ရွေးကောက်ပွဲ (၄)

by Hla Soewai - Oct 17 2020

အေအေ အဖွဲ့က တောင်ကုတ်ရှိ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ဖမ်းဆီးခေါ် ဆောင်သွား သည့် သတင်းက ဟိုလေး တကျော်ကျော် ဖြစ်သွားခဲ့သည်။

 

ဤသည်က အေအေ သည် ကိုလံဘီယာတွင် ဖိန့်ဖိန့်တုံအောင် ဖြစ်ခဲ့သော FARC သူပုန်အဖွဲ့ ပုံစံမျိုး ချိုးလာခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

 

အေအေ၏ ရည်ရွယ်ချက်က အစိုးရနှင့် စစ်တပ်အကြား ကုလားဖန်ထိုး ခြိမ်းခြောက်ရန် သာ ဖြစ်သော်လည်း နိုင်ငံရေးအရ အမြတ်မထွက်သည့်အပြင် ၎င်းတို့ အဖွဲ့

အစည်းအား အကြမ်းဖက် အဖွဲ့ဟု အစိုးရက သတ်မှတ်ထားခြင်းကို မှန်ကန်ကြောင်း နိုင်ငံတကာက သိရှိအောင် ထောက်ခံ ပေးလိုက်သကဲ့သို့ပင် ဖြစ်သွားရသည်။

 

အမေရိကန် သံရုံးကလည်း ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ အမေရိကန် အစိုးရ၏ လက်ရှိ နိုင်ငံခြားရေး မူဝါဒသည် မြန်မာပြည်၏ ပြည်တွင်းရေး တည်ငြိမ်မှု ရှိရန် နှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် ဆက်လက် လျောက်လှမ်းနိုင်စေရန် အားပေးသွားရန်သာ ဖြစ်သည်။

 

အမေရိကန်တို့ ဖက်ကလည်း အတိုက်အခံများသာ အာဏာရသွားမည်ဆိုက ကြိမ်းသေပေါက် ညွှန်ပေါင်း ဖြစ်လာပြီး လက်တည့် စမ်းကြမည့် သူများသာ ဖြစ်မည်ကို သိထားပြီး တယောက်တပေါက်နှင့် မည်သူအဖေခေါ်ရမှန်းမသိ၊ တခုခု ဆို ရေရေရာရာ ဖြေနိုင်မည် မဟုတ်သည့်အပြင် ဝီဟက် ဝီဟက် နှင့် ရှေ့မတိုးတော့မည့်သူများနှင့် ရင်ဆိုင်ကြရပေဦးမည်။

 

အမေရိကန် တို့အတွက် အစိုးရ အပြောင်းအလဲ ဖြစ်ပါက ယခင်အတိုင်း အကျင့်ပျက် ချစားမှု များ တောင်ပုံရာပုံ ဖြစ်လာမည့် အစိုးရ မျိုး နှင့် ကြုံရပေမည်။ထို အနေအထားမျိုးက တောင်ဗီယက်နမ်တွင် သင်ခန်းစာ ရခဲ့ပြီးလည်း ဖြစ်သည်။

 

ဒီထက် ပို၍ စိုးရိမ်လာရသည်က ပြည်တွင်းရေး မငြိမ်မသက် ဖြစ်လာမည့် အရေးပင်၊ စစ်တပ် ထောက်ခံသည့် အစိုးရက NLD နောက်တကြိမ် အာဏာ ပြန်ရရေး ကို မည်သို့မျှ ခွင့်ပြူတော့မည် မဟုတ်၍ ၎င်းတို့ အား ဆန့် ကျင်လာသူများကို ဥပဒေ ပုဒ်မ အမျိုးမျိုးဖြင့် ‌သော်၎င်း၊ အကြမ်းဖက် နည်းလမ်းများ ဖြင့် သော်၎င်း နှိပ်ကွပ်လာကြပေမည်၊ ထိုအခါ တွင် ပြင်းထန်သော လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာမည်ကား ကြိမ်းသေဟု တွက်ဆထား ကြပြီလည်း ဖြစ်သည်။

 

ထိုအခါတွင် နိုင်ငံတကာ ဆန့်ကျင်မှုများ၊ စီးပွား ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြန် ကြုံလာရပြီး ဗိုလ်သန်းရွှေစစ်အစိုးရကဲ့သို့ တရုတ်ကို အဖေခေါ်ကြ‌‌ ပေတော့မည်၊ တရုတ်ကလည်း ကျေးဇူးရှင်ကြီး အဖြစ် အခွင့်အရေး အမျိုးမျိုး တောင်းဆိုလာမည်၊ ထိုအထဲတွင် အေအေ နှင့် ငြိမ်းချမ်းရေး ယူပြီး ကိုယ်ပိုင် အုပ်ချုပ်ရေး ပေးရန်ပါ ပါဝင်လာမည်၊ ရည်ရွယ်ချက် က အိန္ဒိယမှ ခြေရှုပ်လာမည့် အရေးကို ဟန့်တားရန်ပင် ဖြစ်သည်။

 

ဗိုလ်သန်းရွှေ လက်ထက်တွင် ဒီပဲယင်း လုပ်ကြံမှု ကြီး၊ အထွေထွေ စီးပွားရေး ကြပ်တည်း လာမှု ကြီးနှင့် အတူ ပေါ်ပေါက်လာသော ရွှေဝါရောင် တော်လှန်ရေး ကြီးကြောင့် ပြုတ်ကျလုဆဲဆဲ ဖြစ်လာသော မြန်မာ စစ်အစိုးရ အား နိုင်ငံတကာ စင်မြင့်တွင် ကျားကုတ်ကျားခဲ ကာကွယ်ပေးခဲ့ရ၍ မြစ်ဆုံကို မလုပ်သင့် မှန်း သိသိကြီး နှင့် မတန်တဆ ထိုးအပ်ပြီး ကျေးဇူး ဆပ်ခဲ့ရသည်။

 

နောက်တခါ ရလေလိုလေ အို‌တစ္ဆေ ဖြစ်လာကာ ဒီထက်တိုး၍ တောင်းဆိုလာပါက မပေးနိုင်သည့် အနေအထား ဖြစ်လာတော့မည်ကို စိုးရိမ်လာကြသည်။ ထို့အတွက်လည်း ဗိုလ်သန်းရွှေသည် တရုတ်ရင်ခွင်မှ ထွက်နိုင်ရန် ကာလကြာမြင့်စွာ အချိန်ဆွဲထားသည့် ဖွဲ့စည်းပုံကို နာဂစ် ဖြစ်နေသည့် ကြားမှပင် အတင်း အတည်ပြုကာ နိုင်ငံတကာမှ လက်ခံနိုင်မည့် အရပ်သား အစိုးရမျိုး နားလှည့်ပါးလှည့် လုပ်လာရခြင်းသာဖြစ်သည်။

 

တရုတ်ကတော့ ဘာလာလာ ဒေါင်း ပုံစံမျိုးဖြင့် ဂလိုဘယ်တိုင်းမ် သတင်းစာမှ ရွေးကောက်ပွဲ ရလဒ် မည်သို့ပင် ထွက်ပေါ် လာစေ တရုတ်-မြန်မာ ဆက်ဆံရေး လမ်းကြောင်းက ပြောင်းလဲမည်မဟုတ်ဟု မနေ့ကရေးသားလာသည်၊ ဤသည်ကိုကား အငြင်းမပွားလို၊ သို့သော် အနှစ်သာရ အားဖြင့် တန်းတူရည်တူ ဆက်ဆံရေးမျိုးကို လက်ရှိ အစိုးရနှင့် တရုတ်တို့ ကျင့်သုံးခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်ပေသည်။

 

ယခုလာမည့် ရွေးကောက်ပွဲကြီးသည် သာမန် ငါးနှစ်တကြိမ် ကျင်းပသော ရွေးကောက်ပွဲမျိုး မဟုတ်တော့ပဲ မြန်မာပြည်သူတို့ ၏ အနာဂတ် အတွက် အကောင်းနှင့် အဆိုးကိုဆုံးဖြတ်ပေးမည့် ပွဲလည်းဖြစ်ပေသည်။

 

ထို့ရွေးကောက်ပွဲကြီး၏ ဆိုးမွေကောင်းမွေများကို မိမိတို့၏ ရင်သွေးများ အမွေဆက်ခံရတော့မည် အရေးကြောင့် မိမိတို့ ၏ မဲတပြားအတွက် အသေအချာ စဉ်းစား ဆုံးဖြတ်ရပေတော့မည် သာ ဖြစ်ပေသည်။