ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း လွတ်လပ်သည့် အတည်ပြုချက် ရရှိ နိုင်ရန် စစ်အုပ်စု ကို တိုက်ရိုက် သံတမန်ရေးအရ ဖိအားပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်လွှတ်တော်အမတ်များကို သောကြာနေ့က ပြုလုပ်သည့် Capitol Hill အဆင့်မြင့် အစည်းအဝေးတွင် တောင်းဆိုလိုက်ပြီ ဖြစ်သည်။
ထို အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများ အပြင် နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် ကျားဖြန့် ရာဇဝတ်မှုများ ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကင်အဲ ရစ် နှင့် တွေ့ဆုံခွင့် ပိတ်ပင်ခံထားရတာခြင်းကပင် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး သူမ တကယ်ပဲ အသက်ရှင်သေးရဲ့လားဆိုတာ အတည်ပြုဖို့တောင် ခက်ခဲနေပါတယ်" လို့ ဒေါ်ဇင်မာအောင်က လွှတ်တော်အမတ် များကို ပြောကြားခဲ့သည်။
သူမ၏ ကျန်းမာရေးအတွက် ခိုင်လုံတဲ့ အထောက်အထား မပြသနိုင်မချင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဆက်အသွယ်မလုပ်ကြဖို့၊ အသိအမှတ်မပြုကြဖို့ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို တိုက်တွန်းသွားခဲ့သည်။
မကြာသေးခင်က ဘန်ကောက် တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတွင် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး တင်မောင် ဆွေက ဖိလစ်ပိုင် အထူးကိုယ်စားလှယ် မာရီယား သီရီဇာ လာဇာရို အား ဒေါ်အောင်ဆန်းစုကြည်ကို “ညီအစ်မတယောက်လို” စောင့်ရှောက်ပေးနေကြောင်း ပြောခဲ့ သော်လည်း လာဇာရို၏ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့် တောင်းဆိုချက်ကိုတော့ စစ် အုပ်စု က နောက်ပိုင်းတွင် ပယ်ချခဲ့သည်။
ဝါရှင်တန်မြို့ရှိ အဆိုပါ လွှတ်တော်ရှင်းလင်းပွဲ၏ အဓိက အာရုံစိုက်ဆွေးနွေးခဲ့သည့် အချက်မှာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ကမ္ဘာ့လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းပုံစံမျိုးဖြင့် ပျံ့နှံ့နေသော နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များအကြောင်း ဖြစ်ပသည်။
Burma Research Institute (မြန်မာ့လေ့လာရေးအဖွဲ့) ၏ တည်ထောင်သူနှင့် တွေ့ဆုံပွဲ ဖြစ်မြောက်အောင် စီစဉ် ပေးသူ အထွေထွေညွှန်ကြားရေးမှူး Zo Tum Hmung က စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုဂိုဏ်းများကို လုပ်ကိုင်ခွင့်ပြုထားပြီး အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလုပ်ဆောင်စေခြင်းဖြင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို တိုက်ရိုက် ထိခိုက်ပျက်ပြားစေနေကြောင်း ပြောဆိုသွားခဲ့သည်။
ဒီရှင်းလင်းပွဲ မတိုင်ခင် ဇွန်လ ၂၅ ရက်နေ့က အမေရိကန် အိမ်ဖြူတော် နိုင်ငံခြားရေးကော်မတီရှေ့မှောက်တွင် အရှေ့အာရှနဲ့ ပစိဖိတ်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က သက်သေထွက်ဆိုခဲ့ပြီး နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုတခုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။
"ဒီကွန်ရက်တွေဟာ ၂၀၂၃ အတွင်း အမေရိကန်တွေဆီကနေ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ လိမ်လည်သွားခဲ့တယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်း တိုးလာတာပါပဲ" လို့ DeSombre က ထွက်ဆိုခဲ့ပြီး နိုင်ငံခြားရေးဌာနအနေနှင့် ငွေလိမ်စခန်း တခုချင်းစီ ကို ရိုးရိုး အွန်လိုင်းက ပိတ်ပစ်တာထက် ရာဇဝတ်မှုဂိုဏ်းတခုလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ အစိုးရအနေနဲ့ မဟာဗျူဟာချ ချဉ်းကပ်ဆောင်ရွက်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ် ဇင်မာ အောင် က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး ဦးဆောင်ကောင်စီ (SCEF) နှင့် အမေရိကန်အစိုးရတို့ တရားဝင် ထိတွေ့ဆက်ဆံရေးရှိလာရန် တွန်းအားပေး တောင်းဆိုခဲ့သည်။ SCEF သည် မတ်လ ၃၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အဓိက တော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးဖြစ်ပြီး အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ နှင့် အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းထားခြင်း ဖြစ်သည်။
SCEF တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့်ကရင်နီပြည်နယ် တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်သည်။
ကက်ပီတို ဟေးတွင် ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲသည် နေပြည်တော်နှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများ ရှိနေသည်ဟူသော သတင်းများကြောင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံခြားရေးဌာနအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
U.S. Campaign for Burma အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့များက ဇွန်လနှောင်းပိုင်းက တိုကျိုတွင် အမည်မသိ အမေရိကန်အရာရှိများနှင့် စစ် အုပ်စုအရာရှိများအကြား ကျားဖြန့်ငွေလိမ်စခန်းများ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဆိုသော သတင်းများကို ရှုတ်ချသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်ရန် နေပြည်တော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် နယ်စပ်ဒေသ ရာဇဝတ်မှုကွန်ရက်များနှင့် စစ်အုပ်စု အကြားရှိ ငွေကြေးဆိုင်ရာနှင့် လုပ်ငန်းလည်ပတ်မှု တိုက်ရိုက် ဆက်နွှယ်မှုများကို လျစ်လျူရှုရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးခဲ့ကြသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ မီးသတ်ဖို့ မီးရှို့ သူကို အကူအညီတောင်းတာနဲ့ အတူတူပါပဲ" ဟု U.S. Campaign for Burma ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Myra Dahgaypaw က သတိပေးပြောကြားခဲ့ပြီး ဝါရှင်တန် အနေဖြင့် ၎င်းတို့၏ မဟာဗျူဟာကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း အရပ်ဘက်ကွန်ရက်များနှင့်သာ တိတိကျကျ ချိန်ညှိဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု ဒီဘီဗီ တွင် ဖေါ်ပြထားသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!