အာဆီယံ အဖွဲ့ကြီးမှ ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးနှင့် ချွင်းချက် မရှိ အလွတ်ပေးရန် ထပ်မံတောင်းဆိုလာမှုကို စစ်အုပ်စု နိုင်ငံခြား ရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ကာ ပယ်ချလိုက်ပြီး အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထားရှိရမည့် စနစ် မလိုအပ်တော့ဟု ဖေါ်ပြထားသည်။
ဆိုလိုသည်မှာ ၂၀၂၇ ဇန်နဝါရီ ၁ ရက် နေ့ စင်္ကာပူ မှ ဥက္ကဌ အဖြစ် တာဝန်ယူလာသည့် အချိန်တွင် အထူး သံတမန် ခန့်အပ်ခြင်းကို လက်မခံတော့ဟု ဆိုလိုခြင်း ဖြစ်သည်။
၎င်း၏ အာဏာသိမ်းခဲ့မှု ကို ငါးနှစ် အကြာတွင် လူထု က လက်ခံသယောင် ရွေးကောက်ပွဲ ဖြင့် လှည့်ဖျားပြီး ဒေသတွင်း ပတ်ကာ တရားဝင်ကြောင်း အသိအမှတ်ပြုခံရရေး ကြံစည်နေသူ ဖြစ်သည်။
ထိုအကြံဖြင့် နောက်ဆုံး ထိုင်းသို့ ရောက်ရှိလာရာတွင် ၎င်းအား တကယ့် သမ္မတ ပုံစံဖြင့် ကော်ဇော်နီ ခင်းကာ တခမ်းျနား ကြိုဆိုခဲ့မှု အပေါ် မာန်တက် လာခြင်း ဖြစ်သည်။။
ထိုင်းဝန်ကြီးချုပ်ကလည်း အာဆီယံ အတွင်း ယခင်လို အပြည့်အဝ ပါဝင်အောင် ကူညီပေးမည်ဟူသော ကတိကလည်း ထိုသို့ ဖြစ်လာအောင် ပံ့ပိုးပေးခဲ့သည်။
အာဆီယံ နှင့် ဆက်ဆံရေး ကောင်းအောင် တည်ဆောက်သွားမည်ဟု ပါးစပ်က ပြောနေသော်လည်း ၎င်းတို့ အာဏာ တည်မြဲရေး အတွက် လူထု ခေါင်းဆောင်ကို ဆက်လက် ချုပ် နှောင်ထားရေး အား အဓိက သော့ချက် အဖြစ် ခံယူထားဆဲ ဖြစ်သည်။ မိမိတို့ဖက်က ဘာတခု မျှ မလိုက်လျောဘဲ လူတောထဲ ဝင်တိုးချင်နေသည့် အဖြစ်ပင်။
နောက်နှစ်တွင် ၎င်းတို့၏ လုပ်ရပ်အား ခါးခါးသီးသီး ဆန့်ကျင်နေသည့် စင်္ကာပူက ဥက္ကဌ တာဝန် ယူလာတော့မည့် အချိန်မျိုး တွင် ထိုသို့ ပြောဆိုလာခြင်းသည် လွန်စွာ မိုက်မဲမှု အဖြစ် မပြောက အခြား မည်သို့များ ပြောနိုင်ပေဦးမည်နည်း။
ထိုသို့ သဘောထား ရှိနေသရွေ့ အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးမှု များ ပေါ်ပေါက် လာရေးသည် အတား အဆီး ဖြစ်နေပေဦးမည်၊ အဓိက ကျသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် NUG နှင့် အတူ SCEF ဖွဲ့စည်းကာ တပေါင်းတစည်းထဲ ရပ်တည် နေပြီ ဖြစ်သည်။
စစ်အုပ်စု ၏ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူ လူချင်း စာနာထောက်ထားမှု ဖြင့် ပြစ်ဒဏ်ကို လျော့ချ ပေးပြီး ဖြစ်ကြောင်းနှင့် ချွင်းချက်မရှိ ကွင်းလုံးကျွတ် လွှတ်ပေးရေးကိုမူမူ ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်သည်" ဟု ဆိုသည်။
လက်ရှိအာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို နှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်သော်လည်း ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စင်ကာပူနိုင်ငံက တာဝန်လွှဲပြောင်းယူမည့် အခြေအနေတွင်မူ ထိုလမ်းကြောင်းအတိုင်း ဆက်လက်သွားရန် လိုအပ်သည်ဟု မမြင်ကြောင်းလည်း ပါရှိသည်။
"ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို ဖော်ညွှန်းသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာသော လက်ရှိအစိုးရသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်လျက်ရှိသည်" ဟု ထုတ်ပြန်ချက်တွင် မရှက်မကြောက် ဖော်ပြထားပြန်သည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ ထုတ်ပြန်လာသည့် ကြေညာချက်တွင် မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှုန်းသည် ၄၉ ဒသမ ၇ ရာခိုင်နှုန်း (လူဦးရေ၏ ထက်ဝက်နီးပါး) အထိ မြင့်တက်လာပြီး လူလတ်တန်းစား များ ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ လူဦးရေ၏ ၇၆% မှာ ထမင်း နပ်မှန် ဖို့ အရေး ပင်ပန်းကြီးစွာ ရုန်းကန်နေရဆဲ ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာမှုကြောင့် အမျိုးသမီးများ၏ ၄၂ ရာခိုင်နှုန်း မှာ လုံးဝ ဝင်ငွေမရှိသည့် အခြေအနေ သို့ ရောက်ရှိနေပြီး ယင်းသည် အမျိုးသားများထက် နှစ်ဆခန့် ပိုမိုများပြားနေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတပုံခန့်ဖြစ်သော လူပေါင်း ၁၆ ဒသမ ၂ သန်း သည် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါသည်။ ယင်းအထဲတွင် ကလေးသူငယ် ၅ သန်း ခန့် ပါဝင် နေသည် အစရှိသဖြင့် ဖေါ်ပြထားသည်။
ထိုသို့သော အခြေအနေမျိုး အထိ ဖြစ်သွားရအောင် ဖန်တီးခဲ့သူများကို ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒ ဖြင့် ရွေးချယ် တင်မြှောက်ခဲ့ပါသည် ဟု ပါးစပ်က မချတမ်း ပြောနေခြင်းအတွက် အရှက်ကင်းမဲ့လှသူများဟု ပြည်တွင်း ပြည်ပက နားလည် သဘောပေါက်ထားပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ချိန်မှစ၍ မြန်မာစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် အဓိကအားဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အသုံးချလျက် အာဆီယံကို အမြဲတမ်း လှည့်ဖြားခဲ့သည်ဟု ဧရာဝတီ သတင်းက ရေးသားလာသည်။
ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်က ယင်းကဲ့သို့ လှည့်ဖြားလာခဲ့မှု သည် လယ်ပြင်တွင် ဆင်သွားသလို အထင်အရှား တွေ့မြင်လာရသည်။
ဒေသတွင်းခေါင်းဆောင်များက ၅ နှစ်တိုင်တိုင် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည့် ဘုံသဘောတူညီချက် ၅ ရပ် (5PC) မှာ မည်သည့်အခါကမျှ ဘုံ သဘောတူညီချက်တစ်ခု မဟုတ်ခဲ့ကြောင်း ယခုအခါ ပြောဆိုနေပြီ ဖြစ်သည်။
အာဏာသိမ်းပြီး သုံးလပြည့် ကာနီး၂၀၂၁ ဧပြီလ ၂၄ ရက်နေ့က ဂျကာတာမြို့၌ ပြုလုပ်ခဲ့သော အရေးပေါ် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီးတွင် အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်သည် အဆိုပါ အစည်းအဝေးသို့ ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် ၎င်း၏ sidekick ထောက်လှမ်းရေးအကြီးအကဲ ရဲဝင်းဦးတို့ နှင့် အတူ တက်ရောက် ခဲသည်။
ထိပ်သီးအစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့သော အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်၌ အဓိကအချက် ၅ ချက်ဖြစ်သည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူများ အားလုံးဆွေးနွေးကြရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးတို့နှင့် ပတ်သက်၍ "ခေါင်းဆောင်များအနေဖြင့် သဘောတူညီချက် ရရှိခဲ့သည်" ဟု အတိအလင်း ဖော်ပြထားသည်။
၎င်း အနေဖြင့် ထိုအချက်များကို မည်သည့်အခါကမျှ သဘောတူခဲ့ခြင်း မရှိပါက၊ ထိုစဉ်ကတည်းက သဘောမတူ ပါဟု ထုတ်ဖော်ပြောဆိုရမည့် အချိန် မဟုတ်ပါလား။ သို့သော် မင်းအောင်လှိုင်နှင့် အဖွဲ့ သည် တလုံးတပါဒ မျှကန့်ကွက်ခဲ့ခြင်း မရှိဘဲ ပြန်လာခဲ့ကြသည်။
ပြန်ရောက်လာပြီးနောက်တွင် မင်းအောင်လှိုင်သည် အာဆီယံ၏ အချက် ၅ ချက်ကို "တည်ငြိမ်အေးချမ်းမှု" ပြန်လည်ရရှိမှသာလျှင် စဉ်းစားသုံးသပ်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သဘောမတူခဲ့ဟု လည်း ဖေါ်ပြထားခြင်း မရှိပြန်ပေ။
၎င်း၏ လိမ်ညာမှု များက ထိုမျှ နှင့် ရပ်မသွား၊ တရုတ်၊ အိန္ဒိယ အပါအဝင် ကုလ နှင့် မြန်မာအရေး စိတ်ဝင်စားသူများ အားလုံးကိုလည်း အာဆီယံ အချက် ငါးချက်ကို တဖြေးဖြေးချင်း အကောင်အထည် ဖေါ်သွားမည်ဟု လိမ်ခဲ့ပြန်သည်။
ထို့ကြောင့်လည်း ကုလ၊ တရုတ်၊ အိန္ဒိယ နိုင်ငံများက ၎င်း သဘောတူခဲ့သည့် အချက် ငါးချက် ဂါထာ မန်းမှုတ်သလို တဖွဖွ ပြောလာခဲ့ကြခြင်း ဖြစ်သည်။
ယခု မင်းအောင်လှိုင်က အဆိုပါ နိုင်ငံများသို့ သွားရောက်ခဲ့ပြီး နောက်တွင် ၎င်း မည်သည့် အခါမျှ သဘောမတူခဲ့ပါဟု မျက်နှာပြောင်တိုက် လိမ်ညာခဲ့ပြိ ဖြစ်သည်။
နောက်ဆုံး ဇူလိုင်လ အတွင်း တင်မောင်ဆွေ ကိုယ်တိုင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို အချက် ငါးချက်အား အကောင်အထည် ဖေါ်ပါမည်ဟု အာမခံသွားခဲ့သေးသည်။
ဤနေရာတွင် အရေးကြီးသည့် မေးခွန်းတရပ် ထွက် ပေါ်လာ ပေပြီ၊ ယင်းမှာ ထိုသို့ လိမ်ညာ လှည့်ဖြားတတ်သော ပုဂ္ဂိုလိတဦး၏ အာမခံချက်များကို အာဆီယံခေါင်းဆောင်များအနေဖြင့် မည်သည့်အချိန်အထိ ယုံကြည်လက်ခံနေဦးမည်နည်း၊ နှင့် ယင်းအတွက် ၎င်းတို့ နောက်ဆုံးတွင် မည်သည့်တန်ဖိုးကို ပေးဆပ်ရမည်နည်းဟူ၍ ဖြစ်သည်ဟု ဧရာဝတီက မေးခွန်းထုတ်လာခဲ့သည်။
အားလုံးကို ခြုံကြည့်လျင် ၎င်းတို့ အာဏာသက်ဆိုး ရှည်ရေး အတွက် ဘာကိုပဲ လုပ်ရ လုပ်ရ ဝန်မလေး၊ နောက်ဆုံး လိမ်စရာ မကျန် တော့လျင် ကိုယ့်ပေါင်ကိုပင် ကိုယ် ပြန်ဆွဲလိမ် ကြမည့် ဗြောင်လိမ် ဗြောင်စား သမား များသာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!