မင်းကြီး မဟာနေမျိုး သည် မိမိ၏တပ်သားများအား နေရာတွင် နောက်မဆုပ်တမ်း မဆုပ်မနစ် ဆက် တိုက်ခိုက်ရန် အားပေးရင်းက ကျဆုံးသွားခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ရုပ်အလောင်းကို ဓားနှင့် ရာထူး အဆောင်အယောင် ရွှေစလွယ် တို့နှင့်အတူ သူ၏နောက်လိုက် နောက်ပါတို့၏ ရုပ်အလောင်းများအကြားမှ တွေ့ရှိခဲ့ကြသည်။ ရုပ်ရည် ချောမောလှပသော ရှမ်းဗေဒင်ဆရာမများထဲမှ တဦးသည် ရင်ဘတ်တွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရသဖြင့် တိုက်ပွဲ ဖြစ်ပွားနေရာမှ အနီးရှိ တဲတလုံး သို့ ထမ်းလာခဲ့ရာ မကြာမီမှာပင် ထိုနေရာ၌ပင် ကွယ်လွန်သွားခဲ့သည်။
ကမ်းဘဲလ်၏ စစ်ကြောင်းသည် တပ်စခန်းမှ တောစပ်တစ်လျှောက် ထွက်ပြေးလာကြသော မြန်မာနှင့် ရှမ်းတပ်ဖွဲ့ဝင်များကို ဆုံတွေ့ခဲ့ပြီး ထိုနေရာတွင် မြင်းတပ်ပါ အမြောက်တပ်က ၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရှမ်းအမျိုးသမီး တဦးမှာ မြင်းစီး၍ မြစ်ကိုဖြတ်ကူးနေစဉ် သူမ၏အထက်တွင် အမြောက်ဆံတဆံ ကွဲထွက် ပေါက်ကွဲသွားခဲ့သဖြင့် ရေထဲသို့ ပြုတ်ကျသွားခဲ့ရာ သူမ၏ နောက်ပါများက ကယ်ထုတ်သွားခဲ့ကြသည်။
ဤသို့ဖြင့် မြန်မာ့ဘယ် တောင်ပံ တပ်များ အရေးနိမ့်ချေမှုန်းခံခဲ့ရပြီး တပ်မှူးချုပ်လည်း ကျဆုံးခဲ့ရလေသည်။
ကမ်းဘဲလ် သည် ရန်သူ့တပ်များ ပြန်မဆုပ်မီ အချိန်မီ အနိုင်ယူရန်အတွက် နောက်တနေ့ မနက်စောစောတွင် လွှတ် တော် ဝန်ကြီး ၏ အလယ် စစ်ကြောင်းကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ မိမိတပ်သားများကို နှစ်နာရီကြာ အနားယူခွင့်ပေးပြီးနောက် နဝင်း မြစ်ရေတိမ်ပိုင်းအနီးရှိ တပ်စခန်းတခုဆီသို့ ချီတက်စေခဲ့သည်။
၎င်းတို့သည် မွန်းကျပ် လောက်အောင် ပူပြင်းသည့် ရာသီဥတုအောက်တွင် တောလမ်းမှ ၁၄ နာရီနီးပါး ချီတက်တိုက်ခိုက်လာခဲ့ရသဖြင့် အလွန်ပင်ပန်းနွမ်းနယ်လျက်ရှိပြီး၊ ညမှောင်မှသာ ထိုနေရာသို့ ရောက်ရှိလာကြသည်။ ညအချိန်တွင် ကမ်းဘဲလ်သည် ရေတပ်ဗိုလ်မှူး ဘရစ်စဘိန်း ထံသို့ မက်ဆေ့ချ်တစောင် ပို့လိုက်ပြီး၊ တပ်ဖွဲ့များ တောတွင်းမှထွက်၍ တိုက်ခိုက်ရန် ချီတက်လာသည်နှင့်တပြိုင်နက် နပါဒီ ရှိ ရန်သူ့စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ရေး အတွက် ၎င်း၏ ရေယာဉ်စုကို ရှေ့သို့ရွှေ့ပြီး အဆင်သင့်ပြင်ထားပေးရန် မေတ္တာရပ်ခံခဲ့သည်။
နောက်တနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မိုးသောက်ယံအချိန်တွင် အနီရောင်ယူနီဖောင်းဝတ် ဗြိတိသျှစစ်သည်တော်များပါသည့် ရှည်လျားသောတပ်စုကြီးများသည် ပိုမိုခက်ခဲကြမ်းတမ်းလှသည့် နယ်မြေဒေသတွင် နောက်ထပ်တရက် ဆက်လက်တိုက်ခိုက်ရန် အားအင်များကို မဖြစ် ဖြစ် အောင် စုစည်းပြီးနောက်၊ နေရာတိုင်းလိုလိုတွင် ရှိနေသော တောအုပ်များအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြသည်။ ကမ်ဘဲလ်၏ တပ်စုသည် နပဒီ ရန်သူ့ခံတပ်မှ လှမ်းမြင်နေရသော ဖုန်ထူသော လွင်ပြင်ဆီသို့ ဦးတည် နေမည့် တောလမ်းအတိုင်း ချီတက်ခဲ့ပြီး၊ ကော်တွန်၏ တပ်စုကမူ မြန်မာတို့၏ နောက်တန်းကို အလစ်အငိုက် တိုက်ခိုက်နိုင်ရန် နပဒီနောက်ဘက်ရှိ တောအုပ် များအတွင်း လမ်းကြောင်းကို ရှာဖွေခဲ့ကြသည်။
လွှတ်တော် ဝန်ကြီး နှင့် သူ၏ စစ်အကြံပေးများသည် ရန်သူ ကျူးကျော်ရန်မလွယ်ကူသည့် ခံစစ်အနေအထား ကို ရွေးချယ်ခဲ့ကြသည်။ ဧရာဝတီမြစ်ကွေ့တစ်ခုတွင် တောင်တန်းတန်းများ ဆက်တိုက်ထွက်ပေါ်နေပြီး ဒုတိယတောင်တန်းက ပထမတောင်တန်းကို လွှမ်းမိုးထားကာ တတိယတောင်တန်းကလည်း ဒုတိယတောင်တန်းကို ထပ်မံလွှမ်းမိုးထားသည်။ ၎င်းတို့အားလုံးသည် မြစ်ကမ်းစပ်နှင့် အမြင့်ဆုံးတောင်တန်းနောက်ဘက်ရှိ တောအုပ်ကြီးတို့ကြားတွင် ရှိနေကြသည်။
မြေပြန့်သဲသောင်ပြင်တစ်လျှောက်တွင် အမြင့်ပိုင်းသို့ သွားသည့် လမ်းတလမ်း တည်းသာ ရှိသော်လည်း၊ အဆိုပါလမ်းသည် အနီးနားရှိ တောစပ်အတွင်း ခံတပ်ဆောက်ကာ တပ်စွဲထားသည့် မြန်မာတပ်ဖွဲ့များ၏ ပစ်ခတ်မှုကို ခံရမည့်အနေအထားတွင် ရှိနေသည်။ ကမ်းဘဲလ် သည် ဗြိတိသျှဘုရင့်တပ်မတော် ၏ အမှတ် ၈၇ တပ်ရင်းမှ တပ်ခွဲခြောက်ခုကို တောအုပ်အတွင်းဖြတ်၍ သွားရောက်ပြီး ထိုခံတပ်ကို နောက်ကျောဘက်မှ တိုက်ခိုက်ပြီး ရန်သူကို မောင်းထုတ်ရန် အမိန့်ပေးခဲ့သည်။ တပ်ဖွဲ့ဝင်များသည် တာဝန်ကို နှစ်နာရီအတွင်း အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။
ရေတပ်ဗိုလ်ချုပ် ဘရစ်စဘိန်းသည် မြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် အဝေးတနေရာတွင် သင်္ဘော ရွက်တိုင်တန်းများကို မြင်တွေ့ရပြီး၊ နာပါဒီ တောင်ကုန်းများနှင့် အနောက်ဘက်ကမ်းရှိ မြန်မာ့တပ်စခန်း များကိုပါ အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တောင်ကုန်းများတလျှောက် အမြောက်ပစ်သံများ တိတ်ဆိတ်သွားသည်နှင့် တပြိုင်နက် ကမ်းဘဲလ်သည် ကောတွန်၏ နောက်မှနေ၍ ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အချက်ပြမည့် မိုးကြိုးပစ်သံအလား ဆူညံစွာ မြည်ဟီး လာမည့် သေနတ်သံများကို စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေခဲ့သည်။ ထိုသို့ တိုက်ခိုက်နိုင်မည် ဆိုက ၎င်းသည်လည်း မတ်စောက်သော တောင်စွယ်များပေါ်သို့ ရှေ့တည့်တည့် မှ အပြေးအလွှား တက်ရောက်တိုက်ခိုက်နိုင်မည့် အခွင့်အလမ်း ရရှိလာမည်ဖြစ်သည်။
သို့သော် သူ ထင်သလို ဖြစ်မလာခဲ့။ အကောင်းမြင်တတ်သူ ကမ်းဘဲလ် တယောက် ထပ်မံစိတ်ပျက်ခဲ့ရပြန် ပေပြီ။ ကော်တွန်၏ တိုက်စစ်ကို မျှော်လင့်တကြီးနဲ့ သုံးလေးနာရီခန့် စောင့်ဆိုင်းခဲ့ပြီးနောက်၊ မိမိတကိုယ်တည်း တိုက်ရ တော့မည့် တိုက်ပွဲအတွက် သူ့၏ တပ်များ ကို ပြန်လည်စုစည်းခဲ့ရသည်။
ပထမဦးဆုံးအနေနဲ့ ဗိုလ်မှူးကြီး အယ်လ်ရင်းတန် ကို ခြေလျင်တပ်ရင်း အမှတ် (၄၇) နှင့် မဒရပ်စ် ဌာနေခြေလျင်တပ်ရင်း အမှတ် (၃၈) တို့ကို ဦးဆောင် စေပြီး တောထဲဖြတ်ကာ ရန်သူ့ရဲ့ ဘယ်ဘက်တောင်ပံကို အာရုံလွှဲတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ အကောင်းမြင်တတ်လွန်း၍ အစွန်းရောက်သွားသည့် အခါတိုင်း။၎င်း၏ အမြော်အမြင်ရှိသည့် စစ်နည်းဗျူဟာများက ကမ်းဘဲလ်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးပေသည်။
ကံအား လျှော်စွာပင် အယ်လ်ရင်းတန် သည် မကြာမီပင် တောအုပ်အတွင်းမှ အောင်မြင်စွာ ဖြတ်ကျော်ထွက်လာနိုင်ခဲ့ပြီး မြန်မာတပ်များ၏ အာရုံစိုက်မှုကို ရှေ့တန်းမှ လွှဲဖယ်နိုင်ခဲ့သည်။ ထို့နောက် ကမ်းဘဲလ်က တိုက်ခိုက်ရန် အမိန့်ပေးလိုက်ရာ အမှတ် ၁၃၊ အမှတ် ၃၈ နှင့် အမှတ် ၈၇ တပ်ရင်းများသည် မြန်မာတပ်များ၏ ပစ်ခတ် နေမှုများကို ပြန်လည် တုန့်ပြန်ခြင်းမပြုဘဲ တောင်ကုန်းပေါ်သို့ တဖြည်းဖြည်းနှင့် တက်ရောက်လာခဲ့ကြသည်။ ထို့နောက် အနိမ့်ဆုံးတောင်ကုန်း၏ အောက်ခြေတွင်ရှိသော ပထမနှင့် ဒုတိယ ခံတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။
သို့သော် အလွယ်တကူ နှင့် သိမ်းပိုက် နိုင်ခဲ့ခြင်း မဟုတ်ဘဲ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသည်။ ရန်သူ့ဖက်မှ ပြင်းပြင်းထန်ထန် ပစ်ခတ် နေများအောက်တွင်ပင် ပူပြင်းလှသော ရာသီဥတုကို ကြံ့ကြံ့ခံကာ ၎င်းတို့သည် မိမိတို့၏ ခွန်အားကို အတတ်နိုင်ဆုံး ချွေတာအသုံးပြုရင်း တည်ငြိမ်စွာ ဆက်လက်ချီတက်ခဲ့ကြသည်။
နောက်ထပ်တောင်တန်း၏ ထိပ်ဆုံးရှိ ခံတပ်စခန်းများကို ရှင်းလင်းသိမ်းပိုက်ပြီးနောက် တတိယမြောက်တောင်တန်းပေါ်ရှိ ရန်သူများကိုပါ အပြီးတိုင် ဖြိုခွင်းနိုင်ခဲ့ကြသည်။
ထိုသို့ဖြင့် အကျယ်အဝန်း သုံးမိုင်ခန့်ရှိသော စစ်စခန်းကြီး တခုလုံးကို စစ်ရေးအရ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။
စနော့ဂရပ်စ် က မှတ်တမ်းတင်ထားသည်မှာ—
“ဧရာဝတီမြစ်၏ ဘယ်ဘက်ကမ်းရှိ ရန်သူတပ်များသည် ယခုအခါ အပြီးအပိုင် ရှုံးနိမ့်သွားပြီဖြစ်သည်။ အမြောက်များ အလက် ၄၀ မှ ၅၀ ခန့်ကို သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့စစ်တပ်၏ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်းသိမ်းယူ (သို့မဟုတ်) ဖျက်ဆီးနိုင်ခဲ့သည်။ ရန်သူတို့၏ ကျဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်မှာ အလွန်များပြားခဲ့သည်။ ထို့အပြင် တပ်ကို စွန့်ခွာ ထွက်ပြေးသူများသည် စုစု ပေါင်း တပ်အင်အား၏ အနည်းဆုံး သုံးပုံတပုံခန့် ရှိခဲ့သည်။"