အဆိုပါ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) သည် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ ကာလအတွင်း လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်ပြီး အရေးကြီးသော အချက်များ ထွက်ပေါ်လာခဲ့သည်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော အဆိုပါ အစီရင်ခံစာကို ကမ္ဘာ သတင်းစာမျက်နှာ များ တွင် ပါရှိလာခဲ့သည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ အထူးအာရုံစိုက် စုံစမ်းနေတဲ့ အချက်တွေထဲက တခုကတော့ အရပ်သားလူထုတွေ နေထိုင်ရာဒေသတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို အမိန့်ပေးညွှန်ကြားခဲ့သလဲ၊ အမိန့်ပေးမှုတွေဟာ ဘယ်လို ကွပ်ကဲမှုဖွဲ့စည်းပုံ (command structure) ကနေတစ်ဆင့် ထွက်ပေါ်လာခဲ့သလဲဆိုတာကို ကျွန်တော်တို့ စုံစမ်းနေပါတယ်” ဟု ယန္တရား၏ အကြီးအကဲ နီကိုလပ်စ် ခွမ်ကျန် က ပြောကြားခဲ့သည်။"
“အထူးသဖြင့် ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ ဖြစ်စဉ်တွေ အများအပြား ရှိနေပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလေးငယ်တွေဟာ မကြာခဏ ထိခိုက်သေဆုံးရသူတွေ ဖြစ်လာကြသလို၊ ဆေးရုံတွေကိုလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ အဆိုပါ တိုက်ခိုက်မှုတွေ ဘယ်နေရာမှာ ဖြစ်ပွားခဲ့သလဲ၊ ဘယ်လိုလက်နက်ခဲယမ်းတွေကို အသုံးပြုခဲ့သလဲ ဆိုတဲ့ အထောက်အထားတွေကို စုဆောင်းနေပါတယ်” ဟု ဆိုသည်။
ဤသည်ကပင် စစ်အုပ်စု အား လာမည့် စက်တင်ဘာလ အတွက် ကုလ သမဂ္ဂ က အဖြေ ပေးလိုက်ခြင်းပင် ဖြစ်သည်။
ပြီးဆုံးသွားသည့် ရွေးကောက်ပွဲမတိုင်မီကာလ ဇန်နဝါရီ လအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ ရွေးကောက်ပွဲပြီးဆုံးပြီးနောက် တွင်လည်း တိုက်ခိုက်မှုတွေ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတယ်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းတို့ဖက်က နေအိမ်များ၊ စာသင်ကျောင်းများ၊ ကျန်းမာ ရေး အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းတွေ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကို ခြေရာခံစုံစမ်းခဲ့ပြီး၊ ထို တိုက်ခိုက်မှုများ တွင် တာဝန်ရှိသည့် စစ်ဘက် ဆိုင်ရာ ပုဂ္ဂိုလ် အချို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ဒါ့အပြင် စစ်တပ်ဘက်က အင်ဂျင်တပ် ဂလိုက်ဒါ များ၊ ဒရုန်းများ ကို ပိုမိုအသုံးပြုလာခြင်း ကြောင့် အရပ်သားများအဖို့ တိုက်ခိုက်လာမည်ကို ကြိုတင်သိရှိဖို့ ခက်ခဲလာတာ ကြောင့် အချိန်မီ ဘေးလွတ်ရာသို့ ရှောင်တိမ်း နိုင်ခဲ့ကြခြင်း မရှိခဲ့ဟု လည်း ဖေါ်ပြထားသည်။
ပြည်သူ များ အသက် အိုးအိမ် ထိခိုက် ပျက်စီး စေခဲ့သည့် စစ်အုပ်စု ကျူးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် သက်သေ အထောက်အထားများ စုဆောင်းခဲ့ခြင်း ဖြစ်သည်ဟု ခွမ်ကျန် က ပြောခဲ့သည်။
“မြန်မာနိုင်ငံတဝန်းက လူထုတွေဟာ အကြမ်းဖက်မှုတွေရဲ့ အမြဲတမ်းခြိမ်းခြောက်မှုအောက်မှာ နေထိုင်နေရရုံသာမက သူတို့ ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေက တခဏ တာ မဟုတ်ဘဲ နက်ရှိုင်းပြီး ရေရှည်တည်တံ့မယ့် ဆိုးကျိုး တွေကို ရင်ဆိုင် နေရတာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် စုံစမ်းစစ်ဆေးသူများက စစ်တပ်ထိန်းချုပ်သည့် အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများအတွင်း နှိပ်စက်ညှဉ်းပန်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း မှတ်တမ်းတင်ထားသည်။
ထိုဖြစ်စဉ်များထဲတွင် ၂၀၂၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ဥပဒေ နှင့် ဆက်စပ်သည့် အမှုများလည်း ပါဝင်သည်။ အဆိုပါဥပဒေအရ အွန်လိုင်းပေါ်တွင် ရွေးကောက်ပွဲကို ဝေဖန်သည့် ကွန်မန့်မျိုး ကဲ့သို့ အပြုအမူအသေးအဖွဲများအတွက်ပင် လူများကို ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သလို၊ သေဒဏ်ပင် ချမှတ်ခံရနိုင်သည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ တွေ့ရှိချက်များသည် သတင်းအချက်အလက် အထောက်အထားရင်းမြစ် ၁,၆၀၀ ကျော်ကို အခြေခံထားခြင်း ဖြစ်ပြီး၊ ထိုအထဲတွင် မျက်မြင်သက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်များ အပြင် ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ၊ သေမှု သေခင်း ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ နှင့် ဂြိုဟ်တုဓာတ်ပုံအထောက်အထားများပါ ပါဝင်နေသည်။
အထောက်အထားအများစုမှာ စစ်တပ်နှင့် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များနှင့် ပတ်သက်နေသော်လည်း၊ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ယန္တရားက ပြောကြားခဲ့သည်။
အဆိုပါ စုံစမ်း စစ်ဆေး ရေး ယန္တရားကို ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်မှစတင်ကာ ကျူးလွန်ခဲ့သည့် အဆိုးရွားဆုံး ရာဇဝတ်မှုများနှင့် ပတ်သက်သည့် အထောက်အထားများကို စုဆောင်းထိန်းသိမ်းထားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယင်းအထောက်အထားများကို အနာဂတ်တွင် တရားစွဲဆိုမှုများ ပြုလုပ်ရာ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။
သို့သော် အဆိုပါ ယန္တရားကိုယ်တိုင်က အမှုများကို တရားစွဲဆိုခြင်း သို့မဟုတ် တရားရုံးတင်ခြင်း များ အတွက် အခွင့်အာဏာ မရှိ၍ တရားစွဲဆိုနိုင်သည့် အာဂျင်တီနား၊ အိုင်စီစီ၊ အိုင်စီ ဂျေ ကဲ့သို့ တရားရုံးများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ စုဆောင်းရရှိထားသည့် အထောက်အထားများကို မျှဝေပေးခြင်းသာ ပြုလုပ် နိုင်သည်။
တရားဝင်မှုဆိုသည်က ရွေးကောက်ပွဲ လုပ်ပြယုံ၊ ပြည်တွင်းမှာ မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ယုံနှင့် မလုံ လောက်၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း အစိုးရဟု ခံယူလာသည့်အဖွဲ့တဖွဲ့က လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို မည်မျှ အထိ လိုက်နာသည် ဆိုသည်ကလည်း အရေးပါနေသည်။
၎င်းတို့ ကိုယ် ၎င်းတို့ ရွေးကောက်ပွဲ လုပ်ပြီး တရားဝင်ပြီ ဟု ခံယူလာချိန်တွင် IIMM က ၎င်းတို့ ထို့ နောက်ပိုင်းကျူးလွန်လာသည့် ရာဇဝတ်မှု များကိုစနစ်တကျ အထောက်အထားစုဆောင်း ထုတ်ပြန်လိုက် ခြင်းသည် စစ်အုပ်စုအတွက် နိုင်ငံတကာတွင် ယုံကြည်စိတ်ချရသည့် အုပ်ချုပ်ရေးအဖွဲ့အဖြစ် ရပ်တည်ရန် ဆိုသည့် ရည်မှန်းချက် ကို အလဲထိုး ခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။
ယခု ထုတ်ပြန်လိုက်သည့် အစီရင်ခံစာထဲတွင် အထူးစိတ်ဝင်စားဖို့ ကောင်းနေသည်က တိုက်ခိုက်မှုဖြစ်ပွားခဲ့မှု များ ကိုသာ မှတ်တမ်းတင် ခြင်း မျိုး မဟုတ် တော့ဘဲ command structure များမှနေ မည်သူက မည်ကဲ့သို့ အမိန့်ပေး နေသလဲဆိုသည်ကိုပါ ခြေရာခံလာခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် တိုက်ခိုက်မှုကို လက်တွေ့ ကျူးလွန် သူတွေသာမက အမိန့်ပေးသူ၊ အမိန့်ပေးမှုကို ခွင့်ပြုသူ သို့မဟုတ် ကွပ်ကဲသူတွေထိ တာဝန်ရှိမှုကို ဆက်စပ်ဖော်ထုတ်နိုင်မည့် သက်သေ အထောက်အထားများ ရသွားခဲ့ခြင်းပင် ဖြစ်သည်။
ယခုအခါ စစ်အုပ်စု၏ တရားဝင်မှု ကို တရုတ်၊ ကုလား၊ ယိုးဒယား တို့ကသာ ၎င်းတို့ အကျိုးစီးပွား အတွက် အားပေး နေခြင်း ဖြစ်ပြီး နိုင်ငံတကာကမူ တာဝန်ယူ၊ တာဝန်ခံမှု ဆိုသည်ကို ရှေ့တန်းတင်လာတော့မည် ဖြစ်သည်။ သို့မဟုတ်ပါကလည်း ကမ္ဘာကြီး တွင် တောတွင်း ဥပဒေသ များ ဖြင့် အုပ်ချုပ်ခံရတော့မည့် စနစ်ကြီး လွှမ်းမိုးလာနိုင်သည် မဟုတ်ပါလား။
အထူးသဖြင့် “ဘယ်သူက တိုက်ခိုက်ခဲ့သလဲ” ဆိုသည်ထက် “ဘယ်သူက အမိန့်ပေးခဲ့သလဲ” ဆိုတဲ့အဆင့်ထိ စုံစမ်းလာခြင်းသည် စစ်အုပ်စု၏ အနာဂတ် နိုင်ငံရေးတရားဝင်မှုနှင့် တာဝန်ယူမှုအပေါ် ပိုမိုရှည်လျားသည့် သက်ရောက်မှုကြီး ဖြစ်လာ တော့မည် ဖြစ်သည်။
စစ်အုပ်စု၏ "ငြိမ်းချမ်းရေး" ဆိုသည်က "စစ်အနိုင်တိုက်ရေး၊ လိုသလို ပုံ သွင်းနိုင်ရေး" သာ ဖြစ်ပြီး ယင်းကို အကောင်အထည် ဖေါ်နိုင်က အားလုံးက အလိုလို လက်ခံလာကြမည် ဆိုသည့် စိတ်ကူးများသည် ပြိုလဲ သွားရပေတော့မည် သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
Illustration - AI Generated