၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းခဲ့ချိန်၌ ကျွန်တော်သည် ရန်ကုန်ရှိ ဆေးတက္ကသိုလ်၏ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။ အာဏာသိမ်းပြီး တညအတွင်းမှာပင် တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသူတဦး ဖြစ်လာခဲ့ပြီး ကဏ္ဍ ပေါင်းစုံ တွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သန်းပေါင်းများစွာသော ကျွန်တော့်နိုင်ငံသားများနည်းတူ ကျွန်တော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ကို ဦးဆောင်ရာတွင်လည်း ပါဝင်ကူညီခဲ့သူ တဦး ဖြစ်လာခဲ့ပါတယ်။
ကျွန်တော်၏ ပါဝင်လှုပ်ရှားမှုများကြောင့် မကြာမီပင် အာဏာပိုင်များက အလိုရှိသည့်သူတစ်ဦး ဖြစ်လာခဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ဆုံးတွင် ဥရောပ၌ ခိုလှုံခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီ နောက်မှာတော့ ၂၀၂၁ ခုနှစ် ဧပြီလတွင် တော်လှန်ရေးကို ဦးဆောင်ရန် ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
အဲဒီအချိန်ကတည်းက မြန်မာ့နွေဦးတော်လှန်ရေး လို့ လူသိများလာတဲ့ တော်လှန်ရေးကာလတစ်လျှောက်မှာ အောင်မြင်မှုတွေရော၊ ဆုတ်ယုတ်မှုတွေရောကို ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရပါတယ်။ ပြည်ပမှာ နေထိုင်ခဲ့ရတဲ့ကာလအတွင်းလည်း နိုင်ငံခြားအစိုးရတွေနဲ့ မြန်မာနိုင်ငံကနေ ပြည်ပရောက်နေထိုင်ကြတဲ့ အသိုင်းအဝိုင်းတွေနဲ့ အကျယ်တဝင့် ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ နောက်ဆုံးတော့ ၂၀၂၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
အခုဆိုရင်တော့ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ လွတ်မြောက်နယ်မြေတစ်ခု—တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခု—မှာ အခြေစိုက်နေထိုင်နေပါတယ်။
ဒီလို နောက်ခံအခြေအနေတွေကို ကိုယ်တိုင် ဖြတ်သန်းလာခဲ့သူတဦးအနေနဲ့ ပြောရမယ်ဆိုရင်၊ မကြာသေးမီက ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့တော်လှန်ရေးမှာ အကြီးမားဆုံး လမ်းဆုံလမ်းခွတစ်ခု ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းတစ်လျှောက် အရေးပါဆုံး နိုင်ငံရေးနဲ့ စစ်ရေး အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုတွေထဲက တခု ကို ကိုယ်စားပြုနေပါတယ်။
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ဟာ ဆယ်စုနှစ်များစွာကတည်းက အဖွဲ့တဖွဲ့ချင်းစီနဲ့ သီးခြားရင်ဆိုင်တိုက်ခိုက်ရုံနဲ့ စစ်တပ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်ထားခဲ့ကြပါတယ်။
ထို့အတွက် ရေရှည်တည်တံ့မယ့် မဟာမိတ်ပူးပေါင်းမှုတွေ တည်ဆောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမယ့် အပြန်အလှန်မယုံကြည်မှု၊ ကိုယ်စီကိုယ်စီ အကျိုးစီးပွားမတူညီမှု၊ တိုင်းရင်းသားရေးရာ ကွဲပြားမှုတွေနဲ့ ပြင်ပက ဖိအားတွေ ကြောင့် အဲဒီကြိုးပမ်းမှုတွေဟာ အကြိမ်ကြိမ် ပြိုကွဲပျက်စီးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ERO အများအပြားဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း သူတို့ရရှိခဲ့တဲ့ ထူးခြားပြောင်မြောက်တဲ့ စစ်မြေပြင်အောင်မြင်မှုတွေ ဟာ တဖွဲ့တည်းရဲ့ စွမ်းဆောင်ချက်နဲ့ ရရှိလာတာ မဟုတ်ဘူးဆိုတာကိုလည်း တဖြည်းဖြည်း သဘောပေါက်လာကြပါတယ်။
အထူးသဖြင့် နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေး မရှိခဲ့ဘူးဆိုရင် အဲဒီလို စစ်ရေးအောင်မြင်မှုတွေ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုလာကြတာပါ။
နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမြေပြင်ကို အခြေခံကျကျ ပြောင်းလဲပစ်ခဲ့ပြီး၊ အရင်ကရှိခဲ့တဲ့ နိုင်ငံရေးအင်အားချိန်ခွင်လျှာနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဆက်ဆံရေးပုံစံကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။
ယခုလို စုစည်းနိုင်ခြင်းက နိုင်ငံခြားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်း ကျွန်တော် ထပ်ခါတလဲလဲ ကြုံတွေ့ရတဲ့ မေးခွန်းတစ်ခုကိုလည်း အဖြေပေးနိုင်ပါတယ်။
တချို့ကတော့ စစ်အုပ်ချုပ်ရေးစနစ် ပြိုလဲသွားတဲ့အခါ မြန်မာနိုင်ငံဟာ လစ်ဗျား ဒါမှမဟုတ် ဆီးရီးယား တို့လို ပဋိပက္ခအပြီး နိုင်ငံရေးအင်အားစုတွေ အပိုင်းပိုင်းကွဲသွားတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ် လို့ စိုးရိမ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အခု Steering Council ပေါ်ပေါက်လာခြင်းဟာ အဲဒီလို စိုးရိမ်မှုတွေကို အတော်အတန် လျော့ပါးသွားစေနိုင်မယ့် ခြေလှမ်းတရပ် ဖြစ်ပါတယ်။
တနည်းအားဖြင့်တော့ “စစ်အာဏာရှင်ကို ဖြုတ်ချပြီးရင် ဘာဖြစ်မလဲ” ဆိုတဲ့ မေးခွန်းအတွက် တော်လှန်ရေးဘက်က နိုင်ငံရေးအရ ပိုမိုရှင်းလင်းတဲ့ အဖြေတခု စတင် ထုတ်ပြလာနိုင်ပြီဆိုတဲ့ သဘောပါ။
SCEF ကို ဖွဲ့စည်းနိုင်ဖို့ အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် ဆွေးနွေးမှုတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဥရောပမှာ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှုတွေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဆက်တိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ဒီလို အလျင်စလိုမလုပ်ဘဲ တဆင့်ချင်း သေချာစွာ တည်ဆောက်ခဲ့ရတာကတော့ နိုင်ငံရေးယဉ်ကျေးမှု မတူညီတဲ့ အဖွဲ့အစည်းတွေ၊ စစ်ရေးဖွဲ့စည်းပုံ မတူညီတဲ့ အဖွဲ့တွေ၊ အတိတ်ကာလက မကျေနပ်ချက်နဲ့ နာကျင်စရာ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့ အင်အားစုတွေကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ မလွယ်ကူတာကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့် KIO က Steering Council ထဲကို တရားဝင် ပါဝင်လာခြင်း ဟာ တော်လှန်ရေးအင်အားစုတွေကြား မဟာမိတ်ဖွဲ့စည်းရေးအတွက် အရေးကြီးတဲ့ အောင်မြင်မှုတရပ် ဖြစ်ပါတယ်။ ထို့အပြင် နောင်မှာ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ဒီပူးပေါင်းအင်အားစုထဲ ထည့်သွင်းနိုင်ဖို့ လမ်းပွင့်သွားခြင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာလည်း အခြား ERO အဖွဲ့အစည်းအများအပြားနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဘုံနားလည်မှုတွေနဲ့ မူဘောင်တွေ တည်ဆောက်နေကြပေမယ့် ဒီဆွေးနွေးမှုတွေဟာ အလွန်အမင်း အထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တာကြောင့် လက်ရှိအချိန်မှာ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလို့ မရသေးပါဘူး။
အဓိကဆိုလိုရင်းကတော့ — SCEF ဟာ အရေးပေါ်အခြေအနေကြောင့် ခဏတာ စုစည်းလိုက်တဲ့ မဟာမိတ်အဖွဲ့တခုမဟုတ်ဘဲ၊ စစ်ကာလနဲ့ စစ်အပြီး နိုင်ငံရေးအကူးအပြောင်းကာလ နှစ်ခုစလုံးကို ဖြတ်သန်းနိုင်အောင် ရေရှည်အတွက် ကြိုတင်တည်ဆောက်ထားတဲ့ နိုင်ငံရေး–စစ်ရေး ဦးဆောင်အဖွဲ့အစည်းတခု ဖြစ်တယ် ဆိုတာပါ။
ဧပြီလမှာတော့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ ယုံကြည်လက်ခံစရာမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲ အပြီး စစ်အုပ်စုဟာ သူ့ကိုယ်သူ အရပ်သားအစိုးရတရပ်အဖြစ် ပုံစံပြောင်းလဲပြီး ပြန်လည်တင်ပြဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ရဲ့ သမ္မတဟာ အရင်စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင် ဖြစ်နေသလို၊ အာဏာရပါတီမှာလည်း စစ်တပ်အရာရှိဟောင်းတွေနဲ့ စစ်အုပ်စုအပေါ် သစ္စာခံသူတွေကပဲ အဓိကနေရာတွေကို ဆက်လက်ချုပ်ကိုင်ထားပါတယ်။
ဒီလိုဖွဲ့စည်းထားတဲ့ အစိုးရမျိုးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ယူဆောင်လာနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူတွေ လိုလားနေတဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူညီမျှရေး ဆိုတဲ့ ဆန္ဒတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်တဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) ဟာ Steering Council ထဲမှာ ပါဝင်နေကြပြီး စစ်အုပ်စု ဖွဲ့စည်း ပေးလာတဲ့ အစိုးရသစ် ဆိုတာကိုလည်း လက်မခံ ပယ်ချထားကြပါတယ်။
နိုင်ငံ အနောက်ပိုင်း မှာ နယ်မြေအကျယ်အဝန်း အများအပြားကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် ကလည်း အထိုးစစ်ကြီးတွေကို ဆက်လက်ဆင်နွှဲနေပါတယ်။
အရှေ့မြောက်ပိုင်း မှာ နယ်မြေကျယ်ပြန့်စွာ အုပ်ချုပ်နေတဲ့ အခြား ERO အဖွဲ့အချို့ကတော့ လက်ရှိမှာ တိုက်ပွဲတွေကို တက်တက်ကြွကြွ ဆင်နွှဲနေခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အတွင်း Operation 1027 ထိုးစစ်ကာလမှာ အဲဒီအဖွဲ့တွေဟာ ထူးခြားတဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ကြပါတယ်။ လက်ရှိတိုက်ပွဲတွေမှာ တက်တက်ကြွကြွ မပါဝင်တော့တာကတော့ အဓိကအားဖြင့် ပြင်ပက ဖိအားတွေကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအစိုးရသစ်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ပြောဆိုချက်ဟာ အနီးကပ်စိစစ်ကြည့်မယ်ဆိုရင် ခိုင်လုံမှုမရှိပါဘူး။ အကြောင်းကတော့ အစိုးရသစ်ဟာ အဓိကမြို့ကြီး လက်တဆုပ်စာလောက်ကိုသာ ထိန်းချုပ်ထားနိုင်တာကြောင့်ပါ။
မြန်မာနိုင်ငံကို အခုအချိန်မှာ နေပြည်တော်တစ်နေရာတည်းကနေ အပြည့်အဝ အုပ်ချုပ်နေတာ မဟုတ်တော့ပါဘူး။
နိုင်ငံရဲ့ နယ်မြေအများအပြားမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဒေသန္တရအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားပြည်သူ့ဝန်ဆောင်မှုတွေကိုပါ စီမံပေးနေကြပြီ ဖြစ်ပါတယ်။
Steering Council ဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်တွေကို အခုကတည်းက စတင်တည်ဆောက်နေတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက စစ်တပ်ရဲ့ အာဏာသိမ်းမှုတွေ၊ မခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ၊ အတုအယောင်အရပ်သားအစိုးရတွေ၊ မပြည့်စုံသေးတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုကာလတွေကြောင့် အကြိမ်ကြိမ် အနှောင့်အယှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ Steering Council ဟာ မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံးအခွင့်အရေးတရပ် ကို ပေးလာခဲ့ပြီ လို့ ပြောလို့ ရပါတယ်။
အဲဒါကတော့ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး အမြဲတမ်းလည်ပတ် နေ တဲ့ ပဋိပက္ခသံသရာကို ရပ်တန့်ကာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှုတွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် နိုင်ငံရေးစနစ်သစ်တရပ်နဲ့ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီအခြေအနေဟာ ရှားရှားပါးပါး ရရှိလာတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ မြန်မာ့တော်လှန်ရေးအင်အားစုတွေဟာ ယခင်ထက် ပိုမိုညှိနှိုင်းပူးပေါင်းလာပြီး၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတရပ် တည်ဆောက်ဖို့ နိုင်ငံရေးအရ တသံတည်း ဟစ်ကြွေးလာလို့ ပါပဲ။
အဲဒီလို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံတင်မကဘဲ ဒေသတွင်းတစ်ခုလုံးအတွက်ပါ ရေရှည်တည်တံ့တဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကို ဖော်ဆောင်ပေးနိုင်မယ့် အလားအလာ ရှိလာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာကြာ ပဋိပက္ခသံသရာကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးတရပ် ဖြစ်လာနိုင်သလို၊ တဖက်မှာလည်း စည်းလုံးညီညွတ်မှုကို လက်တွေ့ရလဒ်တွေနဲ့ သက်သေပြရမယ့် စိန်ခေါ်မှုကြီး တရပ် ဖြစ်ပါတယ် ဟု ဒေါက်တာ ဇော်ဝေစိုး ၏ the Diplomat မဂ္ဂဇင်း တွင် ရေးသားထားတဲ့ ဆောင်းပါးကို ကောက်နှုတ် တင်ပြလိုက်ရပါတယ်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
“တရားမျှတမှု၊ မှန်ကန်မှုနှင့် မြင့်မြတ်မှုတို့ဘက်တွင် ပြည်သူတို့၏ စိတ်သဘောထား ရပ်တည်လာစေရန် ပြုလုပ်ပေးခြင်းသည် ဘဝကို အသုံးချနိုင်သည့် အမြင့်မြတ်ဆုံးနည်းလမ်းပင် ဖြစ်သည်။”
To make the public sentiment, on the side of all that is just and true and noble, is the highest use of life.
Lucy Stone