နယူးယောက် တိုင်းမ်က ရေးသော ဒေါ်အောင်ဆန်းစုကြည် ထွက်ရှိလာမှု

by Hla Soewai - Aug 10 2026

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရခဲ့သော အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အဖွဲ့၏ ဌာနေ ကိုယ်စားလှယ် အာနိုး ဒယ် ဘက်ခ် က သူမ နှင့် တွေ့ဆုံခွင့် ရခဲ့ကြောင်း အီးမေး ဖြင့် အတည်ပြုခဲ့ပြီး ထိုထက် ပို၍ ပြောဆိုရန် ကို မူ ငြင်းဆိုခဲ့သည်ဟု အစချီ၍ နယူးယောက်တိုင်းမ်က ယခုလို ရေးသားလာခဲ့သည်။

 

မြန်မာနိုင်ငံရှိ ကြက်ခြေနီအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဖရန်စစ္စကို ဇာဗီယာ ပါဗွန် က အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တဦးတည်းတွေ့ဆုံကာ စကားပြောဆိုခွင့်ရရှိခဲ့သည့်အပြင် သူမ၏မိသားစုဝင်များနှင့် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ခွင့် ရရှိခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ၏ အကျဉ်းစခန်းများဆိုင်ရာ လုပ်ထုံး လုပ်နည်း များ အတိုင်း အဆိုပါခရီးစဉ်နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဖမ်းဆီးထိန်းသိမ်းထားသည့် အာဏာပိုင်များနှင့်သာ သီးသန့် လျှို့ဝှက်စွာ မျှဝေခဲ့ရသည်" ဟု ပါရှိသည်။

 

သား ဖြစ်သူ ကင်မ်အဲရစ်က ၎င်းတို့ ဓါတ်ပုံများ ထုတ်ပြန်ခဲ့မှု အပေါ် သူ့ အနေဖြင့် သတိကြီးကြီးထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိခင်၏ ကျန်းမာရေး သို့မဟုတ် နေ‌ ရေး ထိုင်ရေး နှင့်ပတ်သက်၍ဖြစ်စေ I.C.R.C. ထံမှ သီးခြားလွတ်လပ်သော အတည်ပြုချက်ကို လက်ခံရရှိခြင်း မရှိသေးပါ" ဟု ၎င်းက တနင်္လာနေ့တွင် The Times သို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

 

ကြက်ခြေနီအသင်းမှ ဒီ ဘက်ခ်ကော၊ ပါဗွန် ကပါ ပြောခဲ့သမျှ ကို လျို့ဝှက်ထားပါမည် ဟူသော စည်းကမ်းချက်ဖြင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဆိုကာ ‌၎င်းတို့ ‌‌ စောင့်ထိန်းရမည့် စည်းကမ်းချက်များကို ကိုးကားလျက် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

 

ဆစ်ဒနီ အခြေစိုက် လိုဝီအင်စတီကျုမှ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ ဟန်တာ မာစတန် ကမူ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ ထုတ်ပြလာခြင်းသည် ၎င်းတို့၏ နကိုယ် မူလ သဘာဝ နှင့် လုံးဝကွဲပြားခြားနား နေပြီး၊ ၎င်းတို့၏ ခေါင်းဆောင်များအကြား ယုံကြည်မှု ပိုမိုအားကောင်းလာပြီး ရဲတင်းလာသည်ကို ပြသနေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 

“ဒါဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့အဖွဲ့ဟာဟာ အခုအခါမှာ ပိုမိုယုံကြည်မှုရှိလာပြီး သူတို့ဘာတွေလုပ်နိုင်တယ်ဆိုတာကို ပြသတဲ့နည်းလမ်းတခုအနေနဲ့ ဒီလို အသက်ရှင်နေထိုင်ကြောင်း သက်သေပြချက်ကို အသုံးချနိုင်တယ်ဆိုတဲ့ လက္ခဏာတခုပါပဲ” ဟု ၎င်းက ဆိုသည်။

 

မိမိတို့အလိုရှိမှသာ တွေ့ဆုံခွင့်ပေးနိုင်မည်၊ မိမိတို့ အတွက်နိုင်ငံရေးအရ အသာစီးရနိုင်မှ လုပ်နိုင်မည်၊ ယခုအခါအခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဆိုသည်ကို ပြသသည့် သဘောလည်း သက်ရောက်နေသည်။

 

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည် အထိ တော့ ရဲတင်းလာခြင်းမျိုး မရှိ‌သေးပေ။ လက်ရှိတွင် ၎င်းတို့ကို ဆန့်ကျင်ရဲသည့် အတိုက်အခံ နိုင်ငံရေး ပါတီဟူ၍ မရှိသော်လည်း ‌သူမ၏ လူထုကို စည်းရုံးနိုင်စွမ်း ကို ကြောက်လန့် နေကြဆဲ ဖြစ်သူ ဟု မာစတန်က ဆိုသည်။

 

မင်းအောင်လှိုင် လက်အောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သောင်းနှင့် ချီ ရှိ နေသော နိုင်ငံရေးအကျဉ်းသား များ နှင့် အတူ မိခင်ဖြစ်သူ လွတ်မြောက်လာရမည် ဟူသော ၎င်း၏ အဓိကရည်မှန်းချက်မှာ ပြောင်းလဲသွားခြင်း မရှိသေးကြောင်း ကင်မ် အဲရစ်က ပြောကြားခဲ့သည်။

 

စစ်အုပ်စု မှ ထုတ်ပြန်ခဲ့သည့် ပန်းရောင်ကိတ် မုန့်ပေါ်တွင် မိခင်ဖြစ်သူ၏ မွေးနေ့ရက်စွဲကို မှားယွင်းရေးသားခဲ့ကြကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ မွေးနေ့ ကိတ် ပေါ်ရှိ "Happy Birthday Aunty Suu" ဆိုသည့် စာသားအောက်တွင် ဇွန်လ ၂၉ ရက်ဟု မှားယွင်းရေးသား ထား သည်ဟု ထောက်ပြသွားခဲ့သည်ဟု ရေးသားထားသည်။

 

ဩဂုတ် ၆ ရက်နေ့တွင် မင်းအောင်လှိုင်ကို ကော်ဇော်နီ ခင်း၍ ကြိုဆိုရဖို့ ရှိနေသော ထိုင်း ဝန်ကြီးချုပ် မှ ၎င်း၏ မူဝါဒ ကို အသည်း အသန် ကာကွယ် ပြောဆိုနေရပြီ ဖြစ်သည်။ ဂျကာတာ တွင် ရောက်နေသော အနုတင် ချန်ဗီရယ်ကူလ် က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံကြရန် အင်္ဂါနေ့က တိုက်တွန်းခဲ့ပြီး တည်ငြိမ်သော အိမ်နီးနားချင်းနိုင်ငံတခု ရှိနေခြင်းသည် ထိုင်း အတွက် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ဒေသတွင်း လက်တွေ့အခြေအနေများကို တုံ့ပြန်နိုင်ပြီး အချိန်ကိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှုမျိုးကို ထိုင်းနိုင်ငံက ထောက်ခံအားပေးခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

 

သို့သော် ဝါရှင်တန် ပို့စ် ပါ "Don’t fall for Myanmar’s election of generals" ဆောင်းပါးတွင်တော့ စစ်ဗိုလ်ချုပ်တဦး အာဏာသိမ်း၊ ပြိုင်ဘက်တွေကို ဖမ်းဆီး/ပြည်နှင်ဒဏ်ပေး၊ အတုအယောင် ရွေးကောက်ပွဲ ကျင်းပ၊ စစ်ဝတ်စုံကို အရပ်ဝတ်နဲ့ လဲပြီး “သမ္မတ” ခံယူသည့် ပုံစံသည် နိုင်ငံတကာ တွင် ရိုးအီနေ အောင် မကြာခဏ တွေ့ရသည့် အာဏာရှင်များ၏ လုပ်ရိုး လုပ်စဉ်သာ ဖြစ်သည်။

 

ယခုလည်း မင်းအောင်လှိုင်သည် ထို နည်းလမ်း အတိုင်း နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ ပုံမှန် ဆက်ဆံရေးတွေ ပြန်ရ အောင် ရှာဖွေ နေခြင်းသာ ဖြစ်သည်ဟု သတိပေးထားသည်။

 

ယင်း၏ တစိတ်တပိုင်း အဖြစ် သြဂုတ်လ ၃ ရက်နေ့တွင် စစ်အုပ်စုသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့် ပေးခဲ့ခြင်းဖြင့်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေဆဲဖြစ်ကြောင်း သက်သေပြရန် ကြီးထွားလာနေသည့် ဖိအားများကို သိသိသာသာ လိုက်လျော ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

 

သို့သော်လည်း သူမသည် အကျဉ်းသား တ‌ဦး ထက် မပိုကြောင်း ပေါ်လွင်ရန် ကြက်ခြေနီ ကိုယ်စားလှယ်ကို တွေ့ခွင့် ပေးခဲ့ ခြင်း ဖြစ်သည်။

 

ထိုင်းသို့ ဩဂုတ် ၆-၇ တွင် သွားမည့် အကြောင်း ဖေါ်ပြထားပြီး မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းအချို့က ဤကဲ့သို့ တရားမဝင်ကြောင်း သိသာ ထင်ရှား နေသည့် အဖွဲ့ နှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် အဘယ်ကြောင့် အလွန်အမင်း စိတ်အားထက်သန်နေကြပါသနည်း။ ပုံစံအမျိုးမျိုးရှိသည့် လက်တွေ့နိုင်ငံရေး က ၎င်းတို့ ၏ ရစရာမရှိအောင် ယုတ်မာခါးသီးလှသော မျက်နှာစာများစွာကို ပြသနေပေသည်ဟု ရေးသားထားသည်။

 

စိတ်ရင်း စေတနာကောင်းဖြင့် ဆောင်ရွက်နေကြသူ အများအပြားသည် ဤစစ်ရေးအရ အကြပ်အတည်းကို ကျော်လွှားနိုင်မည့် လမ်းစတခုခုကို ရှာဖွေနေကြသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် တရားမဝင်သော အာဏာရှင်အစိုးရတရပ်ကို – အထူးသဖြင့် စစ်ရာဇဝတ်မှုစွဲချက်တင်ခံထားရသူ ဦးဆောင်နေသည့် အစိုးရမျိုးကို – အသိအမှတ်ပြုပေးခြင်း မဖြစ်သင့်ပေ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် တရားမျှတမှု ကင်းစွာ ဆက်လက် အကျဉ်းချခံနေရဆဲ အချိန်မျိုးတွင် လုံးဝ မလုပ်သင့်ပေ။

 

ဝတ်စုံနှင့် နက်ကတိုင် ဝတ်ထားလည်း အာဏာရှင်ဟာ အာဏာရှင် ပါပဲ ဟု ထောက်ပြထားသည်။

 

ပြည်သူ တို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

Illustration credit - AI Generated by India Outlook 

 

Don’t be fooled by your own wisdom.

 

Witold Gombrowicz

 

(သင့်ကိုယ်ပိုင် အသိဉာဏ်ပညာကို အယုံမလွန်ပါနှင့်။)