နိုင်ငံ အနှံ့ ရေကြီးမှု နှင့် အတူ ဝမ်းလျော ရောဂါ များ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာ

by Hla Soewai - Aug 17 2026

ရန်ကုန်တွင် စိုးရိမ်ဖွယ် ကောင်းသော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း အလွန်အမင်း မြင့်တက်လာကြောင်း စစ်အုပ်စု ပိုင် သတင်းစာက သောကြာနေ့တွင် ဖော်ပြခဲ့၍ ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရသော ပြည်သူ များ အတွက် နူရာဝဲစွဲ လဲရာ သူခိုးထောင်းသလို ဖြစ်လာခဲ့ရသည်။

 

ရန်ကုန် ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ လွန်ခဲ့သောလေးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် တက်ရောက်ခဲ့ရသူ ၁၈၂ ဦးရှိပြီး၊ ၎င်းတို့အနက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသော ပိုးတွေ့ရှိသူ ၉၃ ဦး ပါဝင်ကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

 

တွေ့ရှိရသော ပိုးမွှားအမျိုးအစားများ သို့မဟုတ် အဆိုပါ ရောဂါဖြစ်ပွားမှုများသည် ကာလဝမ်းရောဂါ ဟုတ်မဟုတ်ကိုမူ အဆိုပါသတင်းတွင် ထုံးစံ အတိုင်း အတိအကျ ဖော်ပြထားခြင်း မရှိပေ။

 

ရန်ကုန်မြို့ လသာမြို့နယ်မှ စစ်အုပ်စု လွှတ်တော်ကိုယ်စားလှယ် အေးမြသဲ့ဖြူကို ကိုးကား၍ Eleven Media သတင်း၏ ဖော်ပြချက်အရ ရောဂါပိုးတွေ့ရှိသူများသည် ကာလဝမ်းရောဂါ ခံစားနေရကြောင်း သိရသည်။

 

အသက် ၉၂ နှစ်အရွယ် လူနာတဦး အဆိုပါရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး အောင်လင်းအေး၏ ပြောကြားချက်ကို ကိုးကား၍ သောကြာနေ့ထုတ် သတင်းစာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ယခင်ရက်များထက် သိသိသာသာ မြင့်တက်လာခဲ့ပြီး ဆေးရုံအနေဖြင့် လူနာများ သေဆုံးမှု မရှိစေရေးကို အဓိကထား၍ ကုသ ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး နန္ဒဝင်းက ရောဂါဖြစ်ပွားမှုများသည် လမ်းဘေးအစားအစာဆိုင်များ၊ ဘား များနှင့် စားသောက်ဆိုင်များ တည်ရှိရာ ရန်ကုန်မြို့တွင်းရှိ တရုတ်တန်း (ချိုင်းနားတောင်း) ရပ်ကွက်တွင် အစုလိုက်အပြုံလိုက် ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

 

လမ်းဘေးဈေးသည်များ အသုံးပြုနေသည့် ညစ်ညမ်းရေနှင့် ပါဆယ်ထုပ် အစားအစာများသည် ရောဂါဖြစ်ပွားရသည့် အဓိကအရင်းအမြစ်များ ဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြခဲ့ပြီး၊ စုစုပေါင်း ရောဂါဖြစ်ပွားမှု အရေအတွက်မှာမူ စတင်ကျဆင်းလာနေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

အခြားသော သတင်းစာတစောင်ဖြစ်သည့် Global New Light of Myanmar သတင်းစာတွင်မူ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အန္တရာယ်များသော အစားအစာများကို ရောင်းချနေသည့် လမ်းဘေးဈေးသည်များအနေဖြင့် အရောင်းအဝယ်ကို သုံးရက်ခန့် ရပ်နားထားရန် တာဝန်ရှိသူများက ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

 

တရုတ်တန်းရှိ နေရာ သုံး နေရာက ၎င်းတို့ ဆိုင်များ ယာယီသုံးရက်ခန့် ပိတ်သိမ်းရန် ညွှန်ကြားထားသည်ဟု အေပီ သတင်းဌာန သို့ အတည်ပြု ခဲ့သည်။

 

ရန်ကုန်မြို့တွင် မကြာသေးမီက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြေအောက်ရေပိုက်လိုင်းများအတွင်းသို့ ညစ်ညမ်းသောရေများ ဝင်ရောက်သွားခဲ့ခြင်းသည်လည်း အကြောင်းရင်း တခု ဖြစ်သည်။

 

ရန်ကုန်မြို့တွင် မုတ်သုံရာသီကာလအတွင်း ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများမှာ ပုံမှန်ရင်ဆိုင်ရလေ့ရှိသည့် အန္တရာယ်တစ်ခု ဖြစ်သည်။ 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြင်းထန်သော ရေဝမ်းလျှောရောဂါဖြင့် ဆေးရုံတင်ခဲ့ရသူ ၂,၂၀၀ ကျော်ရှိပြီး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဤရောဂါဖြစ်ပွားမှုသည် အခြားဒေသများ တွင် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွား နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေ ဆက်လက် မြင့်တက် နေခြင်းကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ ရေဘေးသင့်လျက် နေရပ်စွန့်ခွာနေကြဆဲ ဖြစ်သည်ဟု သိရသည်။

 

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်း၊ ဆည်ရေ ဖောက်ချ ရခြင်းနှင့် တာတမံများ ကျိုးပေါက်ခြင်းတို့ကြောင့် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး စပါး၊ ပဲနှင့် ငရုတ်စိုက်ခင်းဧက သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ထို့ အတွက် ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး၊ ဆန်တအိတ် (၅၀ ကီလိုဂရမ်) လျှင် ဆန်အမျိုးအစားအလိုက် ကျပ် ၆,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်သွားခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။

 

သယ်ယူပို့ဆောင်ရေး အခက်အခဲများ၊ လိုသလောက် မရရှိတော့ခြင်းနှင့် စိုးရိမ်ပူပန်မှုကြောင့် ပိုမိုဝယ်ယူစုဆောင်းခြင်း တို့သည် ဆန်ဈေးနှုန်း မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း ဆန်ကုန်သည်များက ထောက်ပြကြသည်။ ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေကြသည့် စားသုံးသူများသည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ရေနစ်မြုပ်နေစဉ်အတွင်း ပုံမှန်ထက် ပိုမိုဝယ်ယူနေကြသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

စစ်တပ်က အာဏာသိမ်းယူခဲ့ချိန်ကစ၍ လူနေမှု ဘဝ များ ပျက်သုံးကာ ပုံ မှန် အနေအထား ပြန် မရောက် နိုင်တော့သည့် ပြည်သူများအတွက် အခက်အခဲများ ပိုမိုဆိုးရွားလာလျက် ရှိသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!