ထိုင်း က ဘာတွေ ရသွားခဲ့လဲ

by Hla Soewai - Aug 17 2026

မင်းအောင်လှိုင်သည် သံခင်းတမန်ခင်း လုပ်ထုံးလုပ်နည်းများဖြင့် ကြိုဆိုခံခဲ့ ရပြီး အနှစ်သာရအားဖြင့် ဗလာနတ္ထိ ဖြစ်သည့် နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အပြီး သြဂုတ်လ ၇ ရက်နေ့တွင် ဘန်ကောကမှ နေပြည်တော်သို့ ပြန် ရောက်လာခဲ့ပြီ ဖြစ်သည်။

 

အနှစ်သာရ မဲ့မှု များ ဆိုသည်ကို ဒုတိယမြောက်နေ့က အဖြစ်အပျက်များက ဖော်ပြနေသည် - ဆီးနိတ် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း (မျက်နှာခြင်းဆိုင် အော်ဟစ် ဆန္ဒပြခံခဲ့ရသည် သာ အဖတ်တင်ခဲ့သည်၊ ဝပ်ဖရာ ခယောက့် (မြဘုရား) တွင် ရှိခိုးကန်တော့ခြင်း၊ မြန်မာသံရုံးသို့ ခေတ္တ ဝင်ရောက်ခြင်းနှင့် ပြန်လည် ထွက်ခွာခြင်းတို့ ဖြစ်သည်။

 

ထိုင်း ဘုရင် နှင့် တွေ့ဆုံခဲ့ရ ခြင်း မရှိ။ သတင်းစာရှင်းလင်းပွဲ မရှိ။ သဘောတူစာချုပ်အသစ်များလည်း မရှိ၊ - မှတ်တမ်း လွှာ များကို တရက်စော၍ ဖလှယ်ပြီး ဖြစ်သည်။

 

မင်း အောင်လှိုင် အဖို့က ထိုသို့ အနှစ်သာရကင်းမဲ့မှု မျိုးက ၎င်း အတွက် အရေးမပါလှ၊ ထို့ထက်လည်း ပို၍ မျှော်လင့်၍ မရနိုင်၊ ၎င်း အတွက် ပူးတွဲ ကြေညာချက် တွင်စာပိုဒ်တပိုဒ် ထွက်လာဖို့သာ အရေးကြီးနေသည်။

 

ထို စာပိုဒ်သည် မြန်မာနိုင်ငံသည် "အာဆီယံ ယန္တရားများတွင် အပြည့်အဝနှင့် တန်းတူညီမျှစွာ ပါဝင်လာမှု" ကို ထိုင်းနိုင်ငံက ထပ်လောင်းအတည်ပြုပေးထားခြင်း ပင် ဖြစ်သည်။ ထို့အပြင် - အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွယ်မှု မှတ်တမ်းလွှာ၊ ကော့ နှင့် ဆိုင်း မြစ်ရေ၏ အရည်အသွေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အာကာသနည်းပညာ မှတ်တမ်းလွှာ၊ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကုန်သွယ် ရေး ရည်မှန်းချက်၊ ဒုတိယချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတို့ ပါဝင်သည်။

 

အလုပ်သမား ကိစ္စရပ်များသည် သာ စစ်အုပ်စု မှ လုပ်ပေး ချင်လျှင် လုပ်ပေး၍ ရနိုင်သည်။ ကျန်သည့် ကိစ္စရပ်များက ၎င်းတို့ဘာ မှ လုပ်ပေးနိုင်စွမ်း မရှိ‌ ဖြစ်နေသည်။

 

ထိုင်း အတိုက်အခံ ပါတီများက ထိုအချက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ရန်ဆီမန် ရုမ်း က ကော့မြစ်ကို အဆိပ်သင့်စေသည့် မိုင်းတွင်းများသည် စစ်တပ်၏ နယ်မြေတွင် မဟုတ်ဘဲ "ဝ" တပ်တော် ပိုင် နယ်မြေတွင် ရှိနေပြီး မြဝတီရှိ ငွေလိမ်ဂိုဏ်း များမှာလည်း ကရင်နယ်ခြားစောင့်တပ် (BGF) ၏ လက်ဝယ်တွင် ရှိနေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

 

ထိုင်း အစိုးရ သည် မြစ်ရေသန့်စင်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို ရေအရင်းအမြစ်အထက်ပိုင်းကိုလည်းကောင်း၊ အောက်ပိုင်းဒေသ ရာဇဝတ်မှုများကိုလည်းကောင်း မည်သည်ကိုမျှ မထိန်းချုပ်နိုင်သည့် စစ်အုပ်စု အပေါ်တွင် ပုံအပ်ထားရခြင်းမျိူး ဖြစ်နေသည်။

 

မင်း အောင်လှိုင် အနေဖြင့် ပူးတွဲကြေညာချက်ပါ စာပိုဒ်တပိုဒ် လောက်နှင့် အသိအမှတ်ပြု ခံရခြင်းဟု မမှတ်ယူသင့်။

 

၎င်း၏ ရွေးကောက်ပွဲ ကို မစတင်ကတည်းက အသိအမှတ်ပြု ပြီး လေ့လာ စောင့်ကြည်ရေး အဖွဲ့များ စေလွှတ်ခဲ့သည့် လက်တဆုပ်စာ နိုင်ငံများမှ လွဲ၍ အခြား မည်သည့် နိုင်ငံကမျှ ၎င်းအား ဖိတ်ခေါ်ခြင်းလည်း မရှိ၊ တနည်းနည်း နှင့် အသိအမှတ် ပြုလာခြင်းမျိုးလည်း မရှိသေးသည်ကို သိသင့်ပေသည်။ အာဆီယံ ဥက္ကဌ က ၎င်းတို့၏ သဘောထား ပြောင်းလဲခြင်း မရှိဟု ဩဂုတ်လ ၇ ရက်နေ့တွင် ထပ်မံ ပြောဆိုခဲ့ပြန်သည်။

 

ထိုင်း က ၎င်းအား ဖိတ်ခေါ်ခဲ့မှု အတွက် မျက်နှာပန်း မလှ ဖြစ်နေသည်ကို သက်သာလို သက်သာငြား လူထု ခေါင်းဆောင်အား အသုံးချပြီး ထုတ်ပြပေးခဲ့ရသည်၊ ဧရာဝတီ သတင်း အဆိုအရ DKBA သည် သောင်ရင်း မြစ် တလျှောက်ရှိ ငွေလိမ်စခန်းများမှ ထောင်ပေါင်းများစွာသော တရုတ် နိုင်ငံသား များအား မြန်မာ နိုင်ငံ အတွင်းပိုင်းသို့ တိတ်တဆိတ် ရွှေ့ပြောင်း ပေးခဲ့ပြန်သည်။ ရာပြည့်မှ DKBA တပ်မှုး များအား ဇူလိုင် ၉ ရက်နေ့ က နေပြည်တော် သို့ ဆင့်ခေါ်ပြီး သတိပေးခဲ့သည်ဟု ဆိုသည်။

 

ဘန်ကောက်သည် မင်းအောင်လှိုင်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခြင်း၊ ၎င်းနှင့် ပုလင်းတူ ဗူးဆို့ ကရိုနီ များ အတွက်စီးပွားရေးစင်မြင့်တခု နှင့် နောင်လပေါင်းများစွာ သူတဖွဖွ ပြန်ပြောလို့ ရမည့် ဝါကျတကြောင်းတို့ကို ပေးအပ်ခဲ့သည်။ ၎င်းက ထိုင်းနိုင်ငံကိုလည်း အနည်းငယ်မျှသာရှိသော စာချုပ်စာတမ်းအချို့နှင့် ၎င်းဖြည့်ဆည်းပေးနိုင်စွမ်းမရှိသည့် ကတိကဝတ်များကို ပေးအပ်ခဲ့သည်။

 

မည်သည့်ဘက်ကမျှ ၎င်းတို့တောင်းဆိုထားသည်များကို အပြည့်အဝ မရရှိခဲ့ကြဘဲ ပြီးဆုံးသွားခဲ့သည်။ ဤခရီးစဉ်၏ အဓိပ္ပာယ်ကို ဆုံးဖြတ်နိုင်မည့် ရက်များက ရှေ့တွင် တန်းစီ နေပေပြီ၊ ထိုရက်များက - သြဂုတ်လ ၁၉ ရက်နေ့ ဘန်ကောက်မြို့၊ စက်တင်ဘာလ ဂျီနီဗာနှင့် နယူးယောက်မြို့၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ မနီလာမြို့၊ နှင့် ဒီဇင်ဘာလ အထွေထွေညီလာခံတို့ ဖြစ်ကြသည်။

 

ထိုင်းဖက်က မင်းအောင်လှိုင် နှင့် တိုက်ရိုက် မေးမြန်း ဆက်ဆံခွင့် လမ်းကြောင်း ပွင့်သွားပြီး၊ ပြည်သူ့ ဆန္ဒ သဘောထား တစက်ကလေးမျှပင် သက်ရောက်မှု မရှိဘဲ ငါသိငါတတ် ဆုံးဖြတ်လာမှု များကို ပြောင်းလဲ‌ အောင် ဩဇာ လွှမ်းခွင့် ရနိုင်ဖို့အတွက် မင်းအောင်လှိုင် အလိုလား အတောင့်တ ဆုံး အသိအမှတ် ပြုခွင့်ကို ပေးခဲ့ရသည်။ တဖက်တွင် အာဆီယံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း များ အကြား ထိုင်း နိုင်ငံ၏ ပုံရိပ် ထိခိုက်သွားခဲ့ရပြီး ၎င်းတို့ ဘာပြောပြော မင်းအောင်လှိုင်၏ အခမဲ့ ရှေ့နေ ဟုသာ သတ်မှတ်ကြတော့မည် ဖြစ်သည်။

 

ကိုးကား- ဒီဘီဗီ ပါ ဆောင်းပါးမှ

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!