ဂေါ်ကီ ၏ အမေ(74)

by Hla Soewai - Aug 10 2026

ရိုင်ဘင်သည် ပတ်ဝန်းကျင်ကို တချက် ဝေ့ကြည့်လိုက်ပြီး စားပွဲပေါ်သို့ လက်တင်ကာ ပါဗယ် ဘက်သို့ ငုံ့ရင်း ပြောလိုက်ပြန်သည် -

 

"အဲဒီဘဝကို ငါပြန်မြင်ရတော့ နာတောင်နာပြီး မူးမိုက်ချင်လာတယ်။ ငါ့ပတ်ဝန်းကျင်ကို ငါလှည့်ကြည့်လိုက်တိုင်း ...ငါ့မှာ မခံစားနိုင် ဖြစ်‌ နေရတယ်ဟေ့! ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ရွံရှာမုန်းတီးမှုကို ငါချုပ်တည်း လိုက်တယ်။ 'တွေ့ကြသေးတာပေါ့လေ!' လို့ ငါ့ကိုယ်ငါ ပြောလိုက်တယ်။ 'ငါ့ရဲ့ခံစားချက်တွေကို ငါ့အပေါ် လွှမ်းမိုးခွင့်မပေးဘူး။ ဒီမှာပဲ ငါဆက်နေမယ်။ မင်းတို့စားဖို့ ရှာမပေး နိုင်် ပေမဲ့ မင်းတို့အတွက် ဟင်းကောင်းကောင်း တခွက်တော့ ငါချက်ကျွေးရမယ်' လို့ ငါ စဉ်းစားထားတယ်။ ငါ့ရင်ထဲမှာ ငါ့လူမျိုးတွေ ခံ နေရတဲ့ အနိုင်ကျင့်နှိပ်စက်ခံရမှုတွေနဲ့ ဖိနှိပ်သူတွေအပေါ် နက်ရှိုင်းတဲ့ မုန်းတီးမှုတွေက အခု ငါနဲ့ တပါတည်း ပါလာခဲ့တယ်။ အဲဒီ ဒုက္ခဝေဒနာတွေကို ငါ့နှလုံးသားကို အသွားထက် တဲ့ ဓားတလက်နဲ့ အပိုင်းပိုင်း လှီးဖြတ်နေသလိုမျိုး အမြဲတမ်း ခံစားနေရတယ်"

 

သူ့နဖူးပေါ်တွင် ချွေးများစို့လာ၏။ သူသည် ပခုံးတွန့်လိုက်ပြီး ပါဗယ်လ်ဆီသို့ ဖြည်းညင်းစွာ ကိုယ်ကို ကိုင်းကာ တုန်ရီနေသော လက်ဖြင့် ပခုံးကို တို့၍ —

"ငါ့ကို ကူညီပါကွာ! ငါ့ကို စာအုပ်တွေပေးစမ်းပါ— လူတယောက် ဖတ်ပြီးသွားရင် ဘယ်လိုမှ ငြိမ်ငြိမ်မနေနိုင်တော့မယ့် စာအုပ်မျိုး တွေ လေ။ သူ့ဦးနှောက်ထဲကို ဆူးချွန်ထက်တဲ့ ဖြူ တကောင် ထည့်ပေးလိုက်သလို ဖြစ်စေရမယ်။ မင်းတို့အတွက် ရေးနေကြတဲ့ အဲဒီမြို့သူမြို့သားတွေကိုလည်း ရွာသူရွာသားတွေအတွက်ပါ ရေးပေးဖို့ ပြောစမ်းပါ။ တရွာလုံး မီးလောင်သလို ဖြစ်သွားစေမယ့်၊ သေတာမှ ကောင်းဦးမယ် ဆိုတဲ့ ပြင်းထန်တဲ့ အမှန်တရားမျိုးကို သူတို့ ရေးခိုင်းစမ်းပါ" ဟု ပြောလေသည်။

 

သူ ဆက်ပြောမည့် စကားလုံး တိုင်း ကို အလေးအနက် ထားလို ဟန် ဖြင့် လက်ကိုမြှောက်လျက် အသံတိုးတိုးဖြင့် ယခုလို ပြောလိုက်ပြန်သည်။

 

"သေခြင်းတရားအတွက် သေခြင်းတရားနဲ့ပဲ လျော်ကြေးပေးပါစေ။ ဆိုလိုတာက လူထုတွေ အသက်ရှင်လာဖို့အတွက် သေပေးလိုက်ပါ။ ပြီးတော့ တကမ္ဘာလုံးက လူထုတရပ်လုံး အသက်ရှင်လာနိုင်ဖို့အတွက် ထောင်ပေါင်းများစွာ သေပေးကြပါစေ။ ဒါပါပဲ! သေဖို့ဆိုတာ လွယ်ပါတယ်— ဒါပေမဲ့ လူထု အသက်ရှင်လာအောင် လုပ်ဖို့ကတော့ နောက် တပိုင်း! သူတို့ တော်လှန်ပုန်ကန်ပြီး ထလာကြပါစေ!"

 

အမေက ရိုင်ဘင်ကို စောင်းငဲ့ကြည့်ရင်း ရေနွေးအိုး ကို ယူလာခဲ့သည်။ သူ၏ စူးရှ ပြင်းထန် သော စကားများက သူမအား ဖိစီး ထားသလို ခံစား နေရသည်။ သူ့ကို ကြည့်ရင်း သွားလေသူ ခင်ပွန်းဖြစ်သူကို သတိရမိသည်။ ခင်ပွန်းဖြစ်သူသည်လည်း သူ့လိုပင် သွားများကို ဖြီးပြတတ်သည်၊ဝမ်းနည်းပူဆွေးလာပါက လက်များကို လွှဲယမ်းတတ်သည်၊ အင်္ကျီ လက်ကို မ တင်တတ်သည်၊ သူ့တွင်လည်း အသံမထွက်ဘဲ သည်းမခံနိုင်သော ဒေါသများ ရှိနေတတ်သည်။ ရိုင်ဘင်ကမူ အသံမထွက်ဘဲ မနေ၊ သူသည် တိတ်ဆိတ်နေသူမဟုတ်ပေ။ သူသည် စကားပြောသည်၊ ထို့ကြောင့် သူက ပို၍ ကြောက်စရာ တော့ မကောင်းလှ။

 

"အဲ့ဒါက လိုအပ်တယ်" ဟု ပါဗယ်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "ကျေးလက်ဒေသတွေအတွက်လည်း သတင်းစာတစောင် လိုတယ်။ ကျွန်တော်တို့ကို သာအချက်အလက်တွေပေးပါ၊ ကျွန်တော်တို့ သတင်းစာရိုက်နှိပ်ပေးပါမယ်။"

 

မိခင်ဖြစ်သူသည် ပြုံးလျက်သားဖြင့် သားဖြစ်သူအား ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ သူမသည် ခြုံစောင်ကို အသာ ခြုံပြီး အိမ်ပြင်သို့ ထွက်သွားခဲ့သည်။

 

"အင်း လုပ်စရာရှိတာ လုပ်ပါ။ ကျုပ်တို့က ခင်ဗျားကို အကုန်ထောက်ပံ့ပေးမှာပါ။ နွားကလေးတွေတောင် နားလည်နိုင်လောက်အောင် တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းလေး ရေးပေးပါ" ဟု ရိုင်ဘင်က အသံကျယ်ကျယ်ဖြင့် ပြောသည်။

 

ထို့နောက် ပါဗယ်ထံမှ ရုတ်တရက် နောက်သို့ဆုတ်လိုက်ပြီး ခေါင်းယမ်းကာ ယခုလို ပြောပြန်သည် —

"အာ့ ၊ ကျုပ်သာ ဂျူးတယောက် ဖြစ်ခဲ့မယ်ဆိုရင်ပေါ့! ငါ့ရဲ့ချစ်သား၊ ဂျူးလူမျိုးဆိုတာ ကမ္ဘာပေါ်မှာ ယုံကြည်ချက်အပြင်းထန် ဆုံး လူသားတွေပဲကွ။ ပရောဖက် အေဇာယား ဒါမှမဟုတ် သည်းခံခြင်းကြီးမားတဲ့ ယောဘတို့ဟာ ခရစ်တော်ရဲ့ တမန်တော်တွေထက်တောင် ပိုပြီးပြင်းပြင်းပြပြ ယုံကြည်ခဲ့ကြတယ်။ သူတို့ရဲ့စကားတွေက လူတယောက်ရဲ့ ဆံပင်တွေ တောင် ထောင်သွားစေနိုင်လောက်အောင် စွမ်းတယ်။ ဒါပေမဲ့ တမန်တော်တွေကျတော့ကွယ် ပါဗယ်‌ ရေ၊ အဲဒီလို မလုပ်နိုင်ကြဘူး။ ပရောဖက်တွေက ဘုရားကျောင်းကို ယုံကြည်တာမဟုတ်ဘဲ သူတို့ကိုယ်သူတို့ ယုံကြည်ကြတာ၊ သူတို့ရဲ့ဘုရားသခင်ကို သူတို့ရဲ့ရင်ထဲမှာ တည်စေခဲ့ကြတာ။ တမန်တော်တွေကျတော့ ဘုရားကျောင်းတွေကို တည်ဆောက်ခဲ့ကြတယ်၊ ဘုရားကျောင်းဆိုတာက ဥပဒေပဲ။ လူသားဟာ ဥပဒေကို မဟုတ်ဘဲ သူတို့ကိုယ်သူတို့သာ ယုံကြည်ရမယ်။ လူသားတယောက်ရဲ့ ဝိညာဉ်ထဲမှာ ဘုရားသခင်ရဲ့ သစ္စာတရားကို သယ်ဆောင်ထားတာပဲ၊ သူဟာ ကမ္ဘာပေါ်က ရဲအရာရှိလည်း မဟုတ်ဘူး၊ ကျွန်လည်း မဟုတ်ဘူး! ဥပဒေအားလုံးဟာ ငါတို့ ရဲ့ရင်ထဲမှာပဲ ရှိကြတယ်"

 

မီးဖိုခန်းတံခါးပွင့်သွားပြီး လူတယောက် ဝင်လာသည်။ "ရီဖင်ပဲ" ဟု ရိုင်ဘင်က မီးဖိုခန်းထဲသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ "ဒီကိုလာ ရီဖင်။ ပါဗယ်၊ စဉ်းစားသာ စဉ်းစားပေတော့! မောင်ရင့် မှာ အများကြီး စဉ်းစားစရာ ရှိတယ်။ ဒါက ရီဖင်ပဲ။ သူ့က ပါဗယ်။ ငါ မင်းကို သူ့အကြောင်း ပြောပြဖူးတယ်။"

 

ရွှေရောင် ဖျော့ဖျော့ ဆံပင်၊ မျက်နှာ ပြည့်ပြည့် နှင့် အမွှေးပွကုတ်အင်္ကျီတိုကို ဝတ်ဆင်ထားပြီး ကိုယ်ခန္ဓာ တုတ်တုတ် ခိုင်ခိုင် နှင့် အားအင်ပြည့်ဝပုံရသော လူငယ်လေးတဦးသည် ပါဗယ်ရှေ့ ရောက်လာသည်။ သူသည် ဦးထုပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ၏ မီးခိုးရောင်မျက်လုံးများကို ဒေါင့်ကပ် ပြီး ပါဗယ်ကို ကြည့် လိုက်သည်။

 

"နေကောင်းတယ်နော် " ဟု အသံသြသြဖြင့် နှုတ်ဆက်ကာ ပါဗယ်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူ့ကောက်ကွေးနေသော ဆံပင်များကို လက်နှစ်ဖက်ဖြင့် သပ်လိုက်သည်။ ထို့နောက် အခန်းတွင်းသို့ ဝေ့ဝေ့ဝိုက်ဝိုက် ကြည့်လိုက်ရာ စာအုပ်စင်ကို တွေ့သွားသဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။

 

"တန်းပြီး အဲ့ဒီဘက်ကို သွားတာပဲ!" ဟု ရီဘင်က ပါဗယ်ကို မျက်စိမှိတ်ပြရင်း ပြောသည်။

 

ရီဖင်က စာအုပ်များကို လှန် လှော ကြည့်ရှုရင်း "ဖတ်စရာတွေ အများကြီးပါလား! ဒါပေမဲ့ ဒီမှာတော့ အချိန်သိပ်မရလောက်ဘူး ထင်တယ်ဗျာ။ ရွာဘက်တွေမှာဆို ဖတ်ဖို့အချိန်ပိုရကြတယ်" ဟု ဆို၏။

 

"ဒါပေမဲ့ ဖတ်ချင်တဲ့ စိတ်က သိတ်မရှိကြဘူး မဟုတ်လား" ဟု ပါဗယ်က ပြန် မေးလိုက်သည်။

 

"ဘယ်ကလာ ၊ သူတို့မှာလည်း ဖတ်ချင်တဲ့ ဆန္ဒရှိကြတာပေါ့" ဟု ထိုလူငယ်က မေးစေ့ကို ပွတ်ရင်း ဖြေလေသည်။

 

"အခုခေတ်က ဘယ်လိုလဲဆိုတော့ ကိုယ့်ဦးနှောက်နဲ့ကိုယ်မှ မတွေးရင် လဲသေရုံပဲ ရှိတော့တယ်။ လူတွေက သေချင်ကြတာ မဟုတ်‌ လေတော့ သူတို့ရဲ့ ဦးနှောက်တွေကို အလုပ်ပေးလာကြရတာပေါ့ဗျာ။"