ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(32)

by Hla Soewai - Aug 03 2026

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်လာမှု (၁၄)

 

နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ပြု ပြင် ပြောင်းလဲရေး (၃)

 

အစိုးရအနေဖြင့် ၎င်းတို့ အတွက် ဆွဲဆောင်မှုရှိသော သဘောတရားကို အမြန်ဆုံး လက်ခံကျင့်သုံးခဲ့သည်။ ၁၉၈၄ ခုနှစ်၊ မေလတွင် နိုင်ငံတော်ကောင်စီက နိုင်ငံပိုင်လုပ်ငန်းများ (SOEs) အနေဖြင့် နှစ်လမ်းသွား ဈေးနှုန်းစနစ် (Dual-track pricing) ကို တရားဝင် ကျင့်သုံး ခွင့်ပြုခဲ့သည်။

 

အသေးစိတ်အားဖြင့်ဆိုရသော် နိုင်ငံပိုင်လုပ်ငန်းများသည် သတ်မှတ်ထားသော ပမာဏထက် ပိုထွက်လာသည့် ကုန်ထုတ်လုပ်မှုပမာဏများကို ၎င်းတို့ဘာသာ သတ်မှတ်ထားသည့် ဈေးနှုန်းများဖြင့် (သို့သော် နိုင်ငံတော်က သတ်မှတ်ထားသော ဈေးနှုန်း၏ အထက် သို့မဟုတ် အောက် ၂၀ ရာခိုင်နှုန်းအတွင်းသာ) ရောင်းချခွင့် ရှိလာခဲ့သည်။

 

ထင်ရှားသော စီးပွားရေးပညာရှင်များက ဤနှစ်လမ်းသွား ဈေးနှုန်းစနစ်ကို အနိုင်ရသူများသာ ပေါ်ထွက်လာပြီး အရှုံးမရှိစေသည့် တီထွင်ဆန်းသစ်သော အစီအမံတခုအဖြစ် နောက်ပိုင်းတွင် ချီးကျူးခဲ့ကြသည်။ နိုင်ငံပိုင်လုပ်ငန်းများသည် စီမံကိန်း သတ်မှတ်ပမာဏထက် ကျော်လွန်ထုတ်လုပ်သည့် ကုန်ပစ္စည်းများအတွက် ပိုမိုမြင့်မားသော ဈေးနှုန်းများ တောင်းခံနိုင်သည့်အတွက် ၎င်းတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်လိုစိတ် များ ပိုမိုရရှိလာခဲ့ပုံ ရသည်။

 

ထိုသို့ ဈေးနှုန်းတင်ထားသော ကုန်ပစ္စည်းများသည် နိုင်ငံပိုင်ကဏ္ဍပြင်ပရှိ လုပ်ငန်းများ၊ အထူးသဖြင့် စီမံကိန်းပြင်ပမှ နိုင်ငံပိုင်လုပ်ငန်းများ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို မဝယ်ယူနိုင်ကြသော ကျေးလက်ဒေသ စက်မှုလုပ်ငန်းများ (TVEs) အတွက် အရေးပါသော ကုန်ကြမ်းသွင်းကုန် အရင်းအမြစ်တခုကိုပါ ဖန်တီးပေးနိုင်ခဲ့သည်။

 

သို့သော် နှစ်လမ်းသွား ဈေးနှုန်းစနစ် သည် အစိုးရပိုင်လုပ်ငန်းများ (SOEs) နှင့် အဆက်အသွယ်ကောင်းသူများအနေဖြင့် အစီအစဉ်အတွင်း နိုင်ငံတော်က သတ်မှတ်ပေးထားသော ဈေးနှုန်းချိုသာသည့် ကုန်ပစ္စည်းများကို ရယူပြီးနောက် မြင့်မားသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အမြတ်အစွန်းကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်ကြသဖြင့် ငွေကြေးခေါင်းပုံဖြတ်ခြင်း နှင့် အကျင့်ပျက်ခြစားမှုကိုပါ အားပေးအားမြှောက်ပြုသလို ဖြစ်လာခဲ့သည်။

 

အစိုးရပိုင်လုပ်ငန်းအများအပြားသည်လည်း အစီအစဉ်အတွင်းမှ "သတ်မှတ် ဈေးနှုန်း" (ဈေးကွက်ပေါက်ဈေးထက် နိမ့်သော) ဖြင့် ကုန်ကြမ်းများကို ပိုမိုရရှိရန် ကြိုးပမ်းခြင်းဖြင့်လည်းကောင်း၊ ဈေးနှုန်းအထက်တင်၍ ရောင်းချနိုင်ရန်အတွက် ၎င်းတို့၏ ထုတ်လုပ်မှုကို လျှော့ချတင်ပြခြင်းဖြင့်လည်းကောင်း ဤစနစ်သစ်ကို လှည့်ကွက်ဆင် အသုံးချခဲ့ကြသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များက နှစ်လမ်းသွား ဈေးနှုန်းစနစ် သည် အာရုံစိုက်မှုများစွာ ရရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ ဈေးနှုန်းစံနစ် ပြုပြင်ပြောင်းလဲရေးအပေါ် မည်မျှအထိ အကျိုး ကျေးဇူး ရှိခဲ့မှု အပေါ် တန်ဖိုးဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ နိုင်ငံတော်မှ သတ်မှတ်ထားသော ဈေးနှုန်းများ ကျင့်သုံးသည့် ကုန်ပစ္စည်းများ၏ ရှယ်ယာမှာ ဆက်လက်ကျဆင်းခဲ့သော်လည်း ၎င်းမှာ အခြားသောအကြောင်းရင်းများ ဖြစ်သည့် အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ စက်မှုကုန်ထုတ် လုပ်ငန်း များ မြန်ဆန်စွာ တိုးတက်လာမှုတို့ကြောင့် ထုတ်လုပ်မှု မြင့်တက်လာခြင်း ကြောင့်လည်း ဖြစ်နိုင်‌ ပေသည်။ 

 

၁၉၉၀ ပြည့်လွန်နှစ်များတွင် ဈေးနှုန်းအားလုံး နီးပါးကို အပြည့်အဝ လွတ်လပ်ခွင့်ပေးလိုက်သည့်အခါတွင် ရရှိခဲ့ သော အောင်မြင်မှုသည် မည်သည့်ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကြောင့်မျှ ဖြစ်လာခြင်း မဟုတ်ကြောင်း ပညာသားပါပါ တွေ့ရှိရသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် ကုန်ပစ္စည်းရှားပါးသည့် စီးပွားရေးစနစ်တခု မဟုတ်တော့ပေ။ ဈေးနှုန်းများကို လွတ်လပ်ခွင့်ပေးလိုက်ခြင်းသည် ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာကုန်သွယ်ရေးတို့၏ အရှိန်အဟုန် ပြင်းစွာ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် လုံလောက်သော ကုန်ပစ္စည်းဖြည့်တင်းနိုင်မှု၏ ရလဒ်ကြောင့် ဆိုသည်မှာ သေချာသလောက် ရှိပေသည်။