ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့် ၁၉၄၅ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး စင်မြင့်ထက်တွင် ဒီမိုကရေစီစနစ်ကို ဖြိုချကာ စစ်တပ်က အာဏာသိမ်းယူမှု များမှာ ဒေသအသီးသီး၌ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် အရှေ့တောင်အာရှ၊ လက်တင်အမေရိက၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် ပိုမိုထင်ရှားသည်။
၁၉၄၅ မှ ယနေ့အထိ ဆိုလျှင် Center for Systemic Peace ၏ စာရင်းအရ အောင်မြင်ခဲ့သော အာဏာသိမ်းမှု ပေါင်း အကြိမ် ၂၂၀ မှ ၂၄၅ ကြိမ် အထိ ရှိခဲ့သည်ဟု သိရသည်။
အာဏာသိမ်းမှုများ၏ နောက်ကွယ် အကြောင်းအရင်းများက ...
(၁) အစိုးရ၏ အုပ်ချုပ်ရေးစွမ်းရည် ကျဆင်းခြင်း၊ ကိုယ်ကျိုးရှာမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် ပြည်သူလူထု မကျေနပ်မှုကို စစ်တပ်က အခွင့်ကောင်းယူခြင်း။
(၂) ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ဖြစ်ပေါ်လာသော လူထုဆန္ဒပြမှုများနှင့် မကျေနပ်ချက်များ။
(၃) စစ်အေးတိုက်ပွဲ ကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်တို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားအရ ကြားဝင်စွက်ဖက်မှုများ။
(၄) ပြည်တွင်းစစ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို အစိုးရက မကိုင်တွယ်နိုင်ဟု စစ်တပ်က ယူဆခြင်း တို့ ဖြစ်သည်ကို တွေ့ကြရမည် ဖြစ်သည်။
ထိုအထဲတွင် ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ထားသော အစိုးရ တရပ် ကို မဲသမာမှု များ လုပ်သည် ဆိုကာ အာဏာသိမ်းခဲ့ရသည် ဆိုသော အကြောင်းရင်းခံ တစုံတရာ ကို မျှ မတွေ့ခဲ့ရပေ။
ယခုထိလည်း ထိုပြစ်မှု ဖြင့် ရုံးတင် တရားစွဲဆို အပြစ်ပေးခံရသူ တဦးတလေမျှပင် မရှိပေ။ သက်သေ အထောက်အထား အတိအကျ ဖြင့် အများ ပြည်သူများ တက်ရောက်ကြားနာ နိုင်သည့် တရားခွင်မျိုး မရှိသင့်ပေဘူးလော။
နောက်ဆုံး ကုန်ကုန် ပြောရလျှင် ၎င်းတို့ မဲသမာမှု ကျုးလွန်သည်ဟု အမှန်တကယ် ယူဆပါက အာဏာသိမ်းသစရာ မလိုဘဲ လွှတ်တော် ကျင်းပမည့် နေ့တွင် တင့်ကားများ နှင့် ပိတ်ဆို့ကာ လာရောက်ခွင့်မပြုဘဲ ထို အရေးကို ဖြေရှင်း ပေးမှသာ ခွင့်ပြုမည်ဟု မတောင်းဆို သင့်ပေဖူးလော။
ထိုအခါတွင် ကုလ သမဂ္ဂ မှ စုံစမ်းစစ်ဆေးသူများ ရောက်ရှိလာပြီး ဖြေရှင်းပေးကြမည်သာ ဖြစ်သည်။
ထိုပြဿနာကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အာဏာ ကို လက်နက် ပြ၍ သိမ်းပိုက်ခြင်း၊ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခြင်းဟူသော လူ အကြည်ညို မဲ့စရာ လမ်းစဉ်ကို သုံးစရာ မလိုဘဲ၊ သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် လွှတ်တော်စင်မြင့် ကန့်သတ်ချက်များအတွင်းသာ ဖြေရှင်းသင့်သည်" ယုတ္တိဗေဒ မရှိပေဘူးလော။
အဘယ်ကြောင့် ထိုသို့ မလုပ်သနည်း ဆိုသော် မဲမသမာ မှု မရှိဆိုသော် အဖြစ်မှန် ထင်ထင်ရှားရှား ထွက်ပေါ်လာမည် ဖြစ်သည့်အပြင် အရေးကြီးဆုံးက မင်းအောင်လှိုင်၏ သမ္မတ ဖြစ်ရေး အိမ်မက်သည် အပြီးအပိုင် ရိုက်ချိူးခြင်း ခံရတော့မည့် အရေးပင် ဖြစ်သည်။
ပြဿနာကား အာဏာသိမ်းပြီး ငါးနှစ် ကျော်လာသည့်တိုင် တိုင်းပြည်နှင့် လူထု ဘဝကား နစ်မွန်းသည်ထက် နစ်မွန်း လိုက်လာနေသည့် အဖြစ်မျိုး မည်သည့် အာဏာသိမ်း နိုင်ငံ တနိုင်ငံ တွင် မျှ မတွေ့ခဲ့ရခြင်းပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် ထိုအတိုင်း ဆက်သွား၍ မရတော့၊ တိုင်းပြည်ကို ထပ်၍ ချယ်လှယ် လှည့်စားရန် အကြံကုန်လာ၍ ရွေးကောက်ပွဲ အတုအယောင်ကို လက်ပါးစေများ ခြံရံလျက် မဲပုံး ထောင် ပြလာခဲ့သည်။ လူထု အဖို့က ရိုးသားစွာ ဆန္ဒ ထုတ်ဖေါ်ခွင့် မရခဲ့သည့် ရွေးကောက်ပွဲဖြင့် အရူးလုပ်ခံခဲ့ကြရသည်။ ၎င်းတို့ စိတ်ရင်း အမှန် ဖြင့် ရွေးကောက် တင် မြှောက် မထားသူများက လွှတ်တော် အတွင်း ခေါင်းပေါင်းစ တလူလူ ဖြင့် ဝင်ထိုင် နေကြသည်ကိုလည်း ဘာမှ မပြောသာဘဲ ရေငုံနှုတ်ပိတ် နေခဲ့ကြရရှာသည်။
စစ် ခေါင်းဆောင် များ အဖို့က ဆယ်စုနှစ်ပေါင်း များစွာ ရည်ရွယ်ချက် ရှိရှိ ဖြင့် တသီးတခြား နေလာခဲ့ခြင်းသည်လည်း ရှိနေပြီးသား အတွေးအခေါ် များ အရိုးစွဲလာအောင် ပံ့ပိုးပေးသလို ဖြစ်လာခဲ့သည်။ အတွင်း ပိတ်ပြီး ပွင့်လင်းမြင်သာမှု မရှိသည့် ပုံဆောင် သင်္ကေတ ဖြစ်ခဲ့ရသည်။
တူရကီ၊ အီဂျစ်၊ ပါကစ္စတန် နှင့် အင်ဒိုနီရှား စစ်တပ်သည် နိုင်ငံရေး တွင် အဓိက နေရာ မှ ရပ်တည်ခဲ့ပြီး စစ်အေးတိုက်ပွဲ အတွင်း ပြင်ပ အင်အားကြီး နိုင်ငံများနှင့် အရေးပါသော ဆက်ဆံရေး မျိူး ထူထောင်နိုင်ခဲ့၍ ခေတ်သစ် ကမ္ဘာတွင် ဝင်ဆန့် နိုင်ရန် ပြင်ဆင် နိုင်ခဲ့ကြသည်။ ထို ကာလ များတွင် မြန်မာ စစ် ခေါင်းဆောင်များသည် ဝါးလုံး ခေါင်းထဲ လ သာနေဆဲ ဖြစ်သည်။
၎င်းတို့တွင် မောက်မာဖို့၊ အခြောက်တိုက် ဘဝင်မြင့်ဖို့ကလွဲ၍ ဉာဏ်ရည်လေး တပဲသား နှင့် ပုဇွန်ဆိတ် ဦးနှောက်မျိုးသာ ရှိထားကြသည်. အာကာသ ယာဉ်မှုး များ ရွေးချယ် နေပြန်သည်၊ ဤသည်ကိုလည်း စစ်ခေါင်းဆောင် ကိုယ်တိုင်က လက်က လေး နောက်ပစ်ပြီး အား ပေး နေပြန်သည် ဆိုသော သတင်း က ရန်ကုန်ရှိ သံတမန် လောက တွင် တဝါးဝါး ပွဲကျ နေမည် သာ ဖြစ်သည်။
ခေတ်အဆက်ဆက် အခြေခံစားသောက်ကုန်ပစ္စည်းတွင် ဈေးနှုန်းချိုသာပြီး မရှိမဖြစ် ကုန်စည်ဖြစ်သော “ကြက်ဥ” သည် စစ်အာဏာမသိမ်းခင်အထိ တလုံး ၁၀၀ ကျပ်ဝန်းကျင်မှ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရက် ၁၀၀ စီမံကိန်းကာလတွင် ကျပ် ၇၀၀ ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု မြန်မာ နောင်းတွင် ရေးသားထားသည်။
ထိုကဲ့သို့ ကြက်ဥဈေးနှုန်း စံချိန်တင်မြင့်တက်ခြင်း၊ ကိုယ်တွင်းကလီစာများကို ရောင်းချ၍ စားဝတ်နေရေးဖြေရှင်းခြင်း၊ လက်ဖက်ရည် တခွက်ဈေးနှုန်းသည် ဆန်ကြမ်းတစ်ပြည်နီးပါး ဖြစ်လာခြင်း၊ ကျပ်တည်းမှုဒဏ် မခံစားနိုင်တော့၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းစသည့် အခြေအနေများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
လေကြီးမိုးကြီး ပြောခဲ့သော ရက် ၁၀၀ စီမံကိန်း ဆိုသည်က ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။
တရုတ် အစိုးရသည်လည်း ၎င်းတို့ စီမံကိန်းများ ကို မင်းအောင်လှိုင် လက်ထဲ ပစ်ထားပါက ရေစုံ မျောတော့မည်ကို နကိုယ်ကတည်းက သိထားပြီး ဖြစ်သည်၊ အခြားလည်း ရွေးစရာ လမ်းမရှိတော့၍ ရွေးကောက်ပွဲ လုပ်ခွင့်ပေးပြီး၊ နောက်ပိုင်း အခြေအနေများ ပြန်လည် တည်ငြိမ် လာအောင် တနှစ်တန်သည် ဖြစ်ဖြစ် အချိန်ပေးထားသည့် သဘောမျိုး တွေ့လာရသည်။
ထို့အတွက်လည်း နိုင်ငံ တွင် ၎င်းဖန်တီးခဲ့၍ ကြုံ တွေ့ နေရသော ပြဿနာ ပေါင်းစုံကို တက်သုတ် ရိုက်၍ ဗုံးကြဲ ဖြေရှင်းနေခြင်းသာ ဖြစ်သည်။
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလတွင် လူထု အသိအမှတ် ပြုခြင်း မခံရသည့် သမ္မတအဖြစ်သို့ ကူးပြောင်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို 'ပိုမို ပြင်းပြင်းထန်ထန် ပြုလုပ်လာခဲ့သည်' ဟုအမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခနှင့် ဖြစ်ရပ်အချက်အလက် စုဆောင်းရေးအဖွဲ့ (ACLED) က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
'အာဏာရှင်အစိုးရအနေဖြင့် အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် အဓိကထား အရက်စက် အကြမ်းကြုတ်ဆုံး နည်းလမ်းများ နှင့် လုပ်ဆောင်နေသဖြင့် အရပ်သားပြည်သူများအတွက် စစ်ဘေးဒဏ်မှ သက်သာရာရရန်မှာ ဖြစ်နိုင်ချေ နည်းပါးနေဆဲဖြစ်သည်' ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!