မင်းအောင်လှိုင်၏ ထိုင်း ခရီးစဉ် အပေါ် နစ်ကီ အေးရှား ရီဗြူးက အထက်ပါ အတိုင်း ရေးသားလိုက်သည်။
သမ္မတ အ ရေခြုံ စစ်အာဏာရှင် မင်းအောင်လှိုင်အား ကော်ဇောနီခင်း ကြိုဆိုခဲ့ခြင်းအားဖြင့် ထိုင်းသည် အခြားအရှေ့တောင်အာရှနိုင်ငံများ၏ ငါးနှစ်တာ ပစ်ပယ်ထားမှု မှ လွတ်မြောက်လာစေရန် ကူညီပေးမည့် သံတမန်ရေးရာ ထွက်ပေါက်ကို ကမ်းလှမ်း ပေးလာခဲ့သည်။
ဘန်ကောက်သို့ ရောက်ရှိပြီး နာရီပိုင်းအကြာတွင် မင်းအောင်လှိုင်သည် ၎င်း လက်မှတ် ထိုးရန် အသင့် ရေးထားပြီး ဖြစ် သော နှစ်နိုင်ငံ သဘောတူစာချုပ် သုံးခုကို အိမ်ရှင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နှင့်အတူ လက်မှတ်ရေးထိုး ပေးခဲ့သည်။
ယင်းတို့တွင် ထိုင်းနိုင်ငံရှိ မြန်မာ့ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာတရပ်နှင့် ရှားပါးမြေရှားသတ္တုတူးဖော်မှုမှ မြစ်ရေညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ ပါဝင်သည်။ ၎င်းအား လက်ခံခဲ့ရ၍ ထိုင်း မှ အပေးအယူ သဘောမျိုး ဖြင့် ၎င်းတို့ စိုးရိမ် မကင်း ဖြစ်နေရသော ကိစ္စ နှစ်ခုစလုံးကို အချိန်မဆွဲဘဲ သဘောတူ ကြောင်း လက်မှတ်ရေးထိုး ခိုင်းခဲ့ခြင်း ဖြစ်သည်။
အနုတင်က နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီတို့ကို ချိတ်ဆက်ထားသော ချစ်ကြည်ရေးတံတား (၂) ပြန်လည်ဖွင့်လှစ်ခြင်း အပါအဝင် နိုင်ငံနှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွယ်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ နယ်စပ်တစ်လျှောက် "ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန်" တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် မင်းအောင်လှိုင်က ပြည်သူများ ကို ဆက်လက် တိုက်ခိုက် နိုင်ရန် နိုင်ငံခြားငွေ အလဟဿ မဖြစ် ရေး ဆိုကာ မရှိမဖြစ် မဟုတ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်း အမျိုးအစား ၄၈ မျိုးကို နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် ပိတ်ပင်ထားပါသည်။ ထိုင်းကုန်သည်များသည် ယခင်ကကဲ့သို့ နယ်စပ်တွင် လိုင်စင်လျှောက်၍မရဘဲ ရန်ကုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သို့ ကိုယ်တိုင် လျှောက်ထားကြရ၍ ကုန်စည် စီးဆင်းမှု ကြန့်ကြာနေသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့တွင် ၁၀ လကျော်ကြာ ပိတ်ထားခဲ့သည့် ကုန်သွယ်ရေးတွင် အဓိကကျသော မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို မြန်မာဘက်က စမ်းသပ်အဆင့်အနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်တင်ကားအချို့သာ ဖြတ်သန်းခွင့် ပြုထားသည်။
ထိုင်း နိုင်ငံ ခြား ရေး ဝန်ကြီး က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့က တက်ကြွစွာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့်" ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့ အဆင့်လှမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းသည် ဘုံ ငါး ချက်ကို အမှိုက်ပုံးထဲ ပစ်ထဲ့ပြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်း တည်ဆောက်ချင် နေသည်။ ထိုအတွက်လည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ၎င်းအား ဖိတ်ခေါ်ရသည့် အကြောင်းရင်းကို အားလုံးသိပြီး ဖြစ်၍ အချိုရည် လောင်းမနေတော့ဘဲ ဗြောင်ကျကျပင် ယခုလို ထုတ်ပြောလာခဲ့သည်။
"ကျွန်ုပ်တို့က အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလိုပေမဲ့ မြန်မာနိုင်ငံကလည်း ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန်ဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။
ဆိုလိုသည်က တော့ မင်းအောင်လှိုင်၏ အတင်း အဓမ္မ အသိအမှတ်ပြု ခံလိုနေမှုကို အခွင့်ကောင်းယူကာ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ညှစ်ထုတ်မည့် ခရီးစဉ်သာ ဖြစ်သည်။
မင်းအောင်လှိုင်သည် တရုတ်၊ အိန္ဒိယ၊ လာအို တံခါးများကို လည်း လိုက်ခေါက်ထားပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ လိုက် တံခါး ခေါက်နေမှုသည် အခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ သဘောထားကို ယိမ်းယိုင်သွားအောင် မလုပ် နိုင်ခဲ့ဟု နစ်ကီ အေးရှား တွင် ရေးသားထားသည်။ မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် သဘောတူလာခဲ့သည့် ဘုံ ရပ်တည်ချက် ငါးရပ်ကို ပြတ်ပြတ်သားသား လျစ်လျူရှုထားဆဲဖြစ်သည်။
ထိုင်းသည် မင်းအောင်လှိုင် နှိပ်စက်ထား၍ ပြည်တွင်းစစ်ပွဲများ၊ ကြီးမားသော အွန်လိုင်းငွေလိမ်ဂိုဏ်းစင်တာများ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ နယ်စပ်လုံခြုံရေးနှင့် ရှားပါးမြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော မြစ်ရေညစ်ညမ်းမှုတို့ဖြင့် ဉီးနှောက် ခြောက် နေရပြီ ဖြစ်သည်။
သို့သော် ၎င်းကြောင့် ထွက်ပြေးလာရသော မြန်မာ အလုပ်သမား များကို ဈေးပေါပေါ နှင့် ခိုင်းနိုင်ပြီး၊ ထိုင်း ဆေးရုံများ၊ တက္ကသိုလ်များ၊ အိုးအိမ်ခြံမြေဈေး ကွက်များ အကျိုး အမြတ် များစွာ ရနေပြန်သည်၊ ဤသည်က ထိုင်း အစိုးရ ဘဏ္ဍာ တိုက်ကို အဓိက ဖြည့်ဆည်းပေးနေသည့် အကြောင်းများပင် ဖြစ်သည်
မူးယစ်ဆေးဝါး၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ ရေထု ညစ်ညမ်းမှု များက ထိုင်း လူထု ကိုသာ ထိခိုက်စေ၍ အရေးမကြီးလှ၊
ထိုင်း တွင် ၎င်းဒုက္ခ ပေးထား၍ ပုံစံ မျိုးစုံ ဖြင့် ရောက်ရှိလာကာ အထိတ်ထိတ် အလန့်လန့် ဖြင့် နေထိုင်နေရသော လူဦးရေ၏ ၁၀ ရာခိုင်နှုန်း နီးပါးရှိ မြန်မာနိုင်ငံသား ၄.၆ သန်း ကျော် က တော့ မျက်နှာကိုပင် မြင်ချင်စိတ် ရှိကြမည် မဟုတ်၊ ဘာများ လာပြီး ၎င်းတိုကို ဒုက္ခ ပေးဦးမည်နည်းဟု စိုးရိမ် နေကြမည်က သေချာ ပေသည်။
ထိုကဲ့သို့ တိုင်းပြည်ပျက်မတတ် ပြည်တွင်းမှ သိန်းသန်းချီ ထွက်ခွာနေသည့် နိုင်ငံမှ အစိုးရ မျိုးသည် ၎င်းတို့အား ဒီမိုကရေစီ နည်းကျကျ လွတ်လပ်ပြီး တရားမျှတစွာ ရွေးချယ် တင်မြောက် ခံရပါသည် ဟု ကြွေးကြော်နေသည်ကို ပါးစပ်ပါ၍ ပြောနေခြင်း၊ နားရှိလို့သာ ကြားနေရခြင်း ဟု ယူဆကြမည်သာ မဟုတ်ပါလား။ ၎င်းသွားခဲ့သမျှ တရုတ်၊ အိန္ဒိယ၊ လာအို တို့ကလည်း ကောင်းစွာ ခန့်မှန်း နိုင်ကြမည်သာ ဖြစ်သည်။ ထိုအဖြစ်က ရှက်တတ်မည် ဆိုလျင် အိမ်တွင်း အောင်းနေဖို့သာ ရှိပေတော့သည်။
ထိုင်းသည် နယ်ချဲ့ဗြိတိသျှနှင့် ပြင်သစ်တို့၏ ကိုလိုနီအဖြစ် မကျရောက်အောင် "Bamboo Diplomacy" (ဝါးပင်သံတမန်ရေးမူဝါဒ) နှင့် ဟိုဖက်ယိမ်း၊ ဒီဖက်ယိမ်း၊ ဘက်စုံပြုပြင်ပြောင်းလဲရေး မူဝါဒများကို ပါးနပ်စွာ ကျင့်သုံးခဲ့သည့် နိုင်ငံ အဖြစ် သမိုင်း တွင်ခဲ့ပြီး ဖြစ်သည်။ ထိုအတွက်လည်း မင်းအောင်လှိုင်လို လူမျိုးကို ပင့်ဖိတ် လာခြင်း သည်လည်း အဆန်းတော့ မဟုတ်ပေ။
မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကလည်း စစ်အုပ်စု နှင့် ဆက်ဆံရေး ကောင်းအောင် လုပ်နိုင်ခဲ့၍ ယခု ရိုဟင်ဂျာ ငါးထောင် ကို ပြန်လက်ခံရန် သဘောတူလာပြီဟု ပြောလာခဲ့ပြန်သည်၊ လက်ရှိတွင် မင်းအောင်လှိုင်ကြောင့် ရိုဟင်ဂျာ ၁၂၀,၀၀၀ ကျော် လက်ခံထားရပြီး ဖြစ်သည်။
မင်းအောင်လှိုင် ခရီးစဉ် အပြီး တွင် စစ်အုပ်စု ၏ ကာကွယ်ရေး ဦးစီးချုပ် ဆိုသူ ရဲဝင်းဦးလည်း ထိုင်း သို့ ဩဂုတ် ၁၉-၂၁ တွင် ရောက်လာဖို့ ရှိနေသည်ဟု သိရသည်။
ထို့ အတွက် ကြောင့်လည်း ဝါရှင်တန် ပို့စ် သတင်းစာကြီးက အမည် မတပ်သော်လည်း ပုံစံအမျိုးမျိုးရှိသည့် လက်တွေ့နိုင်ငံရေး က ရစရာမရှိအောင် ယုတ်မာခါးသီးလှသော မျက်နှာစာများစွာကို ပြသနေပေသည်ဟု ရေးသားထားခြင်း ဖြစ်ပေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!