မက်မာတင် မူကြိုကျောင်း ကလေးသူငယ် လိင် အလွဲပြု ကျင့်မှု တရားခွင် (၂)
အကျယ်ချဲ့ မှန်ဘီးလူးကို သုံး၍ ဒေါက်တာ ဟီဂါ က လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံခဲ့ရကြောင်း ညွှန်ပြနေသည်လိင်အင်္ဂါနှင့် စအိုဧရိယာများရှိ အမာရွတ်ပုံစံများကို တွေ့ရှိခဲ့သည်ဟု သူမက ပြောလာခဲ့သည်။ သို့သော် အခြားသော သုတေသီများကမူ စီအိုင်အိုင် (CII) ၏ ဆရာဝန် တွေ့ရှိခဲ့သော အမာရွတ်ပုံစံများသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရသည့် ရာဇဝင် လုံးဝမရှိသော ကလေးငယ်များတွင်ပင် အဖြစ်များသည့် ပုံစံများ ဖြစ်ကြောင်း တစိုက်မတ်မတ် ဆိုကြသည်။
ထို့ပြင် နိုင်ငံလုံးဆိုင်ရာ အသိအမှတ်ပြု ခံထားရသော ကလေးသူငယ်အလွဲသုံးစားမှု ကျွမ်းကျင်သူတစ်ဦးက ဒေါက်တာ ဟီဂါ၏ ပုံများကို အသုံးပြု၍ လျှို့ဝှက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ဆေးပညာကျွမ်းကျင်သူတို့၏ ဆန်းစစ်ချက်များအရ မည်သည့်ဆက်စပ်မှုမျှ မရှိကြောင်း တွေ့ရှိခဲ့ရသည်။
၁၉၈၄ ခုနှစ် မတ်လတွင် တရားစွဲဆိုသင့်မသင့် ပဏမ စိစစ်သော ဂရင်း ဂျူရီ အဖွဲ့ က ရေးဘပ်ကီ၊ သူ၏မိခင် ပက်ဂီဘပ်ကီ ၊ သူ၏နှမ ပက်ဂီအန်ဘပ်ကီ (Peggy Ann Buckey) နှင့် လွန်ခဲ့သော အနှစ်သုံးဆယ်က အဆိုပါ သူငယ်တန်းကျောင်းကို တည်ထောင်ခဲ့သူ ဗာဂျီးနီးယား မက်မာတင် တို့ကို စွဲချက်တင်ခဲ့သည်။ အဆိုပါ ဂရင်းဂျူရီအဖွဲ့သည် ကျောင်းရှိ အခြားသော အမျိုးသမီးဆရာမ သုံးဦးကိုလည်း စွဲချက်တင်ခဲ့သည်။ "မက်မာတင် ခုနစ်ဦး" (The “McMartin Seven”) သည် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု စွဲချက်ပေါင်း ၁၁၅ ခုကို ရင်ဆိုင်ခဲ့ရသည်။ နှစ်လအကြာတွင် စွဲချက်ပေါင်း ၉၃ ခု ထပ်မံတိုးမြှင့်ခဲ့သည်။ လူအများ အထူး အာရုံစိုက်ခြင်း ခံရသော အမှုတွင် စွဲချက်အသစ်များ ထပ်မံတိုးမြှင့်ခြင်းကို လာမည့် ပဏာမ ရွေးကောက်ပွဲတွင် အနိုင်ရမည့်အခွင့်အလမ်းကို မြှင့်တင်ရန်အတွက် ခရိုင်ရှေ့နေ၏ မဟာဗျူဟာတစ်ရပ်အဖြစ် အချို့က မြင်ခဲ့ကြသည်။ ပက်ဂီဘပ်ကီ၏ အာမခံငွေကို ဒေါ်လာ တသန်းအဖြစ် သတ်မှတ်ခဲ့သည်။ ရေးဘပ်ကီကိုမူ အာမခံမပေးဘဲ ချုပ်နှောင်ထားခဲ့သည်။
ရှေ့ပြေးကြားနာစစ်ဆေးမှု စတင်ချိန်တွင် တရားလို အစိုးရရှေ့နေ လယ်ရူဘင် က မူလစွပ်စွဲချက်များတွင် ပါဝင်သည်ထက် အဆများစွာ ပိုမိုများပြားသော လိင်ပိုင်းဆိုင်ရာ ပြစ်မှုပေါင်း ၃၉၇ ခုကို တရားခံခုနစ်ဦးက ကျူးလွန်ခဲ့ကြကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ မက်မာတင်မူလတန်းကျောင်းနှင့် ပတ်သက်ဆက်နွှယ်နေသူ အခြားလူသုံးဆယ်ခန့်ကိုလည်း ဆက်လက်စုံစစစ်ဆေးလျက်ရှိကြောင်း သူမက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဤဖြစ်ရပ်များသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် အခြားသော တရားခွင်တခုကို ပြန်၍ အမှတ်ရစရာ ဖြစ်လာခဲ့ရသည်။ ကလေးငယ်တဦးထံတွင် ထူးဆန်းသော လက္ခဏာများ စတင်ခံစားခဲ့ရာမှ ပထမဦးဆုံး စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည့် တရားခွင်မျိုးပင် ဖြစ်ပေသည်။ မကြာမီမှာပင် ထိုစွပ်စွဲချက်များသည် အကြောင်းပြချက် မရှိတော့ဘဲ လွန်စွာ ကြီးထွားလာခဲ့ကာ လူဒါဇင်ပေါင်းများစွာ သံသယရှိခံရခြင်း သို့မဟုတ် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထိုစဉ်က စွပ်စွဲချက်များကို သံသယစိတ်ဖြင့် ဝေဖန်ဆန်းစစ်ချက်များကို ထုတ်ဖော်ပြောဆိုရန် မိမိတို့ကိုယ်တိုင်ပါ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် သတ္တိရှိသူ အလွန်ပင် နည်းပါးခဲ့သည်။ ထို တရားခွင်သည် အခြား တော့ မဟုတ်၊ ဆေလမ် စုန်းမ ဆိုသူအား ဖမ်းဆီးစစ်ဆေးခဲ့သည့် တရားခွင်များ ပင် ဖြစ်ပေသည်။
ဒိုရိုသီ ရာဘင်နိုဝစ်ဇ် သည် ၁၉၉၀ ပြည့်နှစ် ထုတ် Harper's Magazine ဆောင်းပါးတပုဒ်တွင် အလားတူ သဘောတရားမျိုး ရေးသားခဲ့သည်။ အဆိုပါဆောင်းပါးသည် နယူး ဂျာစီပြည်နယ်ရှိ မူကြိုကျောင်း အမှုတခုတွင် မတရား အပြစ်ပေးခံရသော ဆရာမတစ်ဦးကို လွတ်မြောက်လာစေရန် ကူညီပေးခဲ့သည့်အကြောင်း ဖြစ်သည်။
ရာဘင်နိုဝစ်ဇ်က ရေးသားခဲ့သည် - "ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ငါးဆယ် မှာ တကြိမ်လောက်တော့ ကောင်းကျိုးတရားများသည် အစွန်းရောက် ကိုးကွယ်ယုံကြည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖောက်ပြန်ပျက်စီးမှုဒဏ်ကို ခံကြရလေ့ရှိပါတယ် — အဲဒါကတော့ တမျိုးမဟုတ်တမျိုး မကောင်းမှုအပေါင်းကို ဖယ်ရှားပစ်တယ်ဆိုပြီး မိမိကိုယ်ကို သန့်စင်အောင် လုပ်ဆောင်ကြတဲ့ အစွန်းရောက် ယုံကြည်မှု၏ ရူးသွပ်ကြမှု မျိုး ဖြစ်ပါတယ်။ ဆေလမ် မြို့ရဲ့ စုန်းမလိုက်ဖမ်းမှုတွေကနေ မက်ကာသီခေတ်ရဲ့ ကွန်မြူနစ်လိုက်ဖမ်းမှုတွေ၊ အဲဒီကနေ လက်ရှိ ကလေးသူငယ် မူလတန်းအရွယ် အလွဲသုံးစားလုပ်မှုအပေါ် အစွန်းရောက် ရူးသွပ်နေကြတဲ့ အခြေအနေတွေအထိ သာဓကအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ရူးသွပ်မှုဆိုတဲ့ တူညီတဲ့ ကြိုးကြောင်းဆက်စပ်ချက်တခု စီးဆင်းနေပါတယ်။
မက်ကာသီခေတ် ပြီးဆုံးသွားတဲ့အခါ လူတွေက ‘ဒါပေမဲ့ ဒါတွေ ဘယ်လိုလုပ် ဖြစ်နိုင်ခဲ့တာလဲ၊ "အမှု ထင်ရှား မစီရင် မချင်း အပြစ်မရှိသေးဘူးလို့ ယူဆပိုင်ခွင့်" ကို ဘယ်လိုလုပ် တပြိုင်နက်တည်း စွန့်လွှတ်ခဲ့ကြတာလဲ၊ စုံစမ်းစစ်ဆေးသူတွေက နိုင်ငံသားအခွင့်အရေးတွေကို ဖေါက်ဖျက် စော်ကားနေကြချိန်မှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးတွေက ဘယ်လိုလုပ်ပြီး ငြိမ်ခံနေခဲ့ကြတာလဲ’ ဆိုပြီး မေးမြန်းကြပါလိမ့်မယ်။ ... နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ လူတွေဟာ ကျွန်ုပ်တို့ရဲ့ လက်ရှိခေတ်ကာလနဲ့ ပတ်သက်ပြီး အဲဒီလို မေးခွန်းမျိုးတွေကို မလွဲမသွေ မေးမြန်းကြလိမ့်မယ် — အဲဒါကတော့ အဓိပ္ပာယ်မရှိလောက်အောင် မဖြစ်နိုင်တဲ့ တလွဲ လုပ်လာတဲ့ စွပ်စွဲချက်တွေကိုတောင် ယုံကြည်သူတွေ ပေါ်ပေါက်နေတဲ့၊ အမည်မသိ သတင်းရင်းမြစ်တွေရဲ့ စွပ်စွဲချက်တခုတည်းနဲ့တင် တာဝန်ရှိသူတွေ ဖက်က ဖမ်းဆီးခေါ်ဆောင်သွားကြဖို့ လုံလောက်နေပြီ ဆိုတဲ့ အမြင်နဲ့၊ ကလေးသူငယ် အလွဲသုံးစားလုပ်သူများကို လိုက်လံရှာဖွေခြင်းဟာ တနိုင်ငံလုံး စွဲကပ်လာတဲ့ ရောဂါဆိုးတခု ဖြစ်လာခဲ့တဲ့ အချိန်ကာလလို့ ဆိုရပါမယ်"
တရားခံ ခုနစ်ဦး၏ နေအိမ်များကို ရှာဖွေစစ်ဆေးခဲ့သော်လည်း ပြစ်မှုထင်ရှားစေမည့် သက်သေအထောက်အထား အများအပြား ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ စုံစမ်းစစ်ဆေးရေးမှူးများနှင့် မိဘများက ထိုသို့ဓာတ်ပုံရိုက်ကူးခြင်းမှာ ကျောင်းတွင် အလေ့အထလို ဖြစ်နေကျဟု အခိုင်အမာ ပြောဆိုခဲ့ကြသော်လည်း ကလေးငယ်များ၏ အဝတ်ဗလာ နှင့် ဓာတ်ပုံတပုံမျှ ရှာမတွေ့ခဲ့ကြ။
ထပ်ခါတလဲလဲ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုကြသည့် “လျှို့ဝှက်ခန်းများ” ရှိနေကြောင်း ဖော်ပြသည့် သက်သေအထောက်အထားလည်း လုံးဝ မတွေ့ရှိခဲ့ရပေ။ မက်မာတင်ကျောင်းသား မိဘ ငါးဆယ်နီးပါးပါဝင်သည့် အုပ်စုတစုကမူ ထိုဒဏ္ဍာရီ ဆန်ဆန် လျှို့ဝှက်ခန်းများ အမှန်တကယ်ရှိနေဆဲဖြစ်ကြောင်း ခိုင်မာစွာ ယုံကြည်နေဆဲပင် ဖြစ်သည်။
မိဘများသည် ကျောင်းဘေးရှိ မြေကွက်လပ်အား စတင်တူးဖော်ခဲ့ကြပြီး ရက်အနည်းငယ်အကြာတွင် ခရိုင်ရှေ့နေရုံး က ငှားရမ်း ပေးခဲ့သော ရှေးဟောင်းသုတေသနကုမ္ပဏီတခုလည်း ၎င်းတို့နှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်။ သို့သော်လည်း လျှို့ဝှက်ခန်းများကို လုံးဝ ရှာမတွေ့ခဲ့ပေ။
သမိုင်းတွင် အရှည်လျားဆုံးနှင့် အဆန်းကြယ်ဆုံးဟု ပြော၍ရသောရှေ့ပြေးကြားနာပွဲ တွင် စွပ်စွဲခံရသူ ခုနစ်ဦး (တဦးစီတွင် ကိုယ်ပိုင်ရှေ့နေအသီးသီးပါရှိကြသည်) နှင့် တရားလိုဘက်မှ ရှေ့နေသုံးဦးတို့ ပါဝင်လာကြ၍ ရှုပ်ထွေးလှသော တရားရင်ဆိုင်မှုတခု ဖြစ်လာခဲ့သည်။ ပုံမှန်ရှေ့ပြေးကြားနာပွဲများတွင် တရားလိုဘက်က စွပ်စွဲခံရသူများကို တရားရုံးတင်စစ်ဆေးရန်အတွက် အကြောင်းပြချက် ခိုင်လုံကြောင်း ပြသရန် ကြိုးစားကြပြီး တရားခံဘက်မှမူ ငြိမ်သက်စွာ စောင့်ကြည့်လေ့ရှိကြသည်။
သို့သော် ဤ မက်မာတင် ကြားနာပွဲတွင်မူ တရားခံဘက်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်ခုခံခဲ့ကြသည်။ တရားခံဘက်မှ ရှေ့နေများသည် အလွန်အမင်း မတရားပြုကျင့်ခံခဲ့ရသည်ဟု ဆိုကြသည့် ကလေးငယ်များ၊ မိဘများ၊ ကုထုံးပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ အပါအဝင် တရားလိုဘက်မှ သက်သေအမြောက်အများကို စေ့စေ့စပ်စပ် တန်ပြန်မေးးခွန်းထုတ် ချေဖျက် လာခဲ့ကြသည်။
ထိုမျှ များပြားလှ သော ကလေးသူငယ်များ လိင် အလွဲသုံးစားပြု ခံရမှုမျိုးမှာ မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာတိုင်အောင် မည်သူမျှ မသိရှိဘဲ အဘယ်သို့ များ ဆက်၍ ကျုးလွန် နိုင်ခဲ့သနည်း ဟူသော မေးခွန်းများကို တရားခံဘက်မှ ထုတ်ဖော်ခဲ့သည်။ တရားလိုဘက်မှ ကလေးသက်သေများ၏ ထွက်ဆိုချက်အများစုမှာ ယုံကြည်ရန်လုံးဝမဖြစ်နိုင်ကြောင်းကိုလည်း တရားခံဘက်မှ ပြသရန် ကြိုးပမ်းခဲ့ကြသည်။ ကီး မက်ဖာလိန်း သည် ရှေ့ပြေးကြားနာပွဲတွင် ထွက်ဆိုချက်ပေးခဲ့သည်။ သူမက ဤကဲ့သို့ အလွဲသုံးစားပြုမှုများကို မသိရှိခဲ့ရခြင်းမှာ ကလေးများသည် "ငြင်းဆန်ခြင်းရောဂါစု" (denial syndrome) ရှိနေကြခြင်းကြောင့်ဖြစ်စေ၊ သို့မဟုတ် မက်မာတင် ကျောင်း ၏ အမှောင်ဖုံးနေသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်ပါက မိမိတို့ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များ သေဆုံးသွားမည်ကို ကြောက်ရွံ့နေကြခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
မက်ဖာလိန်း က ကိုယ်ခန္ဓာအစိတ်အပိုင်းပုံစံအတိုင်း ပြုလုပ်ထားသော အရုပ်များနှင့် ရုပ်သေးရုပ်များ၏ အကူအညီဖြင့် အဆိုပါ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူမသည် အရုပ်များနှင့် ရုပ်သေးရုပ်များအတွက် သူမကိုယ်တိုင် ဖန်တီးပေးထားသော အသံများကို အသုံးပြုကာ အင်တာဗျူးများပြုလုပ်စဉ် ကလေးများကို မေးခွန်းများ မေးမြန်းခဲ့သည်။ ၎င်းတို့မှာ မစ္စတာ မိကျောင်း၊ မစ္စတာ မြွေ၊ ခွေး စုံထောက် နှင့် မစ္စတာ စပါကီ စသည့် ရုပ်သေးရုပ်များ ဖြစ်ကြသည်။
အင်တာဗျူး ဗီဒီယိုဖိုင်များအရ မက်ဖာလိန်း နှင့် အခြားသော ကုထုံးပညာရှင်များသည် ကလေးများအား စွပ်စွဲသူများ ဖြစ်လာစေရန် ဆွဲဆောင်ရာ၌ သွယ်ဝိုက်သော မေးခွန်းများနှင့် သိမ်မွေ့သော ဖိအားပေးမှုများကို အဓိက အသုံးပြုခဲ့ကြကြောင်း သိသာထင်ရှားနေပေသည်။
တရားခံဘက်မှ ရှေ့နေများသည် မက်မာတင် မူကြိုကျောင်းမှ ကုထုံးပညာရှင်တဦးက ကလေးငယ်တဦးအား သူ့မတိုင်မီကလေးပေါင်း ၁၈၃ ဦးက "စက်ဆုပ်ဖွယ် လျှို့ဝှက်ချက်များ" ကို ဖော်ပြပြီးဖြစ်ကြောင်း ပြောဆိုနေသည့် အသံခွေများကို ပြသခဲ့ရာတွင် ကြည့်ရှုသူများ အံ့သြသင့်သွားခဲ့ကြသည်။ ထိုအသံသွင်းထားသော အင်တာဗျူးတွင် ကုထုံးပညာရှင်က မက်မာတင်ကျောင်းမှ ဆရာမအားလုံးသည် "ဦးနှောက်ခြောင်နေကြသူများ" ဖြစ်ပြီး ရိုက်နှက် ခံထိုက် သူများဖြစ်ကြောင်း ကလေးများကို ပြောဆိုထားသည်။
မဏမ ကြားနာပွဲတွင် ကလေးအချို့၏ ထွက်ဆိုချက်မှာ အလွန်တရာ ထူးဆန်းအံ့သြဖွယ်ကောင်းလှသည်။ ၎င်းတို့အနက် အများစုမှာ ကွဲလွဲချက်များ၊ ဆန့်ကျင်ဘက် အချက်အလက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ကလေးအချို့က "ကိုယ်တုံးလုံး ရုပ်ရှင်မင်းသား ဂိမ်း" ဟုခေါ်ဆိုသည့် အစီအစဉ်၏ တစိတ်တပိုင်းအနေဖြင့် အဝတ်မပါဘဲ လူးလဲထိုးကစားနေစဉ် ဓာတ်ပုံရိုက်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။ အခြားကလေးများကလည်း "ကောင်းဘွိုင် နှင့် အင်ဒီးယန်း" ကစားပွဲကို အဝတ်မပါဘဲ ကစားခဲ့ကြကြောင်း ထွက်ဆိုကြသည်။ တခါတရံတွင် အင်ဒီးယန်းလူမျိုးများက ကောင်းဘွိုင် များကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြပြီး၊ တခါတရံတွင်မူ ထိုနည်းအတိုင်း ပြောင်းပြန်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။