ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) က ဦးဆောင်နေသည့် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အပြည့်အဝ ထောက်ခံပံ့ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုက်သည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပြီး ပြည်သူများ၏ ဆန္ဒအပေါ် အခြေခံသည့် ဒေသအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေရန်အတွက် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များအကြား စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော SCEF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) လေးဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် ချိတ်ဆက်ပေးထားသည့် အဆင့်မြင့် မဟာမိတ်ပူးပေါင်းအဖွဲ့ တရပ်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“ကျွန်ုပ်တို့၏ ဒေသတခုချင်းစီကို ပြည်သူများ၏ ဆန္ဒနှင့်အညီ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေရေးသည် နိုင်ငံတဝန်းရှိ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး၏ ဘုံရည်မှန်းချက်အဖြစ် ဆက်လက်တည်ရှိရမည်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့၏ တော်လှန်ရေးကို အဆင့်ဆင့် ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်နေချိန်တွင် အိမ်နီးချင်းနိုင်ငံများ၊ အင်အားကြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရေရှည်တည်တံ့သော ထောက်ခံပံ့ပိုးမှု လိုအပ်ပါသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
KIO ခေါင်းဆောင်က SCEF မူဘောင်အတွင်း KIO အနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေပြီး ဒေသအလိုက် လှုပ်ရှားနေကြသည့် တော်လှန်ရေးအဖွဲ့များနှင့် အရပ်သားဦးဆောင် NUG အကြား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကွာဟချက်များကို ပေါင်းကူးပေးရန် ကြိုးပမ်းနေကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အင်အားစုအတွက် အဆင့်မြင့် နိုင်ငံတကာ သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်ရန်လည်း ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက စစ်အာဏာရှင်အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်သူများအပေါ်လည်း ပြင်းထန်စွာ သတိပေးပြောကြားခဲ့ပြီး စစ်အာဏာရှင်အုပ်ချုပ်မှုကို အထောက်အကူပြုသူများအတွက် “တရားစီရင်ခံရမည့်နေ့” ရောက်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
စစ်အုပ်စု ကို တိုက်ရိုက် ရည်ရွယ် ပြောကြားရာတွင် ၎င်းက လက်နက်ကိုင်ဆောင်ထားခြင်း မရှိသော အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခများအတွင်း လိုက်နာရမည့် နိုင်ငံတကာဥပဒေများကို တိတိကျကျ လိုက်နာရန် တောင်းဆိုခဲ့သည်။
“အရပ်သားတွေကို ပစ်မှတ်မထားပါနဲ့။ သူတို့ကို ပဋိပက္ခထဲ ဆွဲမသွင်းပါနဲ့။ လူသားဒိုင်းအဖြစ်လည်း အသုံးမပြုပါနဲ့” ဟု ၎င်းက ပြောကြားခဲ့သည်။ “လူတိုင်းရဲ့ အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားပြီး ကာကွယ်ပေးရမယ်။ တိုက်ပွဲအတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေကိုလည်း တိတိကျကျ လိုက်နာရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသွားခဲ့သည်။
ဩဂုတ် ၁၀ ရက် ထွက်ပေါ်လာသော သတင်းများအရ KIO နဲ့ KNU စစ်ဦးစီးချုပ်များသည် SCEF ရဲ့ စစ်ရေးမဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ တွင် ပူးတွဲဥက္ကဋ္ဌတာဝန်ယူပြီး NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ပါဝင်မည့် ပုံစံကို ဖော်ပြထားသည်။ KIO/ KNU ရဲ့ ပါဝင်မှုသည် နိုင်ငံရေးအဆင့်မှာသာ မဟုတ်တော့ဘဲ စစ်ရေးညှိနှိုင်းမှုအဆင့်ထိ တက်လှမ်းလာပြီ ဖြစ်သည်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ပြောကြားချက်သည် ကချင်ဒေသရေးရာ မိန့်ခွန်းတရပ်ထက် ပိုမိုကျယ်ပြန့်ပြီး မြန်မာ့တော်လှန်ရေး၏ နိုင်ငံရေးဖွဲ့စည်းပုံကို ပြန်လည်သတ်မှတ်ရန် ကေအိုင်အို ကပါ အတူ လက်တွဲကြိုးပမ်း နေသည့် အဖြစ်သည် ထင်ရှားလာသည်။
KIO၊ KNU၊ CNF၊ KNPP တို့ ပါဝင်လာခြင်းသည် လွန်စွာ အရေးပါသည့် တော်လှန်ရေး၏ သမိုင်းမှတ်တိုင် တခု ဖြစ်လာပေပြီ၊ အဓိက တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့များ၏ ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက် နှင့် NUG ၏ ပြည်ထောင်စုအဆင့် နိုင်ငံရေး လိုအပ်ချက် တသားတည်း ကျလာခြင်းပင် ဖြစ်သည်။ ထို့အတွက် နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အမှန်တကယ် ပူးတွဲညှိနှိုင်း ဆောင်ရွက် နိုင်တော့မည် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက “ပြည်သူများ၏ ဆန္ဒအပေါ် အခြေခံ၍ ဒေသတစ်ခုချင်းစီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ကို တော်လှန်ရေးအဖွဲ့အားလုံး၏ ဘုံရည်မှန်းချက်ဟု သတ်မှတ်ထားသည် ဆိုသည့် စကားလုံးရွေးချယ်မှု သည် နိုင်ငံရေးအရ အရေးပါမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အဓိက တောင်းဆို တိုက်ပွဲဝင် နေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အား NUG ဘက်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြည့်အဝ လက်ခံခဲ့ပြီ ဆိုသည့် သဘောပင် ဖြစ်သည်။
NUG နှင့် EAO များ ပူးပေါင်းထားသော ပုံရိပ်ကို နိုင်ငံတကာရှေ့တွင် ပိုမိုခိုင်မာအောင် ပြသနိုင်ခြင်းဖြင့် စစ်အုပ်စု နှင့် ဆန့်ကျင်ဘက်တွင် နိုင်ငံရေးအစားထိုးအင်အားစုတရပ် အဖြစ် ထွက်ပေါ်လာရန် ပူးတွဲ ကြိုးပမ်းနေပြီ ဖြစ်သည်။
တော်လှန်ရေးအတွင်း စစ်အုပ်စု နှင့် ပူးပေါင်းခြင်းကို တရားမဝင်သော လုပ်ရပ်အဖြစ်လည်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပြီ ဖြစ်သည်။
လတ်တလော ထွက်ပေါ်လာသော ကုလ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) အဖွဲ့၏ အစီရင်ခံစာ သည်လည်း မင်းအောင်လှိုင်၏ အသိအမှတ် ပြုခံရရေး ခရီးလမ်းသည်လည်း ရုတ်ခြည်းဆိုသလို ကျင်းများ ချိုင့်များ နှင့် ပြည့်နှက် သွားပြီ ဖြစ်သည်။
SCEF သည် ဗဟိုချုပ်ကိုင်မှုလွန်ကဲသော အဖွဲ့အစည်းတခုထက် အဖွဲ့တခုချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးကို ထိန်းသိမ်းရင်း ဒေါ်မီမီဝင်းဘတ် ထောက်ပြခဲ့သလို Starfish and Spider လမ်းစဉ် အတိုင်း ပူးတွဲဆုံးဖြတ် လှုပ်ရှား နိုင်သည့် စနစ် တည်ဆောက်နိုင်မှသာ ရေရှည်အောင်မြင်နိုင်မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!