The Starfish And The Spider by Ori Brafman and Rod Beckstrom
အဓိက အိုင်ဒီယာ
သဘာဝကမ္ဘာတွင် ပင့်ကူတကောင်၏ ခေါင်းကို ဖြတ်ပစ်လိုက်ပါက ယင်းသတ္တဝါ သေဆုံးသွားမည်ဖြစ်သည်။ သို့သော် ရေလက်ဝါး (starfish) နှင့် မူ ကွာခြား ပေသည်။ ၎င်း၏ ခြေထောက်တချောင်းကို ဖြတ်လိုက်ပါက ရေလက်ဝါးတွင် ခြေထောက်အသစ် တချောင်း ပြန်ပေါက်လာစေရုံသာမက၊ ဖြတ်ခံလိုက်ရသည့် ထိုခြေထောက် ကိုယ်တိုင်ကလည်း လုံးဝအသစ်စက်စက် ရေလက်ဝါး အဖြစ်သို့ ပြောင်းလဲရှင်သန် ကြီးထွားလာမည်ဖြစ်သည်။
ဤဖြစ်ရပ်မျိုးသည် ယခုအခါ စီးပွားရေးလောကတွင်လည်း ပေါ်ထွက်လာနေပြီ ဖြစ်သည်။ သမိုင်းကြောင်းအရ ကုမ္ပဏီအများစုမှာ "ပင့်ကူများ" နှင့် ပိုမိုဆင်တူကြသည်— ၎င်းတို့တွင် တောင့်တင်းခိုင်မာသော အထက်အောက် အဆင့်ဆင့် အုပ်ချုပ်မှုစနစ် (Hierarchies)၊ တာဝန်ယူဆုံးဖြတ်ပေးမည့်သူ ဦးဆောင်သည့် အထက်မှအောက်သို့ အမိန့်ပေးကွပ်ကဲသည့် ခေါင်းဆောင်မှုစနစ် (Top-down leadership) နှင့် ကောင်းစွာ ရေးဆွဲ သတ်မှတ်ထားသော ကော်ပိုရိတ်ဖွဲ့စည်းပုံတို့ ရှိကြသည်။
သို့သော် ထင်ရှားသည့် ကုမ္ပဏီအချို့ကမူ "ရေလက်ဝါး " ပုံစံအတိုင်း ဖွဲ့စည်းလာကြသည်— ၎င်းတို့မှာ တောင့်တင်းခိုင်မာသော အဆင့်ဆင့် အုပ်ချုပ်မှုစနစ် သို့မဟုတ် သမားရိုးကျ စီးပွားရေးလုပ်ငန်းများ၏ အခြားသော အသွင်အပြင်များ မရှိဘဲ ခေါင်းဆောင်မရှိသော အဖွဲ့အစည်းများ ဖြစ်ကြသည်။
ဤရေလက်ဝါး ပုံစံ စီးပွားရေးလုပ်ငန်းအသစ်များသည် စက်မှုလုပ်ငန်း တခုပြီးတခုအပေါ် သက်ရောက်လာနေသော ၎င်းတို့၏ ရိုက်ခတ်မှုများကြောင့် အရှိန်အဟုန်နှင့် အာဏာစက် ပိုမိုကြီးမားလာနေကြသည်။ မည်သည့် ပြိုင်ဆိုင်မှုမျိုးတွင်မဆို ရေလက်ဝါး အဖွဲ့အစည်းများသည် ရိုးရာပင့်ကူပုံစံ အဖွဲ့အစည်းများကို အမြဲတမ်း အသာစီးရရှိလေ့ရှိပြီး — များသောအားဖြင့် စျေးကွက်ကို လက်ဝါးကြီးအုပ်ထားသူများအတွက် ဆိုးရွားပြင်းထန်သော ရလဒ်များကို ဖြစ်ပေါ်စေတတ်သည်။
သဘာဝတရားထဲတွင် မျိုးစိတ်များ ရှင်သန်တိုးတက်ရန်အတွက် ဆက်လက်တိုးတက်ပြောင်းလဲနေရန် လိုအပ်သကဲ့သို့ပင် စီးပွားရေးလောကတွင် တက်ကြွလှုပ်ရှားသော အနာဂတ်တခုကို ပိုင်ဆိုင်ရန်အတွက် အဓိကသော့ချက်မှာ တည်ထောင်ပြီးသား ကုမ္ပဏီများအနေဖြင့် ရေလက်ဝါး စီးပွားရေးသဘောတရားအချို့ကို မိမိတို့၏ စီးပွားရေးအတွေးအခေါ်ထဲသို့ စတင်ထည့်သွင်းလာကြရန်ပင် ဖြစ်သည်။
အကယ်၍သာ သင်သည် အကောင်းဆုံးသော ပင့်ကူ၏ လက္ခဏာရပ်များကို ရယူထားပြီး ရေလက်ဝါး ၏ ထိရောက်သော သဘောတရားအချို့ကိုလည်း ရောနှောပါဝင်စေမည့် ပေါင်းစပ်စီးပွားရေးအဖွဲ့အစည်းတခုကို ဖန်တီးနိုင်မည်ဆိုပါက အနာဂတ်အတွက် သင့်အား အသာစီးရရှိစေမည့် ကြံ့ခိုင်ကောင်းမွန်သော စီးပွားရေးမဟာဗျူဟာတခုကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
အဓိကကျသည့် အချက်မှာ မိမိကိုယ်တိုင် မျိုးတုံးပျောက်ကွယ်သွားမည့်အရေးကို စိုးရိမ်နေရမည့်အစား အချိန်နှင့်အညီ ပြောင်းလဲရှင်သန်အောင် လုပ်ဆောင်ရန်ပင် ဖြစ်သည်။ "ဤအရာသည် အထက်လူကြီး သို့မဟုတ် ဦးဆောင်သူ တဦးတယောက်မှ မရှိတော့သည့်အခါ ဘာတွေဖြစ်လာတတ်သလဲ ဆိုသည့်အကြောင်း ဖြစ်ပါသည်။
အာဏာစနစ် သို့မဟုတ် အဆင့်ဆင့်အုပ်ချုပ်ရေး မရှိတော့သည့်အခါမျိုးတွင် မည်သို့ဖြစ်မည်ကို တွေးကြည့်မည်ဆိုလျှင် မငြိမ်မသက်မှုများနှင့် ရှုပ်ထွေးချို့ယွင်းမှုများ ပင် ဖြစ်ပေါ်လာမည်ဟု ထင်ရပေလိမ့်မည်။
သို့သော် နယ်ပယ်အသီးသီးတွင် အစဉ်အလာ ခေါင်းဆောင်မှု ကင်းမဲ့သွားခြင်းက လုပ်ငန်းနယ်ပယ်များနှင့် လူ့အဖွဲ့အစည်းကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အင်အားကြီးမားသော အုပ်စုအသစ်များကို ပေါ်ထွက်လာစေသည်။
အတိုချုပ်ဆိုရသော် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် တော်လှန်ရေးကြီးတခု ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ဤစွမ်းအားကို ဆန့်ကျင်တိုက်ခိုက်လေလေ၊ ပို၍ပင် ကြီးမားအားကောင်းလာလေလေ ဖြစ်သည်။ ၎င်းကို ရှုပ်ထွေးလှသည်ဟု ထင်မြင်လေလေ၊ ပို၍ကြံ့ခိုင်ခံ့နိုင်စွမ်း ရှိလာလေလေ ဖြစ်သည်။ ၎င်းကို ထိန်းချုပ်ရန် ကြိုးပမ်းလေလေ၊ ပို၍ခန့်မှန်းရခက်လာလေလေ ဖြစ်သည်။
ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း သဘောတရားသည် လွန်ခဲ့သော နှစ်ပေါင်း ထောင် နှင့် ချီကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အင်တာနက် ပေါ်ထွက်လာခြင်းက ဤစွမ်းအားကို လွတ်မြောက်လာစေခဲ့ပြီး ရိုးရာစီးပွားရေးလုပ်ငန်းများကို ပြိုလဲစေခြင်း၊ စက်မှုလုပ်ငန်းတခုလုံးကို ပြောင်းလဲပစ်ခြင်း၊ ကျွန်ုပ်တို့အချင်းချင်း ဆက်ဆံပုံကို သက်ရောက်မှုရှိစေခြင်းနှင့် ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးလာစေခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ တည်ဆောက်ပုံ၊ ခေါင်းဆောင်မှုနှင့် တရားဝင်အဖွဲ့အစည်း ကင်းမဲ့နေခြင်းသည်ပင်လျှင် ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲပစ် နိုင်စွမ်း ရှိသည့် အဓိက အားသာချက်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ " – အိုရီ ဘရာ့ဖ်မန် နှင့် ရော့ ဘက်စထရွမ်