စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အီသီယိုပီးယားသံအမတ်ကြီး ဒါဘာ ဒီဘီလီ တို့ တွေ့ဆုံပြီး အီသီယိုပီးယား၏ အမျိုးသားပြန်လည်သင့်မြတ်ရေးစကားဝိုင်း အတွေ့အကြုံကို လေ့လာရန် မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်ဟူသော သတင်းသည် လက်တွေ့မြေပြင်အခြေအနေများနှင့် များစွာကွာဟချက်ရှိနေသည် ဆိုသည့် အကြောင်းရင်းကို မင်းအောင်လှိုင် တယောက် လုံးဝ သိရှိခြင်း မရှိဘဲ သံအမတ်၏ ဝါဒ ဖြန့်စကား များကို ယုံကြည်သွားကာ တထိုင်တည်း ဆုံးဖြတ် ပြောဆိုလိုက်ခြင်း ဖြစ် ကြောင်း လွန်စွာ မှ သိသာ ထင်ရှားနေပေသည်။
စီးပွားရေး ဖက်တွင် တခါက အငတ်ဘေး ဆိုက်ခဲ့ပြီး ကမ္ဘာတွင် ဟိုလေး တကျော်ကျော် ဖြစ်ခဲ့ရသည့် နိုင်ငံ တနိုင်ငံသည် ကော်ဖီတင်ပို့မှု၊ စက်မှုဇုန်များနှင့် လေကြောင်းလိုင်း (Ethiopian Airlines) တို့ကြောင့် နိုင်ငံ၏ ဂျီဒီပီ (GDP) တိုးတက်မှုနှုန်းမှာ အာဖရိကတွင် ထိပ်တန်းက ရှိနေသည် ဆိုသည့် အကြောင်းကိုတော့ အကျယ်ချဲ့ မဆွေးနွေးလိုတော့၊ မင်းအောင်လှိုင်ကိုယ်တိုင်လည်း သိချင်မှ သိပေမည်၊ သို့သော် အဓိက ပြောလိုသည့် အချက်က ကိုယ်စားလှယ် အဖွဲ့ လွှတ်ပြီး လေ့လာပါရစေ ဆိုသော နိုင်ငံရေး ဆွေးနွေး ပွဲ ဆိုသည့် အရေးသာ ဖြစ်သည်။
အီသီယိုပီးယားနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် ဝန်ကြီးချုပ် အဘီ အာမက် ၏ ပရော့စပရီတီပါတီ (Prosperity Party) က အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်သော်လည်း ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများကြောင့် အလွန်အမင်း မတည်မငြိမ်ဖြစ်နေသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီက လွှတ်တော်နေရာအများစုကို အနိုင်ရရှိခဲ့သော်လည်း နိုင်ငံ၏ နေရာအတော်များများတွင် မဲပေးနိုင်ခြင်း မရှိခဲ့ဘဲ တရားဝင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
ဤသည်က နိုင်ငံတကာ ပဋိပက္ခများ လေ့လာသုံးသပ်ရေး အဖွဲ့ကြီး၏ တရားဝင် ထုတ်ပြန်ထားသော စစ်တမ်းပင် ဖြစ်သည်။
ဝန်ကြီးချုပ် အဘီ အာမက် ၏ ပရော့စပရီတီပါတီသည် လွှတ်တော်နေရာ ၅၀၁ နေရာအနက် ၄၃၈ နေရာကို အပိုင်ရရှိကာ အစိုးရသက်တမ်း ၅ နှစ် ထပ်မံရရှိခဲ့သည်။မဲဆန္ဒ နယ်မြေမတည်ငြိမ်မှုများကြောင့် တီဂရေး နယ်မြေတခုလုံးအပါအဝင် မဲဆန္ဒနယ် ၄၆ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိ။ဒီမိုကရေစီဆုတ်ယုတ်မှု: အတိုက်အခံများကို ဖိနှိပ်ခြင်း၊ လွတ်လပ်သော မီဒီယာများကို ပိတ်ပင်ခြင်းနှင့် နိုင်ငံရေးအရ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ကန့်သတ်ခြင်းတို့ကြောင့် ယခုရွေးကောက်ပွဲသည် တရားဝင်မှု လွန်စွာ နည်းပါးကြောင်း နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။
၂၀၂၂ တွင် ပရီတိုးရီးယား ငြိမ်းချမ်းရေးသဘောတူညီချက်အရ စစ်ပွဲပြီးဆုံးခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများနှင့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး နှင့် ဗဟိုအစိုးရအကြား တင်းမာမှုများ ပြန်လည်မြင့်တက်လာကာ ဩဂုတ်လဆန်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
အမ်ဟာရာ ဒေသ တွင်လည်း ဒေသခံ ဖာနို ပြည်သူ့စစ်များနှင့် ဖက်ဒရယ်အစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် အချို့ဒေသများတွင် ရွေးကောက်ပွဲ ပျက်ပြားခဲ့ရသည်။
အိုရိုမီယာ တွင်လည်း အိုရိုမိုလွတ်မြောက်ရေးတပ်တော် ၏ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် လူမျိုးစုအလိုက် အပြန်အလှန် သတ်ဖြတ်မှုများကြောင့် လုံခြုံရေး အလွန်ဆိုးရွားနေသည်။
စစ်ပွဲနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတွင်း နေရပ်စွန့်ခွာရသူ သန်းပေါင်းများစွာ ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသည်။
ငြိမ်းချမ်းရေး မည်သို့မျှ မဖော်ဆောင်နိုင်သည့် ပုံစံတခုကို မြန်မာက "စံပြ" အဖြစ် လေ့လာမည်ဆိုခြင်းမှာ အလွန်ထူးဆန်းနေရသည် မဟုတ်ပါလား။
ထို့အတွက် ကြောင့် အီသီယိုပီယား သံအမတ်၏ ရွန်းရွန်းဝေ အောင် ဝါဒ ဖြန့် ပြောဆိုသွားခြင်းကို ဘာမှ မသိသော မင်းအောင်လှိုင်လို လူမျိုးက ယုံကြည်ခြင်းမှာလည်း အဆန်းတကြယ် တော့ မဟုတ်ပေ။
၎င်း စိတ်ထဲတွင် ရှိ နေသည်က ကမ္ဘာ့ဇာတ်ခုံတွင် အထီးကျန်နေမှု ကို အာဖရိက၏ အင်အားကြီးနိုင်ငံတခုဖြစ်သည့် အီသီယိုပီးယားနှင့် အကြောင်းရှာ ဆက်ဆံပြခြင်းဖြင့် မိမိတွင်လည်း နိုင်ငံတကာဆက်ဆံရေးရှိကြောင်း ပြသလိုခြင်း ဖြစ်သည်။
ငြိမ်းချမ်း ရေး ကို ဟန်ပြ လုပ်ချင် နေသည့် စစ်အုပ်စု အနေဖြင့် အီသီယိုပီးယား၏ နည်းဗျူဟာကို လေ့လာရန်နှင့် နိုင်ငံရေးအရ အပြန်အလှန် အသိအမှတ်ပြုမှုရယူရန် နိုင်ငံရေးကစားကွက်တခု ဖော်ဆောင်ခြင်းသာ ဖြစ်သည်။
ပြဿနာက ၎င်း လွှတ်လိုက်မည့် လူများအဖို့ အဆိုပါ ခေါင်းစဉ် ဖြင့် လေ့လာစရာ မရှိ ဖြစ်နေခြင်းပင်တည်း။
သိသိကြီး နှင့် လွှတ်လိုက်သည်ဟု ယူဆပါက ဘယ်ပုံ ဘယ်နည်း ဝါဒ ဖြန့်၍ ညာနေသနည်းကို အတုယူ ဖို့သာ ဖြစ်ပေမည်။
ဘာမှ မသိသည်က ပို၍ ဖြစ်နိုင် ခြေ ရှိနေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!