ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတို့က သောကြာနေ့တွင် တောင်းဆိုလိုက်ကြသည်။
အာဆီယံ နှင့် အမေရိကန်တို့က ပူးတွဲ တောင်းဆိုခဲ့ခြင်း မဟုတ်ဘဲ သီးခြားစီ ကြေညာချက် ထုတ်ပြန် ခဲ့ကြခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဌာနက "ကြက်ခြေနီ ကိုယ်စားလှယ် နှင့် တွေ့ဆုံခွင့် ရခဲ့မှု သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ဖို့ လမ်းစ ဖြစ်လာရမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးထံသို့ ပိုမိုဆက်သွယ်ခွင့်ရရှိရေးအတွက် လမ်းခင်းပေးနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်" ဟု ဖော်ပြထားပြီး သူမအား "ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်" တောင်းဆိုခဲ့သည်။
ထို့အပြင် ၎င်းတို့ အာဏာသိမ်းခဲ့၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် ဆွေးနွေးကြရန်လည်းစစ်အုပ်စု ကို တောင်းဆိုခဲ့သည်။
အာဆီယံ ဥက္ကဌ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံ အထူးကိုယ်စားလှယ် ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန် နှင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မင်းအောင်လှိုင် အုပ်စုက အာဆီယံ အား ဖြိုဖျက်ရန် ၎င်းတို့ သိထားသည့် အသိ နှင့် စစ်ရေး စီမံချက်ကဲ့သို့ သဘောထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခု အခါ ထိုင်း နှင့် လာအို ပြိုလဲသွားပြီ ဖြစ်၍ နောက်တကြိမ် ထိုးစစ် အဖြစ် ဟနွိုင်ကို မျက်စောင်းထိုးနေပြီ ဖြစ်သည်။
သို့သော် သောကြာနေ့က အဆုံးသတ်သွားသော ဘန်ကောက် ခရီးစဉ်သည် ၎င်းကဲ့သို့ အရှက်တရား ဘေးချိတ်ထားသူ အဖို့ အောင်မြင်သည်ဟု ယူဆ မည် ဖြစ်သော်လည်း အိမ်ရှင် အစိုးရ အဖို့ ဝေဖန် ရှုတ်ချ ခံခဲ့ရပြီးမျက်နှာပန်း မလှ ဖြစ်ကျန်ခဲ့ရ ရှာသည်။
ကမ္ဘာပေါ်တွင် ဝိုင်းပယ် ခံထားရမှု တွင် ထိပ်ဆုံးက ရှိနေသော ခေါင်းဆောင်တယောက်ကို ထိုင်းက တခမ်းတနား ကြိုဆိုခဲ့သည်ဟု လန်ဒန်ထုတ် အင်ဒီးပင်းဒင့် သတင်းစာကြီး က ရေးသားခဲ့သည်။
ထိုင်း အစိုးရ၏ လုပ်ရပ်သည် စစ်အာဏာရှင် အဖွဲ့ကို အားပေးကူညီရာရောက်ပြီး ပဋိပက္ခကြောင့် လူ့အသက်များနှင့် လူသားချင်းစာနာမှုဆိုင်ရာ ရှေ့လျောက် ပို၍ တန်ဖိုးကြီးကြီး ပေးဆပ်အောင် အားပေး ကူညီရာ ကျသည်ဟု ဆိုသည်။
မင်းအောင်လှိုင် တောင့်တနေသည့် တရားဝင်မှုနှင့် နိုင်ငံတကာ၏ လက်ခံမှုကို ပေးလိုက်ခြင်းသည် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံစလုံးကို ထိခိုက်နစ်နာစေမည့် နိုင်ငံရေးအရ မှားယွင်းသော တွက်ချက်မှုတခုသာ ဖြစ်သည်ဟု Burma Campaign (UK) ဒါရိုက်တာ မတ်ခ် ဖာမင်နာက ဆိုသည်။
၎င်း ခရီးစဉ်၏ နောက်ဆုံးရက်တွင် ထိုင်းပါလီမန်အတွင်းနှင့် မြို့တော်တဝန်း၌ တိုက်ရိုက်နိုင်ငံရေးဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ မောင်ကွန် ဆူရာဆာဂျာ နှင့် တွေ့ဆုံရန် ရောက်ရှိလာစဉ် ထိုင်းအတိုက်အခံပါလီမန်အမတ် အနုဆွန် တာမာဂျိုင်း (ပြည်သူ့ပါတီ) က “ငြိမ်းချမ်းရေးအတွက်၊ လူသားမျိုးနွယ်အတွက်” ဟု မင်းအောင်လှိုင် ဝင်လာစဉ် အကြိမ်ကြိမ်ကြွေးကြော်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပါလီမန် ဧည့်ခမ်းမမှ အတင်းအဓမ္မ ဆွဲခေါ် သွားခဲ့ရသည်။ အနုဆွန်သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းသည့် တရားဝင်စာလွှာကို ပေးအပ်ရန် ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုင်းပါလီမန်အမတ် ကန်နာဗီ ဆွတ်ဆန်း က ဝန်ကြီးချုပ် အာနုတင်၏ စစ်အာဏာရှင်ခေါင်းဆောင်အား ကော်ဇောနီ ခင်းကြိုဆိုမှုကို လူမှုကွန်ရက်ပေါ်တွင် အများသိ အောင် ဝေဖန်ရှုတ်ချ ခဲ့ပြီး “ရင်းနှီးမြှုပ်နှံမှုမလုပ်မီ ငြိမ်းချမ်းရေးကို ဦးစားပေးရမည်” ဟု ဖော်ပြခဲ့သည်။
ရန်ကုန်ပြည်သူ့သပိတ် ကော်မတီနှင့် မြန်မာ့အရေး အဝေးရောက် အဖွဲ့ (BEM) တို့သည် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် “မြန်မာနိုင်ငံ သွေးထွက်သံယိုဖြစ်နေပြီ။ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုပါ နှင့်” ဟု ရေးသားထားသော ဆိုင်းဘုတ်ကို ထောင်ပြဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် သြဂုတ်လ ၆ ရက်နေ့ကလည်း ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International)၊ Justice For Myanmar နှင့် Fortify Rights တို့က မင်းအောင်လှိုင်အား ထိုင်း အစိုးရ၏ ကြိုဆိုလက်ခံမှုကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး လူမဆန်သည့် ရာဇဝတ်မှုများတွင် ၎င်း၏ပါဝင်ပတ်သက်မှုနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝမ်းထုတ်ရန် လျှောက်ထားခံရသူတစ်ဦးဖြစ်သည့် အခြေအနေတို့ကို ထင်ရှားပေါ်လွင် အောင် ထုတ်ဖေါ်ခဲ့ကြသည်။
ယနေ့သည် လူထု တရပ်လုံး နိုင်ငံသမိုင်းတလျှောက် မကြုံဖူးအောင် ဒီမိုကရေစီ အရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ် ဖေါ် ခဲ့မှု များကို စစ်အာဏာရှင်များက သွေးမြေကျ အောင် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုကြီး၏ ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။ မြန်မာ တို့၏ ဒီမိုကရေစီ လှုပ်ရှားမှု ကြီး ပေါက်ဖွားလာခဲ့မှု နှင့် အတူ စစ်အာဏာရှင် တို့ ပါးစပ်ဖျား တွင် ဒီမိုကရေစီ ဆိုသည့် စကားကို အစဉ် အဆက် ရွှန်းရွှန်းဝေအောင် ရေရွတ်လာခဲ့ရသည် အထိ ရှစ် လေးလုံး အရေးတော်ပုံကြီးကို သိမ့်သိမ့်တုန် အောင် ကြောက်ရွံ့ခဲ့ကြရသည်၊ ငွေစက္ကူများကိုလည်း မသိမ်းတော့ ပါဟု ကတိပေးလာခဲ့ကြရသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဆယ်စုနှစ် လေးစုနီးပါး ကြာမြင့်လာခဲ့သော်လည်း ဒီမိုကရေစီအုပ်ချုပ်ရေး ခေတ္တမျှ ထွန်းကားခဲ့သည်ကလွဲ၍ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ချုပ်ချယ်မှုမှာ ပိုမိုဆိုးရွားလာခဲ့ပြီး လက်ရှိအာဏာရှင် မင်းအောင်လှိုင်သည် ၎င်း၏ ယခင်ရှေ့ပြေးခေါင်းဆောင်ဟောင်းများ၏ လူမဆန်မှုနှင့် ရာဇဝတ်မှုများထက်ပင် လက်စွမ်းပြ ကျူးလွန်နေပြီ ဖြစ်သည်ဟု Fortify Rights မှ ဘီနီဒစ် ရော့ဂျာစ် က ရေးသားခဲ့သည်။
၎င်းတို့ လက်အောက် နှစ်ပေါင်း ၈၀ နီးပါး ကျရောက်ခဲ့စဉ် အတွင်း ပြည်တွင်းစစ်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ စီးပွားရေးပြိုလဲမှုနှင့် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းတို့ကို အဆုံးသတ်ရန် ယခုပင် အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို ရှာဖွေကြပြီး မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ ဒုက္ခ ပေါင်းစုံ ခံစားနေကြရသော ပြည်သူများအတွက် တရားမျှတမှုနှင့်အတူ ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက် ပေးကြပါစို့ဟု လည်း တိုက်တွန်းသွားခဲ့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!
There are people who make things happen, people who watch things happen and people who wonder what happened.
Jim Lovell
"အချို့သော လူများသည် အရာရာကို ကိုယ်တိုင်ဖန်တီး ယူကြသည်။ အချို့ကမူ ဖြစ်ပျက်နေသည်ကို ထိုင်၍ ကြည့်နေတတ်ကြသည်။ ကျန်ရှိသော လူများကမူ ဘာတွေဖြစ်ပျက်ကုန်ပြီလဲဟု အံ့ဩမင်သက်၍ နေတတ်ကြသည်။"