အမေရိကန် တရားရုံးက တောင်ဆူဒန် နှင့် မြန်မာ နိုင်ငံသား များအား ယာယီ ကာကွယ် ပေးမှု ရုတ်သိမ်းပြီ

by Hla Soewai - Aug 10 2026

တရားသူကြီးနှစ်ဦးက သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့အနေဖြင့် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ပေးထားခဲ့သည့် ယာယီ ကာကွယ် ပေးထားသည့် (TPS) ရုပ်သိမ်းရေး ကို ဆက်လက်လုပ်ဆောင်ရန် သောကြာနေ့တွင် လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်သည်။

 

ဇွန်လက အမေရိကန် ဗဟို တရားရုံးချုပ် က ဟေတီနှင့် ဆီးရီးယားနိုင်ငံသား ထောင်ပေါင်းများစွာအတွက် အလားတူအကာအကွယ်ပေးထားမှုများကို ရုပ်သိမ်းရန်ခွင့်ပြုခဲ့သည်။ သို့သော် မြန်မာ နှင့် တောင်ဆူဒန် အတွက် ဆက်လက်ခွင့်ပြုပေးထားပါရန် လူ့အခွင့်အရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး လိုက်ပါ ဆောင်ရွက်သည့် ရှေ့နေ များ၏ နောက်ဆုံး အကြိမ် အသည်းအသန် ကြိုးပမ်းအားထုတ်ခဲ့ မှုများကို ဘော့စတွန်နှင့် ချီကာဂိုရှိ ဖက်ဒရယ် တရားသူကြီးများက ပယ်ချခဲ့သည်။

 

ကွန်ဆာဗေးတစ် (ရှေးရိုးစွဲ) များ လွှမ်းမိုး နေသော ဗဟိုတရားရုံးချုပ်က ဟေတီ၊ ဆီရီယား နိုင်ငံသားများအား ဆက်လက် အကာအကွယ် ပေးရေး အား ၆-၃ မဲဖြင့် ပယ်ချခဲ့ပြီး နောက်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံခန့်အတွက် TPS ရုပ်သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြိုးပမ်းချက်များကို အောက်ရုံးတရားသူကြီးများက ပြန်လည်သုံးသပ်နိုင်စွမ်းကို ကန့်သတ်သွားစေခဲ့သည်။

 

၂၀၁၀ မြေငလျှင် ဒဏ် ခံခဲ့ရပြီးနောက် ပိုင်း TPS ဖြင့် အကာအကွယ် ပေးထားသော ဟေတီ နိုင်ငံသား ၃၃၀,၀၀၀ ခန့်အား တပတ်လျှင် ၂၅၀ ခန့် နှုန်းဖြင့် ပြန်ပို့ပေးရန် စီစဉ်ထားသည်ဟု သိရသည်။

 

TPS သည် မိခင်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ လက်နက်ကိုင်ပဋိပက္ခများ သို့မဟုတ် အခြားသော ပုံမှန်မဟုတ်သည့် အရေးပေါ်အခြေအနေများကို ကြုံတွေ့ခဲ့ရသူများကို ယာယီနှင်ထုတ်ခြင်းမှ ကာကွယ်ပေးခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့်တို့ကို ပံ့ပိုးပေးထားပါသည်။

 

ပြည်ထဲရေး ဝန်ကြီးဌာန သည် နိုဝင်ဘာလ မှ စ၍ တောင်ဆူဒန် မှ ၂၃၂ ဦး နှင့် မြန်မာမှ ၄,၀၀၀ ခန့်အား ဖယ်ရှားရန် စတင် ကြိုးပမ်းလာခဲ့သည်။ သို့သော်လည်း ဘော်စတွန် နှင့် ချီကာဂို ရှိ ဖက်ဒရယ် တရားသူကြီး နှစ်ဦးက ပိတ်ဆို့ပေးခဲ့သည်။

 

ယခုအခါ လမ်းပွင့်သွားပြီ ဖြစ်၍ အီသီယိုပီယား နှင့် ဆိုမာလီယာ တို့အား ဖယ်ရှား နိုင်ရန် စတင်လာပြီ ဖြစ်သည်။

 

မြန်မာ နိုင်ငံသား များ အတွက် လုပ်ဆောင်သင့်သည့်အချက် ၅ ချက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

 

(၁) နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားရန် ဖြစ်နိုင်ခြေ ရှိမရှိ စဉ်းစားပါ။ (ရရှိထား သော ခိုလှုံခွင့်အတွက် သတ်မှတ်ထားသော အချိန်ကာလ ကန့်သတ်ချက်များကို အထူးဂရုပြုရန် လိုအပ်သည်)။

 

(၂) အမေရိကန်နိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် (Green Card) ရရှိထားသူ မိသားစုဝင်များ ရှိပါက ၎င်းတို့မှတဆင့် စပွန်ဆာပေး လျှောက်ထားနိုင်ခြင်း ရှိမရှိ စစ်ဆေးပါ။

 

(၃) မိမိလုပ်ကိုင်နေသည့် အလုပ်ရှင်မှ H-1B သို့မဟုတ် အခြားသော အလုပ်အကိုင်ဗီဇာအမျိုးအစားများအတွက် စပွန်ဆာပေးရန် အသင့်ရှိမရှိ ဆွေးနွေးပါ။

 

(၄) ကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုတွင် ပညာဆက်လက်သင်ကြားရန် ကျောင်းဝင်ခွင့် လျှောက်ထားခြင်းဖြင့် ကျောင်းသားဗီဇာ (F-1 Visa) ရရှိအောင် ကြိုးစားပါ။

 

(၅) ရွှေ့ပြောင်းနေထိုင်သူများအရေး ကူညီဆောင်ရွက်ပေးနေသော ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းများ (သို့မဟုတ်) အသိအမှတ်ပြု လူဝင်မှုကြီးကြပ်ရေး ရှေ့နေတဦးဦးနှင့် တိုင်ပင်ဆွေးနွေးပါ။

 

လောလောဆယ် လုပ်ထားသင့်သည်က အမေရိကန်နိုင်ငံအတွင်းရှိ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ ဒေသန္တရ ရွှေ့ပြောင်းအခြေချများအရေး ကူညီသည့် အသင်းအဖွဲ့များနှင့် ချိတ်ဆက်ထားသင့်သည်။

 

သို့မှသာ ၎င်းတို့ ပြုလုပ်ပေးမည့် သတင်းအချက်အလက် ဖြန့်ဝေသည့် အစည်းအဝေးများ (Informational Sessions or Legal Clinics) တွင် တက်ရောက်ခြင်းဖြင့် နောက်ဆုံးရ အခြေအနေများကို သိရှိနိုင်မည် ဖြစ်သည်။

 

ပြန်ရမည် ဆိုလည်း စစ်အုပ်စုက တို့ရဲ ထိရဲမည် မဟုတ်၊ ထိုသို့လုပ်မည် ဆိုက ဆူပူ ကန့်ကွက်မှု များ ထွက်ပေါ်လာမည် ဖြစ်၍ ထရမ့် အဖို့ ရှေ့ဆက်လုပ်၍ မရ ဖြစ်သွားပေမည်၊ စစ်အုပ်စုက ထရမ့်ကို ဒေါသ ထွက်အောင် လုပ်ရဲလိမ့်မည် မဟုတ်သည်ကား သေချာသည်။

 

မည်သို့ပင် ဆိုစေ ဘယ်သူသေသေ ငတေမာသမားများ ရှိနေသမျှ ပြည်သူများ အဖို့ ရှေ့လျောက် စိတ်ချမ်းသာစရာ များ ကြုံလာရဖို့ကား မရှိ၊ ယခုနေ အဆင်ပြေနေသူများသည်လည်း ကြိုးတန်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ဘယ်တော့ ပြုတ်ကျမလဲဟု ရင်တမမ နှင့် နေကြရမည်သာပင်။

 

လက်ရှိ တော်လှန်ရေးက ပြည်သူတို့ မပါလျင် ပြီးမြောက်ဖို့ ခက်နေဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!