ဘီဂျင်း အနေဖြင့် မြန်မာ ပြည်သူ များ၏ ဒုက္ခဆင်းရဲကြီးစွာ ခံစား နေရမှု များကို အရေးမစိုက်ဘူးဆိုလျှင်တောင်၊ လူသတ်လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို ဆက်လက်ထောက်ပံ့နေခြင်းက ၎င်း၏ကိုယ်ကျိုးစီးပွားများကိုပါ ထိခိုက်ပျက်ပြားစေနေသည်ဆိုသည်ကို အနည်းဆုံးတော့ သဘောပေါက်သင့်ပေသည်ဟု ၂၀၂၆ ဇူလိုင် ၂၇ ရက် ထုတ် Responsibility Statecraft စာစောင် တွင် Doug Bandow က ယခုလို သုံးသပ်တင်ပြထားသည်ကို ကောက်နှုတ် ဖေါ်ပြသွားပါမည်။
အီရန်၊ ယူကရိန်း၊ လက်ဘနွန်နှင့် အခြားသော ကမ္ဘာ့ပဋိပက္ခများကဲ့သို့ အာရုံစိုက်မခံရသည့် လူဦးရေ သန်း ၅၀ ခန့်ရှိသော မြန်မာနိုင်ငံတွင် မူ တိတ်တဆိတ် ပြိုလဲပျက်စီးသွားခဲ့ပြီဖြစ်သည်။ လူသောင်းနှင့်ချီ သေဆုံးခဲ့ရပြီး၊ လူသိန်းနှင့်ချီ တိုင်းပြည်မှ ထွက်ပြေးခဲ့ကြရကာ၊ လူသန်းပေါင်းများစွာမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု နယူးယောက် တိုင်းမ် သတင်းစာတွင် ဖေါ်ပြထားသည်။
အမေရိကန်က စစ်အုပ်စု ကို အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း အရှေ့တောင်အာရှရှိ အိမ်နီးချင်း နိုင်ငံများ အနေဖြင့် အုပ်ချုပ်သည့် အစိုးရစနစ်များ၏ သဘောသဘာဝကို အထူးတလည် စိုးရိမ်ပူပန်ခြင်း မရှိပေ။ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံတွင် လွှမ်းမိုးမှုရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် လူသတ်အာဏာရှင်များနှင့် လက်တွဲလုပ်ဆောင်ရန် ဝန်လေးနေကြခြင်း မရှိပေ။
နှစ်နိုင်ငံစလုံးသည် ဇွန်လအတွင်းက မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ကြပြီး စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
တရုတ်သည် စစ်အုပ်စု ၏ အဓိက လက်နက်တင်သွင်းသူဖြစ်ပြီး ကုလသမဂ္ဂ၏ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တားဆီးရေး အဆိုပြုချက်များကို ပိတ်ပင်တားဆီးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ ဖော်ပြချက်အရ “လူစည်ကားရာ ဈေးများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ ခိုလှုံရာစခန်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားကာ လူဦးရေထူထပ်ရာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာသည့်” မြန်မာနိုင်ငံ၏ လေတပ်ကို အင်အားဖြည့်တင်းပေးရာတွင် ဘီဂျင်း သည် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၎င်းတို့ ၏ ထောက်ခံအားပေးမှုက စစ်တပ်အား ရှုံးနိမ့်မသွား အောင် ကာကွယ်နိုင်ခဲ့ဖွယ်ရှိသော်လည်း၊ စစ်အုပ်စု အနေဖြင့် အနိုင်ရရှိရန်မှာမူ ဖြစ်နိုင်ခြေနည်းပါးဆဲဖြစ်သည်။ ၎င်းတို့သည် နိုင်ငံ၏ ငါးပုံတစ်ပုံခန့်ကိုသာ ထိန်းချုပ်ထားနိုင် သည်ဟု ခန့်မှန်းရပြီး ယင်းမှာ အတိုက်အခံအင်အားစုများ ထိန်းချုပ်ထားသည့် ပမာဏ၏ ထက်ဝက်ခန့်သာဖြစ်ကာ ကျန်နယ်မြေများမှာမူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးရာကောင်စီ ၏ လေ့လာသုံးသပ်ချက်အရ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ၎င်းတို့၏ မဟာမိတ်များသည် အဓိကနယ်မြေများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗမာလူမျိုးအများစုနေထိုင်ရာ ဒေသများတွင် စစ်တပ်ကို ခုခံစစ်နွှဲလာစေရန် တွန်းအားပေးလျက်ရှိကာ မန္တလေးမြို့ဘက်သို့ တိုးချဲ့ဝင်ရောက်လာကြသည်။ စစ်ကောင်စီအနေဖြင့် ယခုအချိန်အထိ နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်ခဲ့ကြသည့် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ခိုက်ရာတွင် အထူးပင် ရုန်းကန်နေရသည်” ဟု ဖော်ပြထားသည်။
ဝါရှင်တန်အနေဖြင့် စစ်အုပ်စု အပေါ် သက်ရောက်မှုရှိစေရန် ဆောင်ရွက်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိ နေသည်။ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားသည့် တနိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးပိတ်ဆို့မှုများသည် စစ်အုပ်စု ကို ပြိုလဲသွားစေသည် အထိ ဖြစ်မလာနိုင်။ တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုအရ မြန်မာပြည်သူများကိုသာ ပိုမိုထိခိုက်နစ်နာစေမည်ဖြစ်သည်။ ဝါရှင်တန်အနေဖြင့် စစ်တပ်ကို အားနည်းသွားစေရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်သော်လည်း၊ ယင်းအတွက် ဥရောပအစိုးရများ၊ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။
သို့သော် တရုတ်သည် မြန်မာ အပေါ် ဩဇာ အလွှမ်းမိုးနိုင်ဆုံး နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သောကြောင့် လွယ်ကူလှသည် တော့ မဟုတ်ပေ။ အစိုးရအနေဖြင့် နေပြည်တော်အတွက် ၎င်း၏ အကူအညီများကို လျှော့ချရန် ကြိုးပမ်းရင်း ဤကိစ္စနှင့်ပတ်သက်၍ ဘီဂျင်း နှင့် ထိတွေ့ဆက်ဆံသင့်သည်။ ဝါရှင်တန်အနေဖြင့် ၎င်း၏ အဓိကစိုးရိမ်ပူပန်မှုမှာ လူသားချင်းစာနာထောက်ထားမှုသာ ဖြစ်ကြောင်း ညွှန်ပြလျက် တမျိုးတမည် အပေးအယူလုပ်နိုင်သည့် သဘောတူညီချက်တခုကို ကမ်းလှမ်းနိုင်သည်။ ထို့ကြောင့် ဝါရှင်တန်သည် တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲကြောင့် ပေါ်ပေါက်လာမည့် မြန်မာအစိုးရတရပ်ကို မိမိတို့ဖက် ပါလာ အောင် သွေးဆောင် စည်းရုံးခြင်းမှ ရှောင်ကြဉ်မည်ဟု ကတိပြုနိုင်ပေသည်။
ရှီကျင့်ဖျင် ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်လာအောင် ကြိုးပမ်းမည် ဆိုက တရုတ်နိုင်ငံ၏ အကျိုးစီးပွားသာမက နိုင်ငံတကာ၏ အကျိုးစီးပွားများကိုပါ ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
စစ်တပ်၏ ရွံရှာဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုနှင့် အကျင့်ပျက်ခြစားမှုများသည် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစေရန် အာမခံချက်ပေးနေသကဲ့သို့ ဖြစ်နေပြီး၊ ဘီဂျင်းအနေဖြင့် အကောင်းဘက်မှ သက်ရောက်မှုရှိစေရန် စွမ်းဆောင်နိုင်စွမ်းမှာလည်း ကန့်သတ်ချက်ရှိလာနေသည်။
ကော်နယ် တက္ကသိုလ်မှ အောင်သူကိုကို က “မြန်မာနိုင်ငံဆိုတာ ဘီဂျင်း အပြည့်အဝ ထိန်းချုပ်လို့ရတဲ့ စစ်တုရင်ခုံတစ်ခု ဖြစ်မလာပါဘူး။ ... တရုတ်နိုင်ငံအတွက် ရေရှည်မှာ အကြီးမားဆုံး အန္တရာယ်ကတော့ မြန်မာနိုင်ငံမှာ အချိန်အကြာကြီး အမြစ်တွယ်နေခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေပဲ ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်ခဲ့သည်။
စစ်အာဏာရှင်စနစ် အပြောင်းအလဲ သို့မဟုတ် အနည်းဆုံးတော့ အခြေခံအုပ်ချုပ်ရေး အာဏာကို မြန်မာပြည်သူများထံ ပြန်လည်အပ်နှံရေးအတွက် တွန်းအားပေးဆောင်ရွက်ခြင်းက တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ပဋိပက္ခများကို လျှော့ချခြင်းအားဖြင့် စွမ်းအင်ဖြန့်ဖြူးမှု လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကို လျော့ပါးစေမည်ဖြစ်သည်။ စစ်အုပ်စု အပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးနေသည်ဟူသော အမြင်ကို အဆုံးသတ်ခြင်းက ဘီဂျင်း အပေါ်ထားရှိသည့် ပြည်သူများ၏ ရန်လိုမှုကို သက်သာစေလိမ့်မည်။ အမှန်စင်စစ် မင်းအောင်လှိုင် ဖြုတ်ချခဲ့သည့် အရပ်သားအစိုးရသည် ၎င်း၏ အဓိက အိမ်နီးချင်းနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီးဖြစ်ကာ တရုတ်နိုင်ငံအနေဖြင့်လည်း အတိုက်အခံအင်အားစုများနှင့် ဆက်သွယ်မှုများကို ထိန်းသိမ်းထားဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် အနောက်နိုင်ငံ မီဒီယာ များ၏ သတင်းခေါင်းစီးများတွင် ပါခဲလှသည်။ သို့သော်လည်း ထို ပဋိပက္ခသည် သမ္မတ ဒေါ်နယ်ထရမ့် ကိုင်တွယ်ဖြေရှင်းသင့်သည့် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားရမည့် ဘေးဒုက္ခများထဲမှ တခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိခဲ့သော မြန်မာနိုင်ငံသည် ခက်ခဲနက်နဲသော ပြဿနာတခုဖြစ်သည်မှာ ထင်ရှားပါသည်။ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် မင်းအောင်လှိုင်ကို တရားဝင် ကြိုဆို ဧည့်ခံမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရမည့် ကိစ္စ များ မှာ အကြမ်းဖက်မှုများအပါအဝင် အခြား ပြဿနာများနှင့်သာ သက်ဆိုင်နေကြောင်း သဘောပေါက်သင့်ပေသည်။
တရုတ်နိုင်ငံအတွက်ပင်လျှင် ကြိုတင်ခန့်မှန်း၍မရနိုင်သော ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းထက် ပိုမို၍ ဒီမိုကရေစီကျပြီး ငြိမ်းချမ်းသည့် အနေအထားက ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ဆောင်းပါးရှင် ဒေါ့ဂ် ဘန်ဒေါင်း သည် ကတိုးအင်စတီကျု ၏ အကြီးတန်း အရာရှိတစ်ဦးဖြစ်ပြီး သမ္မတ ရော်နယ် ရေဂင်၏ အထူးလက်ထောက်ဟောင်းတဦးလည်း ဖြစ်သည်။ ၎င်းသည် The American Conservative အွန်လိုင်းနှင့် Antiwar..com တို့တွင် အပတ်စဉ် ဆောင်းပါးများ ရေးသား နေသူ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!