ရုရှား သမ္မတ ရုံး မှ ကြေညာချက် ထုတ်ပြန်ရာတွင် ဗလာဒီမာ ပူတင် နှင့် မင်းအောင်လှိုင်တို့ ကရင်မလင် နန်း တော်တွင် ဩဂုတ်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြရန် ရှိပြီး နှစ်ဖက် သ ဘောတူညီ ချက် အမြောက်အမြားကို လက်မှတ် ရေးထိုးကြမည်ဟု ပါရှိသည်။
လက်ရှိ အချိန်အထိ မင်းအောင်လှိုင်က အသိအမှတ် ပြုခံရဖို့ သံတမန်ရေး ထိုးစစ်ကို မနားတမ်း ဆင်နွှဲနေသည် ဆိုသော်လည်း ၎င်းသွားခဲ့သည့် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံ များသည် ၎င်း ရွေးကောက်ပွဲ မလုပ်ပဲ နေလည်း ပတ်သက်ရာ ပတ်သက်ကြောင်း အကျိုးစီးပွား များ ရှိနေ၍ ဖိတ်ခေါ်ကြမည့် နိုင်ငံများပင် ဖြစ်သည်။ မည်သည့် အတိုက်အခံမျှ အပါမခံသော ရွေးကောက်ပွဲ ကိုပင် လေ့လာသူ များ လွှတ်၍ ကျောသပ်ရင်သပ် လုပ်ပေးကြသည့် နိုင်ငံများ ဖြစ်သည်။
ယခု ရုရှား ပြီးလျှင် ဘဲလာရုစ်သွားပြီးပါက မင်းအောင်လှိုင် အဖို့ သွားစရာ မကျန်တော့၊ ကုန်သွားပြီ ဖြစ်သည်။ မည်သည့် နိုင်ငံကမျှလည်း ဖိတ်ခေါ်မည် မဟုတ်တော့၊ အကယ်၍ ဖိတ်ခေါ်လာပါက ၎င်း အတွက် လက်ခမောင်းခတ်လို့ ရပြီ ဖြစ်သည်၊ (သို့သော် ခေါ်လာနိုင်သည့် နိုင်ငံထဲတွင် ဗီယက်နမ် ရှိကောင်း ရှိလာနိုင်သည်။)
၎င်းအား လက်ခံခဲ့သော ထိုင်း အစိုးရအား လူ့အခွင့်အရေး ပြင်းထန်စွာချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု ရှုမြင်ခံရသော အာဏာရှင်တဦးအား သံတမန်ရေးရာ တရားဝင်မှုပေးအပ်ခဲ့ခြင်းကြောင့် နိုင်ငံတွင်းနှင့် ဒေသတွင်း၌ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည် ဆိုသည့် အဖြစ်ကလည်း ရှက်တတ်လျင် ရှက်ဖို့ ကောင်းနေသည်။
ရုရှား မှ ပြန်လာလျင်လည်း လ ပေါ်ကို လူလွှတ်တော့ မတတ် အာကာသ ဆိုသည်ကို ပါးစပ်က အမြုပ် ထွက် မတတတ် ပြောလာပေဦးမည်။
မင်းအောင်လှိုင် အဖို့က ၎င်းအား အသိအမှတ် ပြု ခံရဖို့ အရေး မည်မျှပင် လုံးပမ်းနေစေကာမူ ပြည်တွင်း တွင် လူထု ၏ ရွံရှာ မုန်းတီးနေမှု ဆိုသည့် အချိန်မရွေး ပေါက်ကွဲ နိုင်သော ယမ်းအိုးကြီး ပေါ်တွင် ခွထိုင်နေရသည့် အဖြစ်၊ ၎င်းတို့ သည် တရုတ်၏ အကာအကွယ် ကို ယူပြီး ဂျိုကြွ နေသည့် လူမိုက်သာသာ အဆင့်သာရှိတော့ သည်ကိုလည်း ထိုနိုင်ငံများ အားလုံးက သဘောပေါက်ထားပြီး ဖြစ်သည်၊ realpolitik သဘောမျိုး ဖြင့် ဆက်ဆံနေကြခြင်းသာ ဖြစ်သည်။
တိုင်းပြည်နှင့် လူထုသည် သာမင်ညောင်ည အတွေး အခေါ်မျိုးသာ ရှိသော စစ်ဗိုလ်ချုပ်များ၏ လက်ဝယ်တွင် လူးလိမ့် နေ အောင် ခံနေကြရပြီ ဖြစ်သည်။ တနေ့တခြား ရေနည်းငါးလို ငတ်သည်ထက် ငတ်ပြတ်လာနေကြပြီ ဖြစ်သည်။
၎င်းတို့ အာဏာသိမ်း၍ ငါးနှစ် ကျော်လာချိန်တွင် ဘောင်းဘီ မှ ပုဆိုး ပြောင်းဝတ်ကာ အရပ်သား အစိုးရဟု နားလှည့် ပါးလှည့် လုပ်လာခြင်းဖြင့် လူထု ၏ အသိဉာဏ် ကို ကမ်းကုန် အောင် စော်ကားခဲ့ကြသည်။ ကိုယ့်လိပ်ပြာ ကိုယ် မရှက်၊ ယိုသူမရှက် မြင်သူ ရှက် နှင့် တောလယ် အပြောကြွယ်နေသော်လည်း ယမမင်းက ယမမင်းသာ ဖြစ်ပေသည်။
တိုင်းပြည် အတွက်လည်း ဘာတခု မှ ကောင်း အောင် မလုပ်နိုင်ဘဲ အားမနာ လျှာမကျိုး နှစ်ပေါင်း ၆၀ ခန့် ပလ္လင်ပေါ် တက်ထိုင် နေခဲ့ကြသူ များ ဖြစ်သည်။
၂၀၂၄ ယခုလို အချိန်တွင် စစ်အာဏာရှင် ဟောင်း ဗိုလ်သန်းရွှေ မှ ၎င်းအား လာရောက် တွေ့ဆုံသည့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီအား ပြည်တွင်း တည်ငြိမ်ရေး အား ထိန်းသိမ်း နိုင်ရန် ဆက်၍ ထောက်ခံ ပေးဖို့ ပန်ကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖေါ်ပြထားခဲ့သည်။
"ပြည်ပ အားကိုး ပုဆိန်ရိုး..." ဆိုသည့် ကြွေးကြော်သံ ကို နိုင်ငံ အနှံ ဆိုင်းဘုတ် ထောင်စေခဲ့သည့် ဗိုလ်သန်းရွှေ ခမျာ တပည့်ကြီး ဖြစ်သူ မင်းအောင်လှိုင် ကြောင့် ဒူးထောက် အညံ့ခံ ခဲ့ရရှာသည့် အဖြစ်ကား သမိုင်းတွင် ကျန်ရစ်ခဲ့ရပြီ ဖြစ်သည်။
၎င်းတို့က ယခုလို ပုံစံ ဖြင့် လူထု ကို သေတပန် သက်တဆုံး အုပ်ချုပ်သွားနိုင်မည်ဟု အထင်ရောက်နေကြသူများသာ ဖြစ်ပေသည်။
အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးသည်လည်း ၎င်းတို့ အချောင်ရရှိထားသော ကျွန်ယုံ ကျွန်ကောင်းများ ဆက်လက် သက်ဆိုး ရှည် နိုင်ရန် အမျိုးသား ညီညွတ်ရေးကို ဖြိုခွဲ နိုင်မှ ဖြစ်မည်ဆိုကာ လက်နက်များ၊ လောင်စာဆီများ ထောက်ပံ့ကာ မီးလောင်တိုက်သွင်း ခိုင်းနေပြီ ဖြစ်သည်။
ထို အန္တရာယ်ကြီးကို မျက်ဝါးထင်ထင် ကြုံတွေ့လာရသော ပြည်သူ လူထု က မိမိတို့ ဗမာ၊ ကချင်၊ ကရင်၊ ကယား တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ကြပါရန်လည်း ကျယ်လောင်စွာ တောင်းဆိုလာကြပြီ ဖြစ်သည်။
ထိုသို့ ပြည်သူတရပ်လုံး၏ နားမဆန့် အောင် ငြည်းတွား အော်ဟစ် တောင်းဆိုနေသည့် ရလဒ် အဖြစ် ယခုအခါ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ထွက်ပေါ်လာပြီ ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!