နတ်ရေကန် တိုက်ပွဲကြီး၊ ကျရှုံးသွားသော ရက် ၁၀၀ ငြိမ်းချမ်းရေး

by Hla Soewai - Aug 03 2026

ဒေသခံစစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ၊ အမ်း-ပဒန်းလမ်းပိုင်းရှိ မဟာဗျူဟာမြောက် နတ်ရေကန်စခန်းကို အင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သော စစ် အုပ်စု ၏ စစ်ယာဉ်တန်းမှာ ရက္ခိုင့်တပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်တပ်သည် မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့ရှိ အမြောက်တပ်ရင်း အမှတ် (၉၀၅) မှ ရခိုင်ရိုးမအတွင်း တည်ရှိသော နတ်ရေကန်စခန်းသို့ စစ်ကူများ ပို့ဆောင်ရန် ကြိုးပမ်းလာခဲ့သည်။

 

စစ်ကူလာသော ယာဉ်တန်းသည် ငဖဲမြို့နယ်၊ ပဇီနှင့် ဂုံတဲကြီးကျေးရွာများအနီးတွင် ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်ခံရခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းနှင့် မြေပြင်မှ ခြုံခိုတိုက်ခိုက်ခံရခြင်းတို့ကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

 

၎င်းတို့၏ စစ်ကြောင်းတချို့ကတော့ အဆိုပါ ဧရိယာအတွင်း အကွဲကွဲ အပြားပြား ဖြစ်သွားပြီး မြေပြင်တိုက်ပွဲများလည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်ဟု ဆိုသည်။

 

လက်ရှိတွင် ရက္ခိုင့်တပ်တော်နှင့် ၎င်း၏ ပူးပေါင်းတပ်ဖွဲ့များသည် ပဇီနှင့် ဂုံတဲကြီးကျေးရွာများအနီးတွင် ပျံ့နှံ့နေသည့် စစ်အုပ်တပ်များကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်။ စစ်အုပ်စုကလည်း ဖရိုဖရဲ ဖြစ်နေသော ၎င်းတို့၏တပ်များကို အကာအကွယ်ပေးရန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ နတ်ရေကန်အနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

 

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ယာဉ်စီးရေ ၇၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကူတပ်ဖွဲ့သည် မကွေးမြို့သို့ ရောက်ရှိလာပြီးနောက် စစ်ကြောင်းနှစ်ခု ခွဲကာ ချီတက်ခဲ့ရာ တခုမှာ နတ်ရေကန်ဗျူဟာစခန်းဘက်သို့ ဦးတည်ခဲ့ပြီး ကျန်တခုမှာ စလင်းနှင့် ဆောမြို့နယ်များဘက်သို့ ချီတက်ခဲ့သည်။

 

တော်လှန်ရေးတပ်ဖွဲ့များသည် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို တင်းကျပ်စွာဝိုင်း ပတ် ပိတ်ဆို့ထားပြီး လာရောက်သည့် စစ်ကူစစ်ကြောင်းများကိုလည်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

 

အဆိုပါစခန်းသည် စစ်ရေးအရ အရေးပါသော အဓိက မဟာဗျူဟာမြောက် နေရာတ ခုဖြစ်သောကြောင့် စစ်အုပ်စုအနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို စစ်ကူများ အရောက်ပို့နိုင်ရန် ကြိုးပမ်းနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

 

"နတ်ရေကန်စခန်းဟာ စစ်ကောင်စီရဲ့ မကွေးရှေ့တန်းအတွက် အရေးပါတဲ့ အဓိကဗဟိုချက်တစ်ခု ဖြစ်ပါတယ်" ဟု ဒေသခံ စစ်ရေးလေ့လာသူတစ်ဦးက ရှင်းပြခဲ့သည်။ "အဲဒါဟာ နိုင်ငံအဆင့် လေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခု ဖြစ်သလို မကွေးတိုင်းအတွင်းမှာရှိတဲ့ စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေအတွက်လည်း အဓိက တံတိုင်းတခုလို ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း စစ်အုပ်စုက ရနိုင်သမျှ အင်အားအကုန်သုံးပြီး ဒီစခန်းကို ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်"

 

ရက္ခိုင့်တပ်တော်နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများသည် ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက အဆိုပါ တောင်ကုန်းပေါ်ရှိ ဗျူဟာစခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ကင်းစခန်းများကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များသည် ပင်မစခန်းကို ဆက်လက် ဝိုင်းပတ် ပိတ်ဆို့ထားဆဲဖြစ်သည်။ စခန်းကျ မသွား စေရေး အတွက် စစ်အုပ်စုသည် ခြေလျင်တပ်မဌာနချုပ် (တမခ) ၇၇ နှင့် ၉၉၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၀၊ ၁၄ နှင့် ၁၇ တို့မှ တပ်ဖွဲ့ဝင်များအပြင် ၎င်းတို့နှင့် မဟာမိတ်ပြုထားသော ပြည်သူ့စစ်များကိုပါ အကြိမ်ကြိမ် စေလွှတ်ခဲ့ပြီး ဖြစ်သည်။

 

ကျရှုံးသွားသော မင်းအောင်လှိုင်၏ ရက် ၁၀၀ ငြိမ်းချမ်းရေး

 

စစ်အုပ်စု ၏ "ရက် ၁၀၀ ငြိမ်းချမ်းရေး အစပျိုးမှု" သည် မြေပြင်တွင် ၎င်းတို့၏တပ်များကို တိုက်ခိုက်နေသည့် အဓိက တော်လှန်ရေးအင်အားစုများကို လုံးဝဖယ်ထုတ်ထားကြောင်း ထောက်ပြကြကာ နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူများက အစကတည်းက ယုံကြည်ကိုးစားနိုင်းရာ မရှိဟု ထောက်ပြခဲ့ကြသည်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ့်ကို သမ္မတအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ဧပြီ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်ထားသော အဆိုပါ ငြိမ်းချမ်းရေးအစပျိုးမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုတစ်ခုအဖြစ် စစ်အုပ်စု က ဈေးဗန်း ခင်းလာခဲ့သည်။ သို့သော်လည်း တိုက်ပွဲများတွင် တက်ကြွစွာ ပါဝင်တိုက်ခိုက်နေသည့် အင်အားစုများကို ထည့်သွင်းရန် ငြင်းဆိုခဲ့ခြင်းကြောင့် လေ့လာသုံးသပ်သူများက ယင်းလုပ်ငန်းစဉ်ကို ပျက်ပြားသွားခဲ့ပြီဟု ဝေဖန်သုံးသပ်လျက်ရှိသည်။

 

ရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် ယခုအချိန်အထိ နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့်သာ ထိတွေ့ဆက်ဆံမှုကို ကန့်သတ်ထားပြီး၊ တိုက်ပွဲဝင်နေခြင်းမရှိသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၇ ဖွဲ့ ပါဝင်သည့် မဟာမိတ်အဖွဲ့ကိုလည်း ဖိတ်ကြားချက်များ ပေးပို့ခဲ့သည်။

 

၎င်းတို့အား အဓိက တိုက်ခိုက်နေသည့် အရေးပါဆုံး ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/CNA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) သို့မဟုတ် ပြည်သူ့ညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေသည့် အဓိက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများနှင့် တစုံတရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

 

နိုင်ငံတဝန်းတွင် အပြင်းအထန် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်၌ အဓိက ပါဝင်နေများကို ဖယ်ထုတ်ထားခြင်းသည် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်မည့် အလားအလာများကို ပျက်ပြားစေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက အလေးပေးပြောကြားခဲ့သည်။

 

 "ဒီအစပျိုးမှုက လုံးဝပျက်ပြားသွားပြီလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ပါဝင်သင့်တဲ့ အဓိက ဒီမိုကရေစီအင်အားစုတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လုံးဝ မပါဝင်ပါဘူး" ဟု Development Media Group (DMG) ၏ အယ်ဒီတာချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မြတ်ဦးက ပြောကြားခဲ့သည်။ "စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းက အဖွဲ့အနည်းငယ်နဲ့ တွေ့ဆုံတာ ဒါမှမဟုတ် နေပြည်တော်မှာ အခမ်းအနားတွေ လုပ်နေရုံပါပဲ။ တကယ်တမ်းမှာတော့ AA၊ KIA.နဲ့ KNU တို့ ပါဝင်တဲ့ တိုက်ပွဲတွေက အ ရေး ပါဆုံးပါပဲ၊ ဒါတွေက ငြိမ်းချမ်းရေး ဆွေးနွေးရမယ့် အဓိက အင်အားစုတွေ ဖြစ်ပါတယ်"

 

နိုင်ငံရေးနှင့် စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ရာပြည့် နှင့် ကိုယ်စားလှယ်အဖွဲ့များ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ပြီး "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA - မိုင်းလား) တို့နှင့် တွေ့ဆုံခြင်းကဲ့သို့သော လတ်တလော လုပ်ရပ်များ သည် တရုတ်၏ နောက်ကွယ်မှ ကြီးမားသော ပါဝင်ပတ်သက်မှုအပြင် စစ်အုပ်စု ၏ အားနည်းလာသည့် အနေအထားကိုပါ ထင်ဟပ်ဖော်ပြနေကြောင်း မှတ်ချက်ပြုခဲ့သည်။

 

နေပြည်တော်ကို ရောက်လာဖို့ ရှိနေသော အဖွဲ့များသည် ၎င်းတို့၏ စစ်ရေးအရ အသာစီးရရှိထားမှုများကို အသုံးချကာ နိုင်ငံရေးအရ အမြတ်ထုတ် လာကြမည့် အဖွဲ့များသာဖြစ်သည်။ စစ်အုပ်စု အနေဖြင့် ထိုအစည်းအဝေးများ ဗန်းပြကာ တိုးတက်မှုရှိနေသ‌ ယောင် လှည့်စား နိုင်ရန် အလျှော့ပေး ညှိနှိုင်းသွားမည်သာ ဖြစ်သည်ဟု ဆိုသည်။

 

မကြာသေးမီက ပြုလုပ်ခဲ့သော ဆွေးနွေးမှုများအတွင်း TNLA က "တအာင်းပြည်နယ်" တခုကို အသိအမှတ်ပြုပေးရန် စစ်အုပ်စု ထံ တရားဝင် တောင်းဆိုခဲ့သည်။ စစ်အုပ်စု က ချက်ချင်း လက်မခံခဲ့သော်လည်း ဆုံးရှုံးသွားသော နယ်မြေများကို အင်အားသုံး၍ ပြန်လည်မသိမ်းပိုက်နိုင်တော့ခြင်းကြောင့်သာ ယခုကဲ့သို့ ဆွေးနွေးလိုစိတ် ရှိလာခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

 

တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် MNDAA နှင့် TNLA ကဲ့သို့သော အဖွဲ့များနှင့် ယာယီအပစ်အခတ်ရပ်စဲရေးများ ဖြစ်ပေါ်လာစေခဲ့သော်လည်း ပိုမိုကျယ်ပြန့်သော ပဋိပက္ခကြီးမှာမူ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အပါအဝင် ကျယ်ပြန့်လှသည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များနှင့် ထိတွေ့ဆက်ဆံခြင်း မရှိဘဲ မင်း‌ အောင်လှိုင်၏ ရက် ၁၀၀ စီမံချက်မှာ စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထက် သံတမန်ရေးရာ ဟန်ပြလုပ်ရပ်တစ်ခုအဖြစ်သာ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

ကိုးကား - Development Media Group