အိုက်ခမန်းကို ထားသည့် ဒုတိယထပ်ရှိ အခန်းသည် ၁၀ ပေ ပတ်လည်သာ ရှိသည်။ အလယ်ဗဟိုတွင် သံမဏိကုတင်တလုံးက နေရာယူထားသည်။ စစ်ကြောမေးမြန်းရန်နှင့် အိုက်ခ်မန်းကို အချိန်ပြည့် စောင့်ကြပ်နေကြမည့်သူများ ထိုင်ရန်အတွက် စားပွဲတလုံးနှင့် ကုလားထိုင်ငယ် နှစ်လုံးချထားသည်။
အဆိုပါ အကျဉ်းခန်းကို အမှောင်ချထားပေးခြင်း လုံးဝမရှိပေ။ ပြန်ပေးဆွဲခံရမှု အပေါ် အိုက်ခ်မန်း စိတ်ရှုပ်ထွေးစေရန်နှင့် အာရုံခံစားမှုများ ထိုင်းမှိုင်းသွားစေရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ မျက်မှန်အမည်းကို တချိန်လုံး တပ်ပေးထားသည်။ ၎င်းအနေဖြင့် ရက်စွဲ၊ အချိန်၊ သို့မဟုတ် ညဉ့်နက်သည်ဖြစ်စေ၊ နေ့ခင်းကြောင်တောင် ဖြစ်စေ မည်သည့်အခြေအနေတွင်ရှိမှန်း မသိနိုင်ရန် အတွက် ဖြစ်သည်။
သူသည် ကိုရှာ (ဂျူးတို့၏ စည်းမျဉ်းနှင့်အညီ ပြင်ဆင်ထားသော) အစားအစာများကိုသာ စားသုံးရမည်ဖြစ်ပြီး၊ ယင်းတို့ထဲတွင် ကြက်သားစွပ်ပြုတ်၊ ပြုတ်ထားသောကြက်သား၊ အုံမ်းလက် (ဥပြားကြော်)၊ အာလူးနယ်ဖတ် စသည်တို့ ပါဝင်ကာ စစ်အတွင်းက အိုက်ခ်မန်း၏ အမိန့်ပေးမှုကြောင့် မိသားစုဝင်များ သတ်ဖြတ်ခံခဲ့ရသည့် မော့ဆက် အေးဂျင့်တဦးက ချက်ပြုတ်ပေးခြင်း ဖြစ်သည်။ စောင့်ကြပ်နေကြသည့် မော့ဆက်အေးဂျင့်များကိုလည်း ၎င်းအား စကား တလုံးမျှ မပြောဘဲ လုံးဝ တိတ်ဆိတ် နေ အောင် ညွှန်ကြားထားသည်။
ပြောစရာ ရှိလျှင် အာဟာရိုနီတဦးတည်းသာ အိုက်ခ်မန်နှင့် ဆက်သွယ်ပြောဆိုရမည်။ အာဂျင်တီးနား ရဲတပ်ဖွဲ့သာ ဤနေရာကို တွေ့ရှိ သွားခဲ့ပါက အိုက်ခ်မန်သည် ဖမ်းဆီးသူများ မည်သူ မည်ဝါ ဖြစ်သည် ဆိုသည် ကို သိမည်မဟုတ်၊ ၎င်းတို့၏ အသံများကို လည်း ကြားခဲ့ရခြင်း လုံးဝရှိမည်မဟုတ်၍ သက်သေထွက်ဆိုနိုင်မည် မဟုတ်ပေ။
အိုက်ခ်မန်၏ အဝတ်အစားများကို ချွတ်လိုက်သည်။ သူဝတ်ဆင်ထားသော လက်သမားဝတ်စုံနှင့် ဘွတ်ဖိနပ်တို့မှာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး အတွင်းခံများမှာလည်း အလွန်ပါးလွှာ၍ ရိ နေပြီ ဖြစ်သည်။ အဖွဲ့၏ ဆရာဝန်က အိုက်ခ်မန်၏ ခန္ဓာကိုယ်အား စေ့စပ်သေချာစွာ စစ်ဆေးခဲ့သည်။
စစ်ပွဲပြီးဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ သွားအတွင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့် အဆိပ်တောင့်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သော်လည်း ၎င်း၏ ပါးစပ်ထဲ ဆိုင်ယင်နိုက် အဆိပ်တောင့် ရှိမရှိ သေချာအောင် စစ်ဆေးခဲ့ပြန်သည်။
အဆိပ် မတွေ့ရှိရ သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အိုက်ခ်မန်၏ ဖြုတ်တပ်နိုင်သော သွားတုများကို ဖယ်ရှားလိုက်သည်။ ၊ အိုက်ခ်မန်းက သူ၏ အက်စ်အက်စ် (SS) သွေးအုပ်စု တံဆိပ်ထိုးထားရသည်ကို ဖုံးအုပ်လို၍ ဘယ်ဘက်လက်မောင်းတွင် စီးကရက်မီးများဖြင့် တို့ထားသည့် အမာရွတ်တခု ရှိနေသည်
အစ္စရေးတို့က အိုင်ခ်မန်း ၏ ကိုယ် အတိုင်းအတာအတိုင်း ဝယ်ယူထားသော ညဝတ်အင်္ကျီကို သူ့အား ဝတ်ဆင်ပေးပြီး သူ့၏ ဘယ်ဘက် ခြေကျင်းဝတ်ကို ကုတင်နှင့်တွဲ၍ လက်ထိတ်ခတ်ထားလိုက်သည်။ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး တနာရီကျော်သာ ရှိသေးချိန် ည ၉ နာရီ ၁၅ မိနစ်တွင် အိုက်ခမန်းအား စတင် စစ်ဆေးခဲ့သည်။ ဇဗီ အာဟာရိုနီ ၏ အထူးကျွမ်းကျင်ရာနယ်ပယ်မှာ စောင့်ကြည့်ထောက်လှမ်းခြင်း သို့မဟုတ် လွတ်ရာလွတ်ကြောင်း ထွက်ပြေး နိုင်မည့် ကားမျိုး မောင်းနှင်ခြင်း မဟုတ် သော်လည်းထို နှစ်ခုစလုံးကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဣန္ဒြေရရဖြင့် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
သို့သော် စစ်ဆေးမေးမြန်းခြင်းနှင့် ပတ်သက်လာလျှင်မူ ထိုသို့ မဟုတ်ပေ။ လူတဦးကို စိတ်ဓာတ်ကျဆင်းစေပြီး သတင်းအချက်အလက်များ ထုတ်နှုတ် ရယူသည့် အဆိုပါ ပညာရပ်တွင် အာဟာရိုနီသည် အထူးကျွမ်းကျင် ယုံ သာမက သူ အလွန်တရာ နှစ်သက်သော အလုပ်တခုလည်း ဖြစ်သည်။ စစ်အတွင်းက သူ၏ လုပ်ငန်းတာဝန်များအပြင်အမေရိကန်ပြည်ထောင်စုတွင် စီအိုင်အေ နှင့်အတူ နေကာ ၎င်းတို့၏ စစ်ဆေးမေးမြန်းမှု နည်းလမ်းများကိုပါ လေ့လာခဲ့သူဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အာဟာရိုနီ၏ လုပ်ဆောင်ချက်များထဲတွင် လုံးဝ မပါဝင်ပေ။ ယင်းအစား သူသည် မိမိ၏ စစ်ဆေးခံရသူများကို လှည့်ဖြားကျော်လွှားနိုင်ရန် စီမံတတ်ပြီး ၎င်းတို့ကိုယ်တိုင် လိမ်ညာခဲ့မှုများ ၏ ကျော့ကွင်း အတွင်း တဖန် ပြန်၍မိသွားစေရန် ဖန်တီးလေ့ရှိသည်။
သူ၏ဘဝတွင် ကြုံလာရသည့် အရေးအကြီးဆုံး စစ်ဆေးမေးမြန်းမှုအတွက် ပြင်ဆင်ရန် အာဟာရိုနီ သည် အိုက်ခ်မန်းနှင့် ပတ်သက်၍ ရနိုင်သမျှ စာရွက်စာတမ်းအားလုံးကို ဖတ်ရှုခဲ့သည်။ နာဇီကို မေးခွန်းထုတ်ရာတွင် မိမိက မေးမည့်မေးခွန်းများ၏ အဖြေများကို ကြိုတင်သိရှိပြီးသားဖြစ်ကြောင်း ပုံစံမျိုးဖြင့် မေးမြန်းနိုင်စေရန် အချက်အလက်များနှင့် ဖြစ်ရပ်ငယ်များကို အလွတ်ကျက်မှတ်ထားခဲ့သည်။ အကျဉ်းသားကို သူသည် အိုက်ခမန်း အမှန်တကယ် ဖြစ်ကြောင်း ဝန်ခံလာဖို့က အလွန်ပင် အရေးကြီး နေသည် — အဘယ်ကြောင့်ဆိုသော် လူမှား ခေါ်၍ တယ်လ်ဗီသို့ ပြန်လာပါက အစ္စရေးနိုင်ငံနှင့် မော့ဆက် တို့သည် နိုင်ငံတကာ၏ ရယ်စရာလူရွှင်တော်များ ဖြစ်သွားကြမည့် အရေး ကြောင့် ဖြစ်သည်။
"ခင်ဗျား ရဲ့နာမည်က ဘယ်သူလဲ" ဟု အာဟာရိုနီက ဂျာမန်ဘာသာစကားဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စတင်မေးမြန်းလိုက်သည်။
"ရီကာဒို ကလီမန့် ပါ။" ပြန်ဖြေသော အိုက်ခ်မန်းသည် ကြောက်ရွံ့သည့် အရိပ်အယောင် လုံးဝမပြပေ။
"ခင်ဗျားကိုအရင်က ဘယ်လိုခေါ်လဲ" ဟု အာဟာရိုနီက ထပ် မေးပြန်သည်။
"အော် တို ဟီနင်ဂါ ပါ။"
"ခင်ဗျားရဲ့ NSDAP (နာဇီပါတီ) အဖွဲ့ဝင် အမှတ်က ဘယ်လောက်လဲ။"
"ရှစ် ကိုး ကိုး ရှစ် ကိုး ငါး ပါ"
"အက်စ်အက်စ် (SS) အဖွဲ့မှာ ခင်ဗျား ရဲ့နံပတ်က ဘယ်လောက်လဲ။"
"လေး ငါး သုံး နှစ် ခြောက် ပါ"
"မွေးသက္ကရာဇ်က က ကော"
အိုက်ခ်မန်း၏ အဖြေတခုချင်းစီက အမှန် ကို ပြောနေကြောင်း မှတ်သားရင်း အာဟိုရွန်နီက ဆက်မေးသည်။
"၁၉၀၆ ခုနှစ်၊ မတ်လ ၁၉ ရက်ပါ။"
"ဘယ်နာမည်နဲ့ မွေးဖွားခဲ့တာလဲ။"
အာဟိုရွန်နီ သည်စစ်ဆေးမေးမြန်းမှုကို အစအဆုံး ပတ်မိသွားပြီဖြစ်သော်လည်း ယခုအခါတွင် ခေတ္တမျှ နှောင့်နှေးသွားသည်။ အဖြေမှန် ကို ရရှိပါက အိုက်ခ်မန်း၏ ဟိုလို ကော့စ် တွင် ပါဝင်ပတ်သက်ခဲ့သည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော စစ်ဆေးမေးမြန်းမှုအဆင့်သို့ ဆက်သွားနိုင်မည်ဖြစ်သည်။
အကယ်၍ လိမ် ပြောလာမည် ဆိုလျှင် ၎င်းတို့နှစ်ဦးသည် တညလုံး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ကစားပွဲဖြင့်သာ အချိန်ကုန်သွားပေလိမ့်မည်။ ၁၅ နှစ်တိုင်တိုင် ပုန်းအောင်းနေခဲ့ရပြီး မိမိ၏ အထောက်အထား အစစ်အမှန် ကို ဖုံးကွယ်ရန် ရှုပ်ထွေးလှသော ဇာတ်ထုတ် များကို ဖန်တီးခဲ့ရပြီးနောက်၊ ယခုအခါတွင်မူ မာန်မာနကြီးလှသည် အနှီ နာဇီကြီး သည် အမှန်အတိုင်း ပြောဆိုရန် ဆန္ဒရှိနေတော့သည်။
"အဒေါ့ဖ် အိုက်ခ်မန်း။"
********************
ဆီလ်ဗီယာ ဟာမန်း၏ ရည်းစားဟောင်း နစ်ခ် အိုက်ခ်မန်းသည် ဓာတ်လှေကား အတက်အဆင်း လုပ်သည့် နေရာ တခု အတွင်း၌ အလုပ်လုပ်နေသည်။ သူသည် ယခုအခါ အာဂျင်တီးနား မိန်းကလေးတဦးနှင့် လက်ထပ်ထားပြီး အိမ်တွင် မနေတော့ပေ။
ထိုနေ့မှာ မေလ ၁၂ ရက်နေ့ မနက်ခင်းဖြစ်ပြီး၊ ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီး နာရီပိုင်းအနည်းငယ်သာ ရှိသေးသည်။ အသက် ၂၄ နှစ်အရွယ် စက်ပြင်ဆရာလေးသည် ဝက်အူလှည့်ကို အသုံးပြုကာ ဓာတ်လှေကား ထိန်းချုပ်ခလုတ်ဘုတ်ကို ပြင်ဆင်နေချိန်တွင် ညီဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဒီတာသည် ဗြုန်းစားကြီး ဆိုသလို ကျင်းထဲ ကျပ်ထဲ အလုပ်လုပ်နေသော ထိုနေရာလေးထဲသို့ ရောက်လာခဲ့သည်။
"အဘိုးကြီး မရှိတော့ဘူး" ဟု ဒီတာက အမောတကော ပြောလာသည်။ ညီအစ်ကိုနှစ်ဦးသည် ဂါရီဘယ်ဒီလမ်းဘက်သို့ ချက်ချင်း ဆိုသလို ကား နှင့် ထွက်လာခဲ့ကြသည်။ လမ်းခုလတ်တွင် ၎င်းတို့သည် အက်စ်အက်စ် (SS) အရာရှိဟောင်း ကာလို့စ် ဖုဒ်နာအား သတင်းပေးရန် သူ၏ ဟောင်းနွမ်း ယို့ယွင်းနေသော အိမ်သို့ လှည့်ဝင် ခဲ့ကြသည်။
ဖုဒ်နာ သည် ဖခင် ဖြစ်သူ အား အာဂျင်တီးနားနိုင်ငံသို့ ပြောင်းရွှေ့အခြေချနိုင်ရန် စီစဉ်ပေးခဲ့သူ ဖြစ်သည်။ ၎င်းတို့ အားလုံး ဖခင် ပျောက်ဆုံးသွားရခြင်းအတွက် ဖြစ်နိုင်ချေရှိသော အခြေအနေသုံးမျိုးကို အတူတကွ စဉ်းစားတွေးတောခဲ့ကြသည် - အိုက်ခ်မန်းသည် အာဂျင်တီးနား ရဲ အဖွဲ့ ၏ ဖမ်းဆီး ခံရခြင်း ဖြစ်နိုင်သည် (ဥပမာ- လူအများရှေ့တွင် မူးယစ်ရမ်းကားမှုဖြင့်)၊ အိုက်ခ်မန်းသည် မတော်တဆမှု ထိခိုက် ဒဏ်ရာရရှိကာ ဆေးရုံတရုံ၌ ရောက်ရှိနေခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် အစ္စရေးတို့က သူ့ကို ပြန်ပေးဆွဲသွားခြင်း ဖြစ်နိုင်သည် စသည်တို့ ဖြစ်ကြသည်။
ဆေးရုံများ၊ ရင်ခွဲရုံများနှင့် ရဲစခန်းများကို နှစ်ရက်တိုင်တိုင် လိုက်လံရှာဖွေပြီးနောက်တွင် ၎င်းတို့သည် အဖြေကို ရရှိသွားခဲ့သည်။ အိုက်ခ်မန်း၏ သားများက ဘတ်စ်ကားမှတ်တိုင်မှနေ၍ အိမ်ပြန်မည့် ဖခင်၏ ဖြစ်နိုင်ချေရှိသော လမ်းကြောင်းအတိုင်း ပြန်လည်ခြေရာခံ လိုက်သွားကြစဉ် လမ်းဘေးရှိ ရွှံ့များဖုံးပြီး ပြားချပ်နေသော မြက်ပင်များဆီသို့ ၎င်းတို့ အာရုံစိုက်မိသွားပြီး ယင်းသည် တစုံတရာ ရုန်းကန် လုံး ထွေး မှု ဖြစ်ပွားခဲ့ကြောင်းကို ညွှန်ပြနေသည်။
ထိုနေရာကို ပိုမိုသေချာစွာ စစ်ဆေးရန် ငုံ့ကြည့်လိုက်စဉ် နစ်ခ် အိုက်ခ်မန်း သည် ဖခင်ဖြစ်သူ၏ မျက်မှန်ကို ရွှံ့ထဲတွင် တွေ့ရှိခဲ့ရသည်။
ထို့အတွက် အစ္စရေး တွေပဲ ဖြစ်ရမည်ဟု ကောက်ချက်ချခဲ့ကြသည်။
ယခုအခါတွင် အရေးပေါ်အခြေအနေ ရောက်ရှိလာပြီ ဖြစ်သည် - အိုက်ခ်မန်း၏ သားများသည် ဖခင်ကို အာဂျင်တီးနားနိုင်ငံမှ တိတ်တဆိတ် ခိုး ထုတ်မသွားနိုင်မီ မတွေ့ တွေ့ အောင် ရှာမှ ဖြစ်ပေ တော့မည်။
************************