မြို့ကြီး၏ ကျယ်ပြောလှတဲ့ နေရာအနှံ့ကို ဖြတ်မောင်းလာခဲ့သည်။
အရက်မူးသမား ဗိုလ်မှူး၏ မုဆိုးမကို သွေးနဲ့ ပေးဆပ်ရမည့် အကြွေးကို ပေးဆပ်ပြီးသွားခဲ့ပြီ ဆိုသည့် ခံစားချက်ကြောင့် စိတ်ထဲမှာ နည်းနည်း ငြိမ်သက်လာသည်။ နေ့လယ်စာစားပြီး အချိန်ပိုင်းမို့ ယာဉ်အသွားအလာ သိပ်မများလှသည့် အမြန်လမ်းမကြီးပေါ် ကားကို အရှိန်မြှင့်မောင်းလာရင်း၊ ဗိုလ်မှူး ၏ ဝိညာဉ် က ကျွန်တော့်နား ကပ်ပြီး တခစ်ခစ် ရယ်မောနေသလို ခံစားလိုက်ရသည်။
မစ္စ မိုရီ၏ တိုက်ခန်းရှိရာ လမ်းမကြီးပေါ်ရှိ လူတွေ၊ ကားတွေ စည်ကားနေသည့် နေရာကနေ ခပ်လှမ်းလှမ်းတွင် ကျွန်တော့်ကားကို ထိုး ရပ်လိုက်သည်။ ပြီးတော့ အဖိုးတန်ပစ္စည်းတွေ ထည့်ထားသည့် စက္ကူအိတ်ကို တပါတည်း ယူလာခဲ့သည်။
Playboy မဂ္ဂဇင်းကိုတော့ ကားနောက်ခုံပေါ်မှာပဲ ထားခဲ့သည်—အရက်မူးသမား ဗိုလ်မှူး သရဲအတွက်ပေါ့။ မဂ္ဂဇင်းကို Miss June ၏ အလယ်စာမျက်နှာပုံမှာ ဖွင့်ထား ပေးသည်။ အဲဒီပုံထဲမှာ သူမက မြက်ခြောက်ပုံပေါ်မှာ ဆွဲဆောင်မှုရှိရှိ လှဲလျောင်းနေပြီး ကောင်းဘွိုင်ဖိနပ်နှင့် လည်ပင်း တွင် ပတ်ထားသည့် ပဝါတခုကလွဲရင် ကိုယ်ပေါ်တွင် ဘာအဝတ်အစားမှ မရှိ။
မစ္စ မိုရီတို့ နေသည့် ရပ်ကွက်က အရောင်ဖျော့ဖျော့ အိမ်တွေမှာ မြက်ခင်းပြင်လေးများက ခေါင်းပေါ်မှာ ဖျော့တော့တော့ ဆံပင်တုတပ်ထားသလို ရှိပြီး၊ မီးခိုးရောင် တိုက်ခန်းအဆောက်အအုံတွေသည်လည်း စစ်တန်းလျားများလို အဖွဲ့အစည်းဆန်သည့် ရိုးရိုးရှင်းရှင်း အလှမျိုးနှင့် ရှိနေသည်။
သူမရဲ့ တိုက်ခန်းထဲမှာ မီး ထွန်းထားသည်ကို တွေ့ရပြီး အနီရောင် ကန့်လန့်ကာများကို ပိတ်ထားသည်။
သူမ တံခါးဖွင့်လိုက်သည့်အခါ ကျွန်တော် ပထမဆုံး သတိထားမိသည်က သူမ၏ ဆံပင်ပဲ ဖြစ်သည်။ အရင်ကထက် ရှည်လာပြီး ပခုံးအထိ ရောက်နေသည်။ ဆံပင်ကောက်ထားတာလည်း မဟုတ်တော့ ဖြောင့်စင်း နေသည်။ အဲဒါကြောင့် လား မသိ ကျွန်တော် မှတ်မိထားတာထက် သူမသည် ပိုနုပျိုသွားသလို ထင်ရသည်။ အနက်ရောင် တီရှပ်နဲ့ အပြာရောင်ဂျင်းဘောင်းဘီကို ရိုးရိုးရှင်းရှင်း ဝတ်ထား၍လည်း နုပျို သည် ကို ပိုပြီး ထင်ရှားစေသည်။
“မင်းကိုး!” လို့ သူမက အော်ပြောပြီး ကျွန်တော့်ဆီ လက်ကို ဆန့်ပေးလာသည်။
ကျွန်တော်တို့ ဖက်လိုက်ကြသည့်အခါ အရင်က အရာအားလုံး ပြန်ပြီး သတိရလာခဲ့သည်။ သူမသည် ရေမွှေးအစား ကလေးပေါင်ဒါ သုံးတတ်တာ၊ သူမ၏ ကိုယ်က အမြဲလို အတော်လေး နွေးနွေးထွေးထွေးရှိတာ၊ နူးညံ့ပြီး ပြည့်ပြည့်ဖောင်းဖောင်း ရှိတဲ့ သူမရဲ့ ရင်သားတွေ ကို ထူထူထဲထဲ ခံပတ်ထားသည့် ဘရာဇီယာထဲမှာ ထည့်ထားတတ်တာ—ဒီညတော့ အဲဒီလို ချုပ်တည်းထားမှုမျိုး မရှိ။
“ဘာလို့ ဖုန်းမဆက်တာလဲ။ ဝင်ခဲ့လေ။”
ကျွန်တော့်နှင့် ရင်းနှီးပြီးသားဖြစ်သည့် ရိုးရိုးရှင်းရှင်း အလှဆင်ထား သော သူမ၏ တိုက်ခန်းထဲ ဆွဲခေါ်သွားသည်။ တိုက်ခန်းကို သူမလေးစားအားကျသည့် ချေးဂွေဗားရာ နှင့် ဟိုချီမင်း တို့လို တော်လှန်ရေးသမား များလို ကိုယ့်ကိုယ်ကို ချုပ်တည်းနေထိုင် တတ်သည့် စိတ်ဓာတ်နဲ့အညီ မရှိမဖြစ်သည့် ပရိဘောဂများပဲ ထားသည်။ ထိုကဲ့သို့ လူများသည် ခရီးသွားရင် ပစ္စည်းအနည်းငယ်နှင့်သာ သွားလာတတ်ကြသူများ ဖြစ်သည်။
သူမပိုင်သည့် ပရိဘောဂတွေထဲမှာ အကြီးဆုံးက ဧည့်ခန်းထဲက ခေါက်သိမ်းလို့ရတဲ့ ဖူတန်မွေ့ရာ တခုဖြစ်ပြီး၊ အဲဒီပေါ်မှာ သူမရဲ့ ကြောင်နက်လေးက အမြဲလို ထိုင်နေတတ်သည်။
အဲဒီကြောင်က ကျွန်တော့် နားကို မကပ်။ ဤသည်က ကြောက်လို့လည်း မဟုတ်၊ လေးစားလို့လည်း မဟုတ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စ မိုရီနဲ့ ကျွန်တော် ချစ်ကြည်နူးနေကြသည့် အခါတိုင်း ကြောင်က အိပ်ရာဘေးစားပွဲပေါ် တက်ထိုင်ပြီး သူ့၏ အစိမ်းရောင်မျက်လုံးများ နှင့် ကျွန်တော့်၏ စွမ်းဆောင်မှုကို အထင်အမြင်သေးသလို စောင့်ကြည့်တတ် သည်။ တခါတလေ ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လက်သည်းတွေကြားကို လျှာနဲ့ လျက်နေတတ်သေးသည်။
အဲဒီကြောင်က အခုလည်း ရှိနေသည်။ ဒါပေမဲ့ ဖူတန်ပေါ်မှာတော့ တိုက်ရိုက် လှဲမနေဘူး။ သူက ဆန်နီ ၏ ပေါင်ပေါ်မှာ လှဲနေသည်။ ဆန်နီက ဖူတန်ပေါ်မှာ ခြေထောက်တွေကို ကိုယ့်အောက်မှာ ကွေးချိတ်၍ ထိုင်နေပြီး ခြေဗလာနှင့် ဖြစ်သည်။
သူက အားနာသလို ပြုံးပြသည်။ တချိန်တည်းမှာပဲ ဒီနေရာဟာ သူ့နေရာဖြစ်သလို ပိုင်ဆိုင်သူတယောက်၏ ဟန်ပန်ကိုလည်း ထင်ရှားစွာ ပြနေသည်။ ကြောင်ကို သူ့ပေါင်ပေါ်ကနေ မောင်းချပြီး မတ်တပ်ရပ်လာသည်။
“မိတ်ဆွေဟောင်းကြီးကိုး၊ ပြန်တွေ့ရတာ ဝမ်းသာတယ်” လို့ ပြောရင်း လက်ကို ဆန့်ပေးတယ်။ “ဆိုဖီယာနဲ့ ကျွန်တော် ခင်ဗျား အကြောင်း မကြာခဏ ပြောဖြစ်ကြတယ်။”
****************