ဟာရယ် သည် အဒေါ့ဖ် အိုက်ခ်မန်းကို ပြန်ပေးဆွဲမည့်အစီအစဉ်ကို တရက်တိတိ ရွှေ့ဆိုင်းခဲ့ရ၍ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေရသည်။ သူသည် စီစဉ်ထားပြီးသား စစ်ဆင် ရေး ကို အကောင်အထည် ဖေါ်ရာတွင် အသေးငယ်ဆုံးသော အပြောင်းအလဲလေးကပင် ဆိုးကျိုးကြီးများ ဖြစ်စေနိုင်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်သူတဦး ဖြစ်နေ သော ကြောင့်ပင်။
ဗျူနိုအဲရိစ်မြို့ပြင်မှ နှစ်နာရီခန့်သွားရသည့် လူသူကင်းရှင်းသော "ဒိုရွန်" စခန်းချထားရာ အိမ်ရှိ မဆင်မခြင် စပ်စုတတ်သော ဥယျာဉ်မှူးတစ်ဦးကြောင့် အိုက်ခ်မန်းကို အယ်လ်အယ်လ် (El Al) လေယာဉ်ပေါ်သို့ လျှို့ဝှက်မတင်ဆောင်ရမီ အချိန်အထိ ဖွက်ထားရန် ရည်ရွယ်ထားသော ထိုနေရာကို ဆက်လက်အသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် ယနေ့တစ်နေ့လုံးကို ကြာရှည်စွာ နေထိုင်နိုင်ရန်အတွက် လိုအပ်သည့် ခေါက်ကုတင်များ၊ အပူပေးစက်များ၊ အိပ်ရာခင်းများ၊ အိုးခွက်ပန်းကန်များနှင့် စည်သွတ်ဘူးအစားအစာများကို "တီရာ" အိမ်သို့ ပြောင်းရွှေ့ပေးပို့ရခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။
ပြဿနာတစုံတရာ ပေါ်ပေါက်လာပါက အပြည့်အဝ အကာအကွယ် ဖြစ်နေစေရန် ရည်ရွယ်၍ အဖွဲ့သည် တီရာ၏ လုံခြုံရေးပေါက်ကြားသွားခဲ့ပါက မှီခိုနိုင်ရန်အတွက် လုံခြုံမည့် တိုက်ခန်း သို့မဟုတ် အိမ်စုစုပေါင်း ခုနစ်လုံးကို ငှားရမ်းထားခဲ့သည်။ အီစာ ဟာရယ် သည် မိမိ၏ စစ်ဆင်ရေးဘတ်ဂျက်နှင့် ပတ်သက်လာလျှင် များသောအားဖြင့် ကပ်စေးနဲနှမြောတတ်သူတဦးဖြစ်ပြီး၊ ၎င်း၏ အေးဂျင့် များကို ရိုးရိုးရှင်းရှင်း ဟိုတယ်များတွင် တည်းခိုရန်နှင့် ဈေးနှုန်းချိုသာသော စားသောက်ဆိုင်များတွင်သာ စားသောက်ရန် တောင်းဆိုလေ့ရှိသည်။ သို့သော် အိုက်ခ်မန်းကို ဖမ်းဆီးမည့် လုပ်ငန်းစဉ်ကမူ ငွေကြေးချွေတာ၍ မရနိုင်လောက်အောင် အလွန်တရာ အရေးကြီးလှပေသည်။
ပြန်ပေးဆွဲရန် ငှားရမ်းထားသော ဇိမ်ခံဆီဒန်ကားကြီး နှစ်စီးအနက် တစီးမှာ ဂီယာဘောက်စ် ပျက်သွားသဖြင့် တနေ့တာလုံး ကားပြင်ဆိုင်တွင် ရောက်နေရသည်။ ယာဉ်တွင် ဖြစ်ပေါ်လာသော ပြဿနာကြောင့် အေးဂျင့်များ စိတ်အနှောင့်အယှက်ဖြစ်ရမည့်အစား ပြန်ပေးဆွဲမှု မဖြစ်ပွားမီ ဖြစ်ပျက်သွားသည့်အတွက် သက်ပြင်းချနိုင်ခဲ့ကြသည်။
တန်ဖိုးကြီး ဇိမ်ခံကားတစီး လမ်းဘေးတွင် ပျက်၍ ရပ်တန့်နေမည် ဆိုက ရဲတပ်ဖွဲ့က သေချာပေါက် အာရုံစိုက်လာကြမည်သာ ဖြစ်သည်။ မေးလားစမ်းလား လုပ်လာပါက အိုက်ခ်မန် အနေဖြင့် အကူအညီတောင်းရန် အော်ဟစ်ရန် အခွင့်အရေး ရသွား ပေမည်။ အနည်းဆုံး တော့ ရဲ များက ကားအတွင်းပိုင်းကို သေချာပေါက် ဝင်ရောက်ကြည့်ရှုမည်ဖြစ်ပြီး နောက်ခန်းကြမ်းပြင်ပေါ်ရှိ အထုပ်နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးမည်မှာ သေချာပေသည်။
သို့သော် ဟာရယ် အဖို့ အလွန်အမင်း စိုးရိမ်ပူပန် လာရသည်က သူ့လူများ ပင်ပန်း နွမ်းနယ်ပြီး အားကုန်ခန်းနေကြခြင်းပင် ဖြစ်သည်။ "လုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ ကိုယ်ရောစိတ်ပါ အစွမ်းကုန် အားထုတ်ရမယ့် အလုပ်တခုကို သူတို့ကိုယ်တိုင် ကြံ့ခိုင်သန်စွမ်းစွာ လုပ်နိုင်မယ် ဆိုတဲ့ အကြွင်းမဲ့ ယုံကြည်မှုမရှိဘဲနဲ့ ဘယ်လိုမှ မလုပ်ရဲကြပါဘူး" ဟု သူက နောင်တွင် ရှင်းပြခဲ့သည်။
ပြီးခဲ့သည့် နှစ်ပတ် ဗျူနိုအိုင်းရိစ်သို့ရောက်ရှိလာကြသည့် အချိန်မှစ၍ အိုက်ခမန်း စစ်ဆင်ရေးအဖွဲ့သည် အနားယူချိန်မရှိ လုပ်ကိုင်ခဲ့ကြပြီး အိုက်ခမန်း၏ နောက်ကို တကောက်ကောက်လိုက်ရန်နှင့် ဖြစ်နိုင်ချေရှိသော ထွက်ပြေးနိုင်မည့်လမ်းကြောင်းများကို စုံစမ်းစစ်ဆေးရန်အတွက် မိုင်ပေါင်းများစွာကို မောင်းနှင်ခဲ့ကြရသည်။
သို့သော် သူတို့သည် ထိုသို့ ခန္ဓာကိုယ်ပိုင်းအရ ပင်ပန်းနွမ်းနယ် နေသည့် ကြားမှ စိတ်ပိုင်းဆိုင်ရာ ဒုက္ခဆင်းရဲများရှိလာ၍ ပိုမိုဆိုးရွားလာခဲ့သည်။ ကင်းထောက်မစ်ရှင်များစွာကို လုပ်ဆောင်ရင်း အဒေါ့ဖ် အိုက်ခမန်းအား ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် တွေ့လိုက်ရစဉ်က တယောက်ချင်းစီ ခံစားခဲ့ရသော ရင်ခုန်စိတ်လှုပ်ရှားမှုနေရာတွင် ယခုအခါ ကျရှုံးမည်ကို ကြောက်ရွံ့သည့် အကြောင်းရင်းက ဝင်ရောက်နေရာယူသွားခဲ့ပြီဖြစ်သည်။
အခန်းတွင်းရှိ လူအများစုမှာ ဖမ်းဆီးခံရပြီး အာဂျင်တီးနား အကျဉ်းထောင်တခုဆီ ပို့ဆောင်ခံရတော့မည်လားဟုလည်း စိုးရိမ်ပူပန်နေကြသည်။ အချို့ကလည်း အစ္စရေးမြေကို ပြန် မှ နင်းခွင့်ရပါဦးမလားဟု တွေးတောပူပန်နေကြသည်။
ပြန်ပေးဆွဲမှုသည် မည်သည့်အခက်အခဲမှ မရှိဘဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့လျှင်တောင်မှ ၎င်းတို့ အားလုံး အနည်းဆုံး ဆယ်ရက် လောက် စိတ်အေးလက်အေး အနားယူနိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။ နောက်နှစ်ရက်နေလျှင် ဆိုက်ရောက်လာရမည့် အယ်လ်အယ်လ် (El Al) လေယာဉ်မှာ တပတ်တိတိ နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် အိုက်ခ်မန် ကို အချိန်အတိုင်းအတာတခုအထိ မဖြစ်မ နေ ဝှက်ထားရ ဖို့ဖြစ်လာတော့သည်။
ရဲတပ်ဖွဲ့ထံသို့ ပြန်ပေးဆွဲခံရသည့် သတင်းရောက်သွားသည်နှင့် တစ်ပြိုင်နက် လူရှာ ပွဲကြီးတခု ဖြစ်လာမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ယခုအချိန်မှစ၍ ၎င်းတို့၏လေယာဉ် အာဂျင်တီးနားလေပိုင်နက်မှ လွတ်မြောက်သွားသည့်အချိန်အထိ၊ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော အဖွဲ့သားများသည် နာရီ နှင့် အမျှ စည်းကမ်းတင်းကျပ်မှုနှင့် သတိဝီရိယရှိမှုကို မဖြစ်မနေကျင့်သုံးကြရမည် ဖြစ်သည်။
"ကျွန်တော် တို့သာ မိသွားရင် ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမယ်လို့ ထင်လဲ" ဟု အေးဂျင့်တစ်ဦးက မေးလိုက်သည်။
"ကောင်းကောင်း မွန်မွန် နဲ့ နှစ်နည်းနည်းလောက်ပေါ့" ဟု ဟာရယ်လ် က ပြန်ဖြေသည်။
သူ့ အဖြေ ကြောင့် တခန်းလုံး တိတ်ဆိတ်သွားသည်။
**************
အဖွဲ့သားများက စီစဉ်ထားသည် များကို အပြီးသတ် ပြင်ဆင်နေကြစဉ် အစ္စရေး မှ အံ့သြဖွယ် သတင်းတခု ဝင်ရောက်လာသည်။ ဒေါက်တာ ဂျိုးဇက် မင်ဂီလီ သည် လက်ရှိတွင် ဗျူနို အေရိစ်မြို့သို့ ရောက်ရှိနေကြောင်း မော့ဆက် ထောက်လှမ်းရေးက သတင်းပို့လာခဲ့ခြင်း ဖြစ်သည်။ အစ္စရေး ထောက်လှမ်းရေး အကြီးအကဲ အီဆာ ဟာရယ် ၏ အေးဂျင့်များသည် အဒေါ့ အိုက်ခ်မန် နှင့် မင်ဂီလီ နှစ်ဦးစလုံးကို တပြိုင်နက်တည်း စစ်ဆင်ရေး တခုတည်းဖြင့် ဖမ်းဆီးနိုင်ရန် ဖြစ်နိုင်ပါ့မလား။ ထိုလူနှစ်ဦးစလုံးကို အစ္စရေးနိုင်ငံတွင် တရားရုံးတင် စစ်ဆေးနိုင်ခြင်းသည် ဂျူးလူမျိုးတို့၏ တရားမျှတမှုအတွက် သာဓက မရှိဖူးသေးသော ကြီးမားသည့် အောင်ပွဲတရပ် ဖြစ်လာပေမည်။ ထို့ကြောင့် အီဆာ ဟာရယ်သည် နောက်ထပ် စစ်ဆင်ရေး တခုကို တိတ်တဆိတ် စတင်ကြံစည်လာတော့သည်။
**************
စစ်ရာဇဝတ်ကောင်တဦးကို ဖမ်းဆီးရမည့်အချိန် ရောက်လာပြီဖြစ်သည်။
ဇဗီ အာဟာရိုနီ သည် နိုင်ငံတကာလမ်းမ၏ ဘေးထွက်လမ်းတခု ပေါ်တွင် ကားကို ဖြည်းဖြည်းချင်း ထိုးရပ်လိုက်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့သည်မှာ ယခုဆိုလျှင် ၁၅ နှစ်နှင့် ၄ ရက် ရှိပြီဖြစ်ပြီး ဤသည်က အဒေါ့ အိုက်ခမန်း ၏ တရားဥပဒေ မှ ရှောင်တိမ်းနိုင်ခဲ့ သော ရက်များလည်း ဖြစ်သည်။ ယခုည အစစ အရာရာ အဆင်ပြေသွားမည်ဆိုပါက နောင်တရခြင်း အလျှင်းမရှိသော ဤလူသတ်သမားကို ရှာဖွေဖမ်းဆီးမှုကြီးသည် အဆုံးသတ်သွားတော့မည် ဖြစ်သည်။
အာဟာရိုနီနှင့် သူ၏ မော့ဆက် အေးဂျင့် များသည် ဘတ်စ်ကားမှတ်တိုင်ကို စူးစူးစိုက်စိုက်ကြည့်ကာ ည ၇ နာရီ ၄၀ မိနစ်တွင် အချိန်မှန်မှန် ရောက်ရှိလာလေ့ရှိသည့် နံပါတ် ၂၀၃ ဘတ်စ်ကားကို စောင့်ဆိုင်းနေကြသည်။ အလှမ်းဝေးဝေးတွင် ဒုတိယမြောက် အစ္စရေးမော်တော်ယာဉ်တစီး လမ်းဘေးတွင် ရပ်ထားသည်ကို အာဟာရိုနီ မြင်လိုက်ရသည်။
ထိုအစ္စရေးအေးဂျင့်သည် ဗျူနိုအေရိစ် မြို့၏ ဆင်းရဲသား ရပ်ကွက် တွင် တန်ဖိုးကြီး ကား တစီး ထိုးရပ်နေသည်ကို အကြောင်းပြနိုင်ရန်အတွက် နိုင်ငံခြားသံတမန်အဖြစ် ဟန်ဆောင်ကာ အနောက်တိုင်း ကုတ်အင်္ကျီ ကို အကျအန ဝတ်ဆင်ထားသည်။
အာဟာရိုနီသည် ကားစက် ပိတ်လိုက်ပြီး ရှေ့ဘက် ကားအဖုံး ဖွင့်သည့် သော့ခလောက်ကို ဖြုတ်လိုက်သည်။ မော့ဆက် အေးဂျင့်များဖြစ်ကြသော ပီတာ စဗီ မဲလ်ကင် နှင့် ဇီဗ် ကာရန် တို့သည် ကားပေါ်မှ ဆင်းလာကြပြီး ကားဖုံးကို ဖွင့်ကာ စက်ပြင်နေဟန်ဆောင် နေကြသည်။
အာဟိုရွန်နီ တို့နှင့်အတူ လိုက်ပါလာသည့် စတုတ္ထမြောက် အေးဂျင့်ဖြစ်သော ရာဖီ အီတန်သည် ဖြတ်သွားဖြတ်လာ မော်တော်ကားများ မမြင်နိုင်ရန် နောက်ခန်းထဲတွင် ပုန်းအောင်းနေခဲ့သည်။ မည်သူမျှ စကားမပြောကြပေ။ စက်ဘီးစီးလာသည့် ဆယ်ကျော်သက်ကောင်လေးတဦး ရပ်တန့်လာပြီး အကူအညီလိုသလားဟု မေးမြန်းသည်။
"ထွက်သွားစမ်း" ဟု အာဟိုရွန်နီက စပိန်ဘာသာဖြင့် အော်ငေါက်လိုက်သည်။ ထိုစေတနာ့ဝန်ထမ်း လူငယ်လေးလည်း ချက်ချင်းပင် ထွက်ခွာသွားတော့သည်။ လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာ လုပ်နေသည့် ကားများ ကွယ်ပျောက်သွားချိန် တွင် တိတ်ဆိတ်ငြိမ်သက်မှုမှာ ပြန်လည်စိုးမိုးသွားသည်။ ညဉ့်နက်လာပြီဖြစ်ပြီး လမင်းကြီးက ပြည့်ပြည့်ဝဝ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ လမ်းမီးများလည်း မရှိပေ။ ည ၇ နာရီ ၄၂ မိနစ်တွင် အိုက်ခ်မန် လိုက်ပါလာသော ဘတ်စ်ကားသည် ဒေသန္တရ ဘူတာရုံငယ်လေးတွင် ထိုးရပ်လိုက်သည်။ အဖွဲ့သားများလည်း လူဖမ်းရန်အတွက် စိုးရိမ် ပူပန် မှု များ နှင့် အတူ အသင့်အနေအထား ပြင်လိုက်ကြသည်။
ပီတာမဲလ်ကင်သည် ပထမဆုံး ကိုယ်ချင်းကပ်ကာ နာဇီကို အာရုံလွှဲ ပြီး၊ ဖမ်းဆီးချုပ်နှောင်လိုက်မည်ဖြစ်သည်။ မကောင်းဆိုးဝါး ခန္ဓာကိုယ် ပိုင်ရှင် ဟု သူယူဆထားသည့် လူတဦးကို ကိုယ်တိုင်တိုက်ရိုက် လက်နှင့် မထိလိုသောကြောင့် မဲလ်ကင်သည် နွေဦးပေါက်ရာသီ၏ နွေးထွေးသော ညချမ်းအချိန်တွင်ပင် လက်အိတ်စွပ်ထားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဘတ်စ်ကား တံခါးပွင့်လာချိန်တွင် အိုက်ခ်မန် ဆင်းလာသည်ကို မတွေ့ရ။