ဤအမွှာညီအစ်ကို နှစ်ဦးထက် ကျွန်တော့်တွင် တခုတည်းသော အသာစီးရသည့် အချက်မှာ ငယ်စဉ်ကလေးဘဝက အပြစ်တရားအကြောင်း သွန်သင်ပေးမည့် ဖခင်တဦးရှိခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့တွင်မူ မရှိခဲ့ပေ။ ကျွန်တော့်ဖခင်သည် သာသနာနယ်ရှိ ကလေးငယ်များအတွက် စာပေသင်ကြားပေးခဲ့ပြီး၊ မိခင်ဖြစ်သူကလည်း ကျွန် တော်ကို ထိုသင်တန်းများသို့ မဖြစ်မနေ တက်ရောက်စေခဲ့သည်။
သူ၏ စာသင်ခန်းထဲတွင် သမ္မာကျမ်းစာနှင့် ဘုရားသခင် ၏ သမိုင်းကြောင်း၊ ဂေါလစ် လူမျိုး ဘိုးဘေးများ၏ အကြောင်းအရာများနှင့် ကတ်သလစ်ဘုရားကျောင်း၏ ဘာသာရေးသင်ခန်းစာ များကို ကျွန်တော် သင်ယူခဲ့ရသည်။ ထိုစဉ်က ကျွန်တော့်အသက်အရွယ်မှာ လက်ဆယ်ချောင်းဖြင့်ပင် ရတွက်၍ရနိုင်ဆဲ ကလေးဘဝဖြစ်ပြီး၊ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ အပူပိုင်းဒေသ၏ အပြစ်များမှ ကျွန်တော်တို့ကို ကယ်တင်ရန်အတွက် သဘာဝမကျသော ထိုဝတ်ရုံထူကြီးထဲတွင် ချွေးများ တစက်စက် ကျလျက် ရှိနေသော ဤဘုန်းကြီးသည်ပင်လျှင် ကျွန်တော့်၏ ဖခင်ရင်းဖြစ်နေသည်ဟူသော အမှန်တရားကို မသိနားမလည်ခဲ့ပေ၊ ရိုးအစွာဖြင့်ပင် ကင်းကွာနေခဲ့သည်။
ကျွန်တော် သိရှိလာခဲ့ရချိန်တွင်မူ၊ ကျွန်ုပ်တို့၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အခြေခံအကျဆုံး မှစတင်၍၊ ကျွန်တော် သူ့ ထံမှ သင်ယူခဲ့သမျှသော အရာအားလုံးကို ရှုမြင်ပုံပြောင်းလဲသွားစေခဲ့သည်။ စာသင်ခန်းရှေ့တွင် လမ်းလျှောက်ရင်း ကျွန်ုပ်တို့၏ နှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ အဖြေများကို အသံထွက်ဆိုစေရင်း ကတ်သလစ်လူငယ် တပ်စုငယ်လေးဖြစ်သော ကျွန်တော်တို့၏ ဦးနှောက်ထဲသို့ ထိုဖခင်ဖြစ်သူက စွဲမြဲအောင် သွတ်သွင်းပေးခဲ့သည်မှာ—
မေး။ ။ ကျွန်ုပ်တို့၏ ပထမဆုံး မိဘဘိုးဘွားများထံမှ အမွေဆက်ခံရရှိခဲ့သော အပြစ်ကို မည်သို့ခေါ်ဆိုသနည်း။
ဖြေ။ ။ ကျွန်ုပ်တို့၏ ပထမဆုံး မိဘဘိုးဘွားများထံမှ အမွေဆက်ခံရရှိခဲ့သော အပြစ်ကို နကိုယ်မူလ အပြစ် (Original Sin) ဟု ခေါ်ဆိုပါသည်။
ကျွန် တော် ၏ စိတ်အာရုံကို အမြဲတမ်း လွှမ်းမိုးစိုးမိုးနေခဲ့သော အမှန်တကယ် အရေးကြီးသည့် မေးခွန်းမှာ ထိုမူလအစကတည်းက ပါလာသော အပြစ်တရား နှင့် သက်ဆိုင်နေပေသည်။ အကြောင်းမှာ ၎င်းသည် ကျွန်တော်၏ ဖခင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဆက်စပ်နေသောကြောင့်တည်း။ တနင်္ဂနွေနေ့ ဘာသာရေးကျောင်းဆင်းပြီးနောက် ဖုန်ထူနေသော ဘုရားကျောင်းဝင်း မြေပြင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တခု ကြောင့် ကျွန် တော် သည် ထိုအဖြေကို သိရှိလာခဲ့ချိန်တွင် အသက် ၁၁ နှစ်သာ ရှိသေးသည်။ ထိုနေရာတွင် ကျွန် တော် တို့ ကလေးများအချင်းချင်း ကျမ်းစာလာ ကြမ်းကြုတ်ရက်စက်မှုများကို တုပသရုပ်ဖော်ကစားကြ လေ့ ရှိသည်။
ယူကလစ်ပင်ရိပ်အောက်တွင် ဘုန်းတော်ကြီး၏ နိုင်ငံခြားမှ တင်သွင်းလာသော ဘူဒေါ့ခွေးအထီးတကောင်က ငြီးငြူနေသော အဖော်ခွေးမတကောင်ပေါ်သို့ တက်ရောက် မိတ်လိုက်နေသည်ကို ကျွန် တော် တို့ ငေးကြည့်နေကြစဉ်၊ ထိုခွေး၏လျှာမှာ အပြင်သို့ ထွက်ကျနေပြီး ကြီးမားလှသော ပန်းရောင်ဝှေးစေ့ကြီးမှာလည်း သတိလစ်မတတ် စွဲမက်ဖွယ် စည်းချက်အတိုင်း ရှေ့တိုးနောက်ငင် လှုပ်ယမ်းနေခဲ့သည်။
ထိုစဥ် ကျွန် တော် တို့အတန်းဖော်များထဲတွင် အရာရာကို ပိုသိတတ်ပုံရသော ကောင်လေးတယောက်က ဤလိင်ပညာပေး သင်ခန်းစာအတွက် နောက်ထပ် ဖြည့်စွက်ချက်တစ်ခုကို ပြောလာခဲ့သည်။ ခွေးအထီးနဲ့ ခွေးအမဆိုတာ သဘာဝကျတာပဲ လို့ သူက ဆိုသည်။ ဒါပေမဲ့ သူကကျတော့—ဟု ဆိုကာ အထင်အမြင် သေးသော မလိုတမာ မျက်လုံးများနှင့် လက်ညှိုးကို ကျွန် တော် ဘက်သို့ ထိုးပြလိုက်ပြီး— ကြောင်နဲ့ခွေး အဲဒီလိုလုပ်မိကြတဲ့အခါမျိုးမှာ ဖြစ်လာတတ်တဲ့ပုံစံမျိုးပဲ ဟု ပြောလိုက်သည်။ အားလုံးရဲ့ အာရုံစိုက်မှုတွေက ကျွန် တော့် ဆီသို့ ရောက်လာကြသည်။ ကမ်းခြေမှာ ရပ်ပြီး စောင့်နေကြတဲ့ သူတို့အားလုံးနဲ့ ဝေးရာကို မျောပါသွားသည့် လှေတစင်းပေါ်မှာ ရောက်နေသလိုမျိုး ကျွန်ု တော် ရပ်နေမိခဲ့ပြီး၊ အခြားသူများရဲ့ မျက်လုံးတွေထဲကနေ တဆင့် မြင်တွေ့ရတဲ့ ကျွန် တော် ကိုယ် ကျွန်တော် ခွေးလည်းမဟုတ်၊ ကြောင်လည်းမဟုတ်၊ လူသားလည်းမဟုတ်၊ တိရစ္ဆာန်လည်းမဟုတ်တော့သည့် သတ္တဝါတကောင်အဖြစ် ခံစားနေရတော့သည်။
ခွေးနဲ့ ကြောင်ဆိုပြီး၊ ကျွန်တောိကို ဟာသ လုပ်လာသည့် ကောင်၏ နှာခေါင်းကို ကျွန်တော့် လက်သီး နှင့် မိတ်ဆက် ပေးလိုက်သည့် အခါမှာတော့ သူ့တွင် သွေးတွေထွက်လာသော်လည်း အသံမထွက်ဘဲ အလွန်အမင်း တုန်လှုပ်သွားပြီး ထိခိုက်သွားတဲ့ဒဏ်ရာကို ကြည့်ဖို့ ကြိုးစားနေသလို သူ၏ မျက်လုံးများ တချက်လောက် ဝေဝါးသွားခဲ့သည်။ သူ့နှာခေါင်းကို ကျွန်တော် ထပ် ထိုးလိုက်တဲ့အခါမှာတော့ သွေးတွေ ပန်းထွက်လာပြီး ဟာသ လုပ်သည့် ကောင်သည် အော်ဟစ် ငိုကြွေးတော့သည်။ ကျွန်တော်က မရပ်ဘဲ သူ့ကို ဆက်ထိုး သည်၊ သူ့ရဲ့ နားရွက်တွေ၊ ပါးတွေဆီကို၊ အဲဒီကနေ ရင်ဝ ဆီကို၊ အဲဒီကနေ မြေပြင်ပေါ်ကို လဲကျသွားတဲ့အချိန်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ခေါင်းပေါ်ကို ကွေးပြီး ကာလာသည့် လက် တွေ ဆီပါ ကျွန်တော် ဆက်တိုက် ထိုးနှက် ပစ်ခဲ့၍ ကျွန်တော်ပါ သူ့ကိုယ်ပေါ်ကို အတူ လဲကျသွားသည်။ ကျွန်တော့်ရဲ့ လက်ဆစ်တွေ နာကျင်လာတဲ့အထိ သူ့ကို ဆက် ထိုးကြိတ်နေချိန်မှာ အနီးအနားက ကျောင်းသားများ ဝိုင်းအုံလာကြပြီး အော်ဟစ်ဆူညံကာ ရယ်မောနေ ကြတော့သည်။ လဲကျနေတဲ့ ကောင် ဘက်ကနေ ဝင်ကူညီပေးဖို့ ဘယ်သူကမှ ရှေ့ထွက်မလာခဲ့ကြ။
နောက်ဆုံးမှာ သူ့၏ ရှိုက်ငိုသံတွေဟာ ဘယ်တော့မှ မကြားဖူး ခဲ့သည့် အကောင်းဆုံး ဟာသကြီးတခုကို ကြားလိုက်ရသည့် သူတယောက်၏ လည်ချောင်းထဲက ထွက်လာသည့် ရယ်သံ ကြီးနှင့် တူလာသည့် အခါမှသာ ထိုးနေတာကို ရပ်လိုက်သည်။ ကျွန်ဝောာ် မတ်တပ်ရပ်လိုက်သည့် အခါတွင်တော့ အော်ဟစ်ဆူညံသတွေနဲ့ ရယ်မောသံတွေ ငြိမ်ကျသွားပြီး၊ ရပ်ကြည့်နေသူ များ၏ မျက်နှာများ တွင် လေးစားမှု မဟုတ်တောင်မှ ကြောက်ရွံ့နေကြသည်ကို တွေ့လိုက်ရသည်။ ငါ ဘာကိုများ အတိအကျ သင်ယူခဲ့ရတာပါလိမ့်လို့ စဉ်းစားတွေးတောရင်း၊ ဘယ်လိုမှ စကားလုံးနဲ့ ထုတ်ဖော်ပြောပြလို့မရဘဲ ဝေခွဲမရသည့် စိတ်နှင့် အိမ်ဖက်ကို လျှောက်လာခဲ့တယ်။
ခွေးတကောင်က ကြောင်တကောင်ပေါ် တက်ခွနေတဲ့ ရွံရှာဖွယ် ရုပ်ပုံလွှာတခုတည်းကလွဲပြီး ကျွန်တော့် စိတ်ထဲမှာ ဘာမှ မရှိတော့။ ထိုကြောင်မလေး၏ မျက်နှာနေရာမှာ တခြားသူမဟုတ်ဘဲ ကျွန်တော့် အ မေ၏ မျက်နှာကြီး အစားထိုး ဝင်ရောက်နေတာကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ စိတ်ဆင်းရဲစရာကောင်းလောက်အောင် ထိတ်လန့်စရာကောင်းသည့် ပုံရိပ်ကြောင့် အိမ်ကိုရောက်လို့ အမေကို မြင်လိုက်ရသည့် အခါမှာ တော့ ကျွန်တော် ဟီးကနဲ ငိုချလိုက်မိပြီး အဲဒီနေ့ နေ့လယ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အမေ့ကို ဝန်ခံပြောပြလိုက်တော့သည်။
"သားလေးရယ်၊ အမေ့ သားလေးရယ်၊ မင်းဟာ သဘာဝ အတိုင်း မဟုတ်တဲ့ ကလေးတယောက် မဟုတ်ပါဘူးကွယ်" ဟု အမေက ပြောရင်း ငိုကြွေးနေသော ကျွန် တော့် ကို သူ့ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဆွဲဖက်ထားသည်။ အမေ၏ ကိုယ်သင်းနံ့သင်းသင်းလေး စွဲထင်နေသော ရင်အုံပေါ်တွင် ကျွန်ုပ်၏ မျက်ရည်များ တတွေတွေကျဆင်းလျက် ရှိသည်။
"သားဟာ အမေ့ အတွက် ဘုရားသခင် ပေးထားတဲ့ လက်ဆောင်ပါ။ ဘယ်အရာကမှ၊ ဘယ်သူကမှ ဒီထက်ပိုပြီး သဘာဝကျစရာ မရှိနိုင်ပါဘူး။ အခု အမေ ပြောတာကို သေချာနားထောင်စမ်းပါ ကလေးရယ်။"
မျက်ရည်စများနှင့် ဝေဝါးနေရင်းက အမေ့ကို မော့ကြည့်လိုက်သောအခါ အမေကိုယ်တိုင်လည်း ငိုကြွေးနေသည်ကို ကျွန် တော် မြင်လိုက်ရသည်။
"သား အဖေက ဘယ်သူလဲဆိုတာကို မင်းအမြဲတမ်း သိချင်နေခဲ့တာလေ။ သား သိရမယ့်အချိန် ရောက်လာရင်တော့ သား ဟာ လူကြီးတယောက် ဖြစ်သွားလိမ့်မယ်လို့ အမေပြောခဲ့ဖူးတယ်။ သားရဲ့ ကလေးဘဝကို ကျောခိုင်းနှုတ်ဆက်ရတော့မယ်။ သား သိချင်တယ်ဆိုတာ တကယ်သေချာရဲ့လား၊ သား?"
မိခင်တယောက်က မိမိ၏ သားငယ်ကို လူကြီးဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလားဟု မေးလာသောအခါ 'ဟုတ်ကဲ့' ဟု မပြောဘဲ အခြားဘာများ ဖြေနိုင်ပါမည်နည်း။ ထို့ကြောင့် ကျွန် တော် လည်း ခေါင်းညိတ်လိုက်ပြီး အမေ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်လေသည်၊၊