စပိန် ပိုင်နက်သို့ မော်ရိုကို နိုင်ငံသားများ အလုံးအရင်း နှင့် ဝင်ရောက်လာမှု

by Hla Soewai - Aug 10 2026

ရက်ပေါင်းများစွာကြာအောင် မော်ရိုကိုနိုင်ငံမှ ပြောင်းရွှေ့အခြေချသူ များ အုပ်စုငယ်များ ဖွဲ့၍ စပိန်ပိုင်နက်ထဲသို့ ကူးခတ်ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် ဇူလိုင်လ ၃၀ ရက်နေ့နှင့် နောက်တနေ့၏ မနက်စောစောပိုင်းအချိန်တွင်တော့ရုတ်တရက် အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့မှု သည် ထိန်း၍မရတော့သည့် အခြေအနေ အထိ ဖြစ်လာခဲ့သည်။ 

 

စပိန်အာဏာပိုင်များ၏ ခန့်မှန်းချက်အရ မြောက်အဖရိကကမ်းရိုးတန်းပေါ်ရှိ အမြဲတမ်းနေထိုင်သူ လူဦးရေ ၈၄,၀၀၀ သာရှိသော စပိန်ပိုင်နယ်မြေငယ်တခုဖြစ်သည့် စူတာ မြို့ထဲသို့ လူပေါင်း ၅၀,၀၀၀ ကျော် ဝင်ရောက်လာခဲ့ကြသည်။ လူအင်အားနှင့် မနိုင်မနင်းဖြစ်သွားကြသော စပိန်ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို ဆက်လက်သွားလာခွင့်ပြုခဲ့ကြရပြီး အချို့ကိုဆိုလျှင် ရေနှင့် စားစရာ များပင် ဝေငှပေးခဲ့ကြသည်။

 

ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ် ၏ အလယ်- လက်ဝဲယိမ်းအစိုးရသည် ယခုလအတွင်း နိုင်ငံတဝန်း ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုများကို ကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်ပြီး သူကိုယ်တိုင်လည်း အားလပ်ရက် အပန်းဖြေခရီးထွက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့အနေဖြင့် တုံ့ပြန်မှု နှေးကွေးခဲ့သည်။ သို့သော် ဥရောပတဝန်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်နှင့်အမျှ စစ်တပ်ကို အင်အားဖြည့် ဖြန့်ကြက်ချထားခဲ့ပြီး မော်ရိုကိုအာဏာပိုင်များနှင့် အကြိတ်အနယ် ဆွေးနွေးလာခဲ့သည်။

 

 တရားမဝင် ဝင်ရောက်လာသူအားလုံးကို မော်ရိုကိုနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ပို့ဆောင်ပေးမည်ဟု ၎င်းက ကတိပြုခဲ့သည်။ လူအလုံးအရင်းဖြင့် ဆက်လက်ဝင်ရောက်နေဆဲဖြစ်သော်လည်း ဆန်ချက်ဇ်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် စူတာ မြို့သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး ကင်းလှည့်သင်္ဘောများ ပိုမိုစေလွှတ်ရန် အမိန့်ပေးခဲ့သည်။ ကျန်ရှိသူများကို ပြန်လည်ပို့ဆောင်ရန် ပို၍ခက်ခဲလာ နိုင်သော်လည်း လူပေါင်း ၄၈,၃၀၀ မှာ မော်ရိုကိုနိုင်ငံသို့ ပြန်သွားကြပြီဖြစ်ကြောင်း စပိန် အစိုးရက ဆိုသည်။

 

ထိုသို့ အလုံးအရင်းဖြင့် ရုတ်တရက် ဝင်ရောက်လာရခြင်း၏ လတ်တလော အကြောင်းရင်းမှာ စူတာ နှင့် စပိန်နိုင်ငံ၏ အခြားသော နယ်စပ်မြို့ငယ်တစ်ခုဖြစ်သည့် မယ်လီလာ မြို့တို့ရှိ နယ်စပ် များကို ဖြတ်ကျော်လာကြသည့် ပြောင်းရွှေ့အခြေချသူများကို ချက်ချင်းပြန်လည်လွှဲပြောင်းပေးရန် ခွင့်ပြုထားသည့် ဥပဒေသည် ပင်လယ်ရေကြောင်းမှ ရောက်ရှိလာသူများနှင့် မသက်ဆိုင်ကြောင်း စပိန်နိုင်ငံ၏ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ (ရေကူး၍ ဝင်ရောက်လာသူများသည် ရေထဲတွင် နယ်စပ် မျဉ်း များ မရှိသည့်အတွက် နယ်စပ်စည်းကို နည်းပညာပိုင်းအရ ချိုးဖောက်ခြင်း မရှိကြောင်း တရားရုံးက အကြောင်းပြချက် ပေးခဲ့သည်။) 

 

ဤဆုံးဖြတ်ချက်နှင့် ပတ်သက်သည့် သတင်းများသည် မော်ရိုကိုနိုင်ငံအတွင်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး ရေကူး၍ ဝင်ရောက်လာသည့် လူရေ စီးကြောင်းကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့ ဝင်ရောက်နိုင်ရန် မော်ရိုကိုနိုင်ငံသားများသည် နိုင်ငံ၏ မြောက်ပိုင်းတွင် စတင်စုဝေးလာကြတော့သည်။

 

မော်ရိုကိုနိုင်ငံ၏ အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်ဖြစ်သော ဇူလိုင်လ ၃၀ ရက်နေ့တွင် ၎င်းတို့၏ နယ်ခြားစောင့်တပ်များသည် ကင်းလှည့်ခြင်းကို ရပ်ဆိုင်းခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းခဲ့ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် မိသားစုများ စုစုပေါင်း လူ ပေါင်း သောင်း နှင့် ချီ၍ အဓိက နယ်စပ်ဖြတ်ကျော်ရာနေရာရှိ လှိုင်းကာ ရေကာတာ ကို ပတ်၍ စပိန်နိုင်ငံထဲသို့ အလွယ်တကူပင် လမ်းလျှောက်ဝင်ရောက်လာနိုင်ခဲ့ကြသည်။ ထို့နောက် လူအများအပြားသည် စူတာ မြို့လမ်းမများပေါ်တွင် လှည့်လည်သွားလာခဲ့ကြပြီး ပန်းခြံခုံတန်းများပေါ်တွင်ဖြစ်စေ၊ လမ်းမများပေါ်တွင်ဖြစ်စေ အိပ်စက်ခဲ့ကြသည်။ ရေကူးလာစဉ် လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

စပိန်အာဏာပိုင်များသည် မော်ရိုကိုနိုင်ငံကို  အပြစ်တင် သည့် အဖြစ် မရောက်အောင် သံတမန်နည်းအရ ထိန်းထိန်း သိမ်း သိမ်းပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ် ဆန်ချက်ဇ်က လူကုန်ကူးဂိုဏ်းများတွင် တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော် မော်ရိုကိုအစိုးရတွင် အပြစ်မရှိဟု ယူဆသူမှာ အလွန်ပင် နည်းပါးလှသည်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ မကြာခဏဆိုသလို တင်းမာလေ့ရှိသည်။ ၂၀၂၁ အတွင်း မော်ရိုကိုနိုင်ငံသည် စူတာ မြို့ထဲသို့ လူ ၈,၀၀၀ ခန့် လမ်းလျှောက်ဝင်ရောက်ခွင့် ပေးခဲ့ဖူးသည်။ 

 

၎င်းမှာ မော်ရိုကို မှ အနောက်ဆာဟာရ လွတ်လပ်ရေးအတွက် ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့သည့် အုပ်စုဖြစ်သော ပိုလီဆာရီယို ၏ ခေါင်းဆောင်အား ဆေးကုသမှုခံယူရန် စပိန်နိုင်ငံသို့ လာရောက်ခွင့်ပြုခဲ့ခြင်းအပေါ် ဒေါသတကြီး တုန့်ပြန် ခဲ့ခြင်း ဖြစ်သည်။ မော်ရိုကိုနိုင်ငံသည် စပိန်ကိုလိုနီဟောင်းဖြစ်သည့် အနောက်ဆာဟာရ၏ သုံးပုံနှစ်ပုံကို ၁၉၇၅ ခုနှစ်တွင် အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်။ နိုင်ငံအများအပြားက မော်ရိုကို၏ အချုပ်အခြာအာဏာအောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာစေရန် အဆိုပြုချက်ကို ထောက်ခံခဲ့ကြပြီး ထိုကဲ့သို့ သိမ်းပိုက်မှုကို အသိအမှတ်ပြုခဲ့ကြခြင်း မရှိပေ။

 

၂၀၂၂ တွင် ဆန်ချက်ဇ်သည် အနောက်ဆာဟာရဒေသ၏ အနာဂတ်အတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရေးကို စပိန်နိုင်ငံမှ ယခင်က ထောက်ခံခဲ့သည့် ရပ်တည်ချက်ကို စွန့်လွှတ်ကာ မော်ရိုကို၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစီအစဉ်ကို ပထမဆုံး ထောက်ခံသည့် နိုင်ငံများထဲမှ တနိုင်ငံအဖြစ် ပါဝင်လာခဲ့ခြင်းကြောင့် ပိုလီဆာရီယိုအုပ်စုကို ထောက်ပံ့ပေးနေသော အယ်လ်ဂျီးရီးယားနိုင်ငံကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ 

 

ဆက်ဆံရေးပြေလည်စေရန် ကြိုးပမ်းသည့်အနေဖြင့် ယခုလအစောပိုင်းက စပိန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်သွင်းမှုအတွက် အဓိကရင်းမြစ်တစ်ခုဖြစ်သော အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဆန်ချက်ဇ်က သွားရောက်ခဲ့သည်။

 

စပိန်အနေဖြင့် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်သည်ဖြစ်စေ၊ မဖြေရှင်းနိုင်သည်ဖြစ်စေ ဆန်ချက်ဇ်၏ လျှော့ပေါ့ပေးထားသော လူဝင်မှုကြီးကြပ်ရေးဝါဒအပေါ် ဥရောပအစိုးရများက လွန်စွာမှ မကျေမနပ် ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ်က ပြောင်းရွှေ့အခြေချသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာစဉ်က အခြားဥရောပနိုင်ငံများသည် စပိန်နိုင်ငံနှင့်အတူ စည်းလုံးညီညွတ်ကြောင်း ပြသခဲ့ကြသည်။ ဥရောပကော်မရှင်ကလည်း "စပိန်နိုင်ငံ၏ နယ်စပ်များသည် ဥရောပ၏ နယ်စပ်များပင် ဖြစ်သည်" ဟု ကြေညာခဲ့သည်။

 

ယခု တကြိမ်တွင်မူ ထိုသို့ မဟုတ် တော့။ ဥရောပကော်မရှင်က ၎င်းတို့၏ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်သော Frontex မှ ကိုယ်စားလှယ်များကို စေလွှတ်ရန် ကမ်းလှမ်းခဲ့သည်။ အီတလီနိုင်ငံက စပိန်နိုင်ငံနှင့် Schengen ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ လှေ သို့မဟုတ် လေယာဉ်ဖြင့် ရောက်ရှိလာကြသည့် ခရီးသည်များကို နိုင်ငံကူးလက်မှတ် စစ်ဆေးမှုများ ပြုလုပ်မည်ကို ဆိုလိုခြင်းဖြစ်ကာ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ က စပိန်နိုင်ငံအား Schengen အဖွဲ့ဝင်အဖြစ်မှ လုံးဝရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ (တကယ်တမ်းတွင် စပိန်နိုင်ငံ၏ ဆန္ဒမပါဘဲ ထိုသို့ လုပ်၍ မရ။) 

 

ပြင်သစ်နိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးကလည်း စပိန်နယ်စပ်တ‌ လျှောက်တွင် စစ်ဆေးကွပ်ကဲမှုများကို တင်းကျပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဥရောပတိုက်ရှိ လူကြိုက်များသော လက်ယာစွန်းပါတီ ခေါင်းဆောင်များထံမှလည်း ကန့်ကွက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

 

အခြားသော ဥရောပအစိုးရများစွာက လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်ကန့်သတ်ခဲ့ကြသော်လည်း ဆန်ချက်ဇ်ကမူ လူများ ရွှေ့ပြောင်း ဝင်ရောက်လာမှု အား စီးပွားရေးတိုးတက်မှု အဖြစ် အားပေးလှုံ့ဆော် ကြိုဆိုခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းသည် တရားမဝင် ပြောင်းရွှေ့အခြေချသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကိုပင် ကြေညာခဲ့သည်။ စပိန် တာဝန်ရှိသူများက ထိုအစီအစဉ်ကြောင့် လူဦးရေ ၅၀၀,၀၀၀ ခန့်ကို သက်ရောက်မှုရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း တကယ်တမ်း တွင် လျှောက်လွှာပေါင်း ၁.၂ သန်းအထိ လက်ခံရရှိခဲ့သည်။ အထူးသဖြင့် မစ္စက် မီလိုနီ က ဥရောပသမဂ္ဂ (EU) တခုလုံးအပေါ် သက်ရောက်မှုရှိသည့် အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ စပိန်နိုင်ငံအနေဖြင့် ၎င်း၏ မိတ်ဖက်နိုင်ငံများနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိခဲ့သည့်အပေါ် ဒေါသတကြီးဖြင့် ဝေဖန်ပြောကြားခဲ့သည်။

 

စပိန်အာဏာပိုင်များက စူတာမြို့သို့ လူများ ဝင်ရောက်လာခြင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် အတိုက်အခံများက ၎င်း၏ လွတ်ငြိမ်း ချမ်းသာခွင့် ကြောင့် စပိန်အား ဝင်ရ လွယ်သည်ဟု မြင်လာခဲ့ကြသည်ဟု ဆိုကြသည်။ လူထုစစ်တမ်းအချို့က စပိန်နိုင်ငံသား အများစုသည် ယခုအခါ နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသူ အလွန်အကျွံ များပြားနေပြီဟု ယူဆနေကြကြောင်း ပြသ နေသည်။ အထွေထွေရွေးကောက်ပွဲကို လာမည့်နွေရာသီ မတိုင်မီ ကျင်းပရမည်ဖြစ်သည်။ စူတာမြို့မှ ဖြစ်ရပ်ဆိုးပုံရိပ်များသည် ဆန်ချက်ဇ် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် အထောက်အကူ ဖြစ်လာတော့မည် မဟုတ်သည်က သေချာ နေပေသည်။

 

(၂၀၂၀ ဇူလိုင် ၃၁ ရက် နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ A migrant surge tests Spain’s open policies ကို ပြန်လည် တင်ပြသည်။)