၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်လာမှု (၁၃)
နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ပြု ပြင် ပြောင်းလဲရေး (၂)
အသေးစိတ် တင်ပြရမည် ဆိုလျှင် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ၏ “စာချုပ်အရ တာဝန်ယူမှု” (contract responsibility) ဆိုသည်မှာ အမြတ်အစွန်းနှင့်၊ တိုးတက်မှုရရှိ ရေး၊ ဆုံးရှုံးမှု လျှော့ချရေး၊ မတည်ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆန်းသစ်မှုနှင့် အခွန်ပေးဆောင်မှုစသည့် ငွေကြေးဆိုင်ရာရည်မှန်းချက် များကို ပြည့်မီအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ ရည်မှန်းချက် များကို ပြည့်မီသည့် နိုင်ငံပိုင်လုပ်ငန်းများသည် အလုပ်သမားများအား ပိုမိုမြင့်မားသော လစာနှင့် ခံစားခွင့်များ ပေးနိုင်ရန်အတွက် အမြတ်ငွေပိုမို သိမ်းဆည်းခွင့် ရရှိကြသည်။ သို့သော်လည်း “စာချုပ်အရ တာဝန်ယူမှုစနစ်” သည် မကြာမီမှာပင် စိတ်ပျက်စရာ ရလဒ်များကို ပြသလာခဲ့သည်။ အကြောင်းမှာ လုပ်ငန်းများ၏ မတူညီကွဲပြားမှုများနှင့် စက်မှုကဏ္ဍအသီးသီးရှိ အလွန်ကွာခြားသော ဖွဲ့စည်းပုံဆိုင်ရာ အခြေအနေများ (ဥပမာ- ပြိုင်ဆိုင်မှု၊ ထောက်ပံ့မှုနှင့် ဝယ်လိုအား) ကြောင့် အစိုးရအနေဖြင့် စံသတ်မှတ်ထားသည့် စာချုပ်စည်းကမ်းများကို သတ်မှတ်ရန် သို့မဟုတ် လုပ်ငန်းစွမ်းဆောင်ရည် စံနှုန်းများကို တပြေးညီ သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်သလောက် နီးပါး ဖြစ်နေခဲ့သောကြောင့်ပင် ဖြစ်သည်။
ပို၍ဆိုးရွားသည်မှာ စာချုပ်တာဝန်ယူမှုစနစ်သည် နိုင်ငံပိုင်လုပ်ငန်း (SOE) များ၏ ရေတိုအကျိုးစီးပွားကိုသာ ဦးစားပေးသော အပြုအမူများကို အားပေးအားမြှောက်ပြုမိခြင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် စာချုပ်သက်တမ်းမှာ သုံးနှစ်သာရှိသဖြင့် နိုင်ငံပိုင်လုပ်ငန်းမန်နေဂျာများသည် ၎င်းတို့၏ အမြတ်ခွဲတမ်း ပန်းတိုင်ရောက်ရှိရေးအတွက် မတည်ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ မြှင့်တင်ရေးစရိတ်များကို ဖြတ်တောက်လိုလာကြသည်။
ထို့အပြင် နိုင်ငံပိုင်လုပ်ငန်းများသည် ၎င်းတို့၏ အမြတ်ပမာဏ တိုးလာ စေရန် အတွက် ကုန်ပစ္စည်းဈေးနှုန်းများကို မြှင့်တင်ရန် အားပေးသလို ဖြစ်လာခဲ့သည်။ ယှဉ်ပြိုင်မှုနည်းပါးသည့် ကဏ္ဍများတွင် လုပ်ကိုင်နေရသည့် နိုင်ငံပိုင်လုပ်ငန်းများအတွက် ယင်းသို့ ပြုလုပ်ရန်မှာ လွယ်ကူသောကိစ္စတခု ဖြစ်သည်။
နိုင်ငံပိုင်လုပ်ငန်း စီမံခန့်ခွဲမှုအဖွဲ့နှင့် ကြီးကြပ်ကွပ်ကဲသည့် အစိုးရဌာနများအကြား တရားဝင်စာချုပ်များ ချုပ်ဆိုထားသော်လည်း၊ နိုင်ငံပိုင်လုပ်ငန်းများသည် ဘတ်ဂျက်ကန့်သတ်ချက်များ ပျော့ပျောင်းမှုကြောင့် ဆက်လက်၍ အခွင့်ထူးခံနေရဆဲဖြစ်ပြီး၊ ရလဒ်အနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များကို မလိုက်နာနိုင်သည့်အတွက် တာဝန်ယူဖြေရှင်းရခြင်းမျိုး လည်း မရှိခဲ့ပေ။ စာချုပ်တာဝန်ယူမှုစနစ်သည် "နိုင်ငံပိုင်စနစ်" ဟူသည့် အဓိကပြဿနာ၏ အနှစ်သာရကို ကိုင်တွယ်နိုင်ခြင်း မရှိ ခဲ့သဖြင့်၊ ထိုကဲ့သို့သော ပိုင်ဆိုင်မှုစနစ်၏ အားနည်းချက်၊ အမှားအယွင်းများကို ဖြေရှင်းပေးရန် လုံးဝ မစွမ်းဆောင်နိုင်ခဲ့ပေ။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ကို ပြုပြင်ပြောင်းလဲသည့် ချဉ်းကပ်မှုများတွင် အားနည်းချက်များ ရှိနေသော်လည်း၊ စီးပွားရေးပညာရှင်အချို့က ဤကန့်သတ်ချက်ရှိသော အစီအမံများကို အခြေအနေတခုဖြင့် ထောက်ခံခဲ့ကြသည်။
၎င်းတို့၏ အဆိုအရ ဤအစီအမံများသည် နိုင်ငံပိုင်လုပ်ငန်းများ၏ ငွေကြေးစွမ်းဆောင်ရည်၊ ထုတ်လုပ်မှုနှင့် တီထွင်ဆန်းသစ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုလုပ်ခဲ့သော နိုင်ငံပိုင်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အနှစ်သာရအားဖြင့် ကျရှုံးခဲ့ရသည်ဟူသော တရုတ်မူဝါဒချမှတ်သူများနှင့် စီးပွားရေးပညာရှင်များ၏ သဘောထားကို အထောက်အထားများက အတည်ပြုလျက်ရှိသည်။
နိုင်ငံပိုင်လုပ်ငန်းများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ချဲ့ထွင်ရန် စတင်စမ်းသပ်မှုမှာ ရေတိုသာ ခံခဲ့ပြီး၊ ထိုစနစ်ကို 'စာချုပ်တာဝန်ယူမှုစနစ်' ဖြင့် အစားထိုးခဲ့သည်။ ထိုစနစ်မှာလည်း ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်း တီယန်နန်မင်အရေးအခင်းအပြီး တက်လာသော ခေါင်းဆောင်များက "ခေတ်မီ ကော်ပိုရိတ်စနစ်တစ်ခု တည်ထောင်ရန်" ရည်ရွယ်သည့် ပြုပြင်ပြောင်းလဲမှုအသစ်ကို စတင်လုပ်ဆောင်မည်ဆိုကာ စွန့်ပစ်ခဲ့ကြသည်။
ထိုအချိန်တွင် နိုင်ငံပိုင်လုပ်ငန်းအများစုမှာ ပုဂ္ဂလိကလုပ်ငန်းများနှင့် သို့မဟုတ် ပြည်ပမှတင်သွင်းလာသော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သည့်အတွက် အကျပ်အတည်းများကြားတွင် နစ်မွန်းနေခဲ့ကြသည်။
၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အစိုးရအနေဖြင့် ဘဏ်လုပ်ငန်းစနစ်ကို ထိခိုက်မှုမရှိစေဘဲ အရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ကို ဆက်လက်ထောက်ပံ့ရန် မဖြစ်နိုင်တော့သည့်အတွက် “ကြီးသည်ကို ဆုပ်ကိုင်ပြီး ငယ်သည်ကို လွှတ်ပေးရန်” ဟူသော မဟာဗျူဟာသစ်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးခြင်း ခံခဲ့ရသည်။
ဤမဟာဗျူဟာအရ အရေးပါသော ကဏ္ဍများဖြစ်သည့် (ဘဏ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်) တို့ရှိ ကြီးမားသော နိုင်ငံပိုင်လုပ်ငန်းများကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး၊ အသေးစားနှင့် အလတ်စား နိုင်ငံပိုင်လုပ်ငန်းများကိုမူ အစုလိုက်အပြုံလိုက် ဒေဝါလီခံစေခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် စီးပွားရေးကို တာဝန်ယူခဲ့ရသော ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးချုပ် ကျောက်ကျီယန် သည် ဤကိစ္စနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။ ၁၉၉၀ ပြည့်နှစ်များတွင် နေအိမ်အကျယ်ချုပ်ဖြင့် ရှိနေစဉ် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ပြန်လည်သုံးသပ်ရင်း ကျောက်ကျီယန်က “နိုင်ငံပိုင်လုပ်ငန်းများ၏ ယန္တရားများကို ပြုပြင်ပြောင်းလဲခြင်းတွင် အခြေခံအုတ်မြစ်များကို ထိတွေ့ခြင်း မရှိခဲ့” ဟု ပြောကြားခဲ့သည်။
“အခြေခံအုတ်မြစ်များ” ဟု ဆိုရာတွင် နိုင်ငံ တော်မှပိုင်ဆိုင်မှု၊ ဈေးနှုန်းသတ်မှတ်သည့်စနစ်၊ အရင်းအနှီးဈေးကွက်များနှင့် လူမှုဖူလုံရေးကွန်ရက်များကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေသည့် အရေးအကြီးဆုံး အဖွဲ့အစည်းဆိုင်ရာ အချက်များကို ဆိုလိုဟန်ရှိသည်။
သို့သော်လည်း ကျောက်ကျီယန်က နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင် အပြုသဘောဆောင်သည့် သက်ရောက်မှုရှိခဲ့သည်ဟု ယုံကြည်ခဲ့သည်။ သူသည် ဤအချက်နှင့်ပတ်သက်၍ အသေးစိတ် ရှင်းပြခြင်းမရှိသော်လည်း၊ ပိုမိုပြင်းထန်သော ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံပိုင်လုပ်ငန်းများ ပိုမိုထိရောက်လာနိုင်သော်လည်း၊ တဖက်တွင်လည်း အတွေးအခေါ်ပိုင်းဆိုင်ရာ ရှေးရိုးစွဲဝါဒီများနှင့် သက်ဆိုင်ရာ အကျိုးစီးပွားခံစားနေရသော အဖွဲ့အစည်းများထံမှ ပြင်းထန်သော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေနိုင်သည့် နိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများနှင့် ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားခဲ့ခြင်း ဖြစ်နိုင်သည်။
****************
နှစ်လမ်းသွား ဈေးနှုန်းပြုပြင်ပြောင်းလဲရေး
ဆိုဗီယက်ပုံစံ စီးပွားရေးစနစ်များနည်းတူ တရုတ်နိုင်ငံတွင်လည်း ပြုပြင်ပြောင်းလဲမှုမတိုင်မီကာလက ဈေးနှုန်းများကို ဈေးကွက်က သတ်မှတ်ခြင်းမဟုတ်ဘဲ နိုင်ငံတော်ကသာ သတ်မှတ်ခဲ့သည်။ (သို့သော် တရုတ်၏စီးပွားရေးမှာ ပိုမိုဗဟိုချုပ်ကိုင်မှု လျော့နည်းသည့်အတွက် အချို့ဈေးနှုန်းများကို ဗဟိုအစိုးရမဟုတ်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်များက သတ်မှတ်ခဲ့ကြသည်။)
သီအိုရီအရဆိုလျှင် နိုင်ငံတနိုင်ငံသည် နိုင်ငံတော်ဆိုရှယ်လစ်စနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းရာတွင် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံး ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သင့်သည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကို “အပြတ်အသတ် ပြုပြင်ပြောင်းလဲခြင်း” (Big Bang) နည်းလမ်းဖြင့် ဈေးနှုန်းအားလုံးကို တပြိုင်နက်တည်း လွတ်လပ်ခွင့်ပေးခြင်းဖြင့်သာ အပြီးသတ် နိုင်မည် ဖြစ်သည်ကို ဆိုဗီယက် အုပ်စုဝင် နိုင်ငံများ၏ အတွေ့အကြုံများက ပြသနေသည်။
သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် ပြုပြင်ပြောင်းလဲရေးသမားများအတွက် စီးပွားရေးအရ အနှောင့်အယှက်ဖြစ်စေပြီး နိုင်ငံရေးအရ ပျက်စီးစေနိုင်သော အလွန်အမင်း ငွေကြေးဖောင်းပွမှု အကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်။
နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးအတွက် အကြောင်းရင်းနှစ်ရပ်ကြောင့် ပိုမို ၍ ဖြည်းဖြည်းချင်း သတိကြီးစွာထားသော ချဉ်းကပ်မှုကို ကျင့်သုံးခဲ့သည်။ စီးပွားရေးအရ ကြည့်လျှင် ကွန်မြူနစ်စနစ် ကျဆုံးပြီးနောက်ပိုင်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံများကဲ့သို့ တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှုကို ရင်ဆိုင်ခဲ့ရခြင်း မရှိပေ။ ထို့ကြောင့် ဆိုဗီယက် အုပ်စုဝင် နိုင်ငံ အားလုံး လက်ခံကျင့်သုံးခဲ့ရသည့် တည်ငြိမ်ရေးအစီအစဉ်များကို လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ။
နိုင်ငံရေးအရ ကြည့်လျှင်လည်း ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းက တရုတ်ပြုပြင်ပြောင်းလဲရေးသမားများသည် ရှေးရိုးစွဲဝါဒီများနှင့် အာဏာကို ခွဲဝေယူခဲ့ရသဖြင့် ဈေးနှုန်းများကို လွတ်လပ်ခွင့်ပေးခြင်းကဲ့သို့သော အစွန်းရောက် ပြုပြင်ပြောင်းလဲမှုများကို အတင်းအကြပ် တွန်းအားပေးလုပ်ဆောင်နိုင်သည့် အနေအထားတွင် မရှိခဲ့ကြပေ။
ပို၍အရေးကြီးသည်မှာ ဈေးနှုန်းပြုပြင်ပြောင်းလဲမှု အောင်မြင်မှုမရှိပါက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုလုံးအတွက် ဘေးဥပဒ်ဆိုးကြီး ကျရောက်လာနိုင်သည်ကို တရုတ်ပြုပြင်ပြောင်းလဲရေးသမားများ ကြိုတင်သဘောပေါက်ခဲ့ပုံရသည် (၁၉၈၈ ခုနှစ် နွေရာသီတွင် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှု ပြုလုပ် ခဲ့ယုံမျှ နှင့် လူအများ အ ထိတ်တလန့်ဖြင့် အလုအယက် ဝယ်ယူခဲ့ကြခြင်းကြောင့် ငွေကြေးဖောင်းပွမှု မြင့်မားလာနိုင်သည့်ဖက်သို့ ဦးတည်သွားစေခဲ့သောကြောင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများမှာ အမှန်တကယ်ပင် ဖြစ်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ၁၉၈၄ ခုနှစ် ရောက်မှသာ အစိုးရက စမ်းသပ်မှု အစီအစဉ်တရပ်ဖြစ်သော “နှစ်ကြောင်းသွား ဈေးနှုန်းစနစ်” (dual-track pricing) ကို စတင်ကျင့်သုံးခဲ့ပြီး ဈေးနှုန်းစနစ်ကို စတင်ပြုပြင်ပြောင်းလဲခဲ့သည်။
နိုင်ငံတော်က သတ်မှတ်ထားသော မဖြစ်မနေ တရားဝင်ဈေးနှုန်းစနစ်ကို ဖျက်သိမ်းလိုက်ခြင်းမရှိဘဲ၊ နှစ်ကြောင်းသွား ဈေးနှုန်းစနစ်က အဆိုပါ တရားဝင်ဈေးနှုန်းစနစ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ဈေးကွက်က ဆုံးဖြတ်ပေးသော ဒုတိယမြောက် ယှဉ် ပြိုင် ဈေးနှုန်းစနစ်တခုကိုပါ ထပ်မံ မိတ်ဆက်ပေးခဲ့သည်။ မူလ အယူအဆကို ၁၉၈၄ ခုနှစ် ပညာရပ်ဆိုင်ရာ ညီလာခံတစ်ခုတွင် ဘွဲ့လွန်ကျောင်းသားတဦးက အကြံပြုတင်ပြခဲ့ခြင်း ဖြစ်သည်။ နှစ်ကြောင်းသွား ဈေးနှုန်းစနစ်ကို ထောက်ခံအားပေးကြသည့် စီးပွားရေးပညာရှင်များက အစိုးရ စီမံခန့်ခွဲနေသော စီးပွားရေးစနစ်ကို မထိခိုက်စေဘဲ ထုတ်ကုန်အများစု၏ ဈေးနှုန်းများကို လွတ်လပ်ခွင့်ပေးရန် မဖြစ်နိုင်သောကြောင့် စီမံကိန်းစီးပွားရေးစနစ်ကို ချက်ချင်း လက်ငင်း စွန့်လွှတ်စရာမလိုဘဲ ပြုပြင်ပြောင်းလဲနိုင်မည့် တခုတည်းသော နည်းလမ်းမှာ နိုင်ငံတော်စီမံကိန်းအရ သတ်မှတ်ထားသော ဈေးနှုန်းများနှင့် ဈေးကွက်လွတ်လပ်ခွင့်ပြုထားသော ဈေးနှုန်းနှစ်မျိုးစလုံး ဘေးချင်းယှဉ်တွဲ လည်ပတ်နိုင်စေခြင်းဖြင့် ထောက်ပံ့မှုနှင့် ဝယ်လိုအားကို ချိန်ခွင်လျှာညီမျှစေရန် ဖန်တီးပေးခြင်းပင်ဖြစ်သည်ဟု ထောက်ခံခဲ့ကြသည်။
ဥပမာအားဖြင့်၊ စက်ရုံတရုံသည် သံမဏိတန်ချိန် ၁၀၀ ထုတ်လုပ်ရမည်ဆိုပါက — ပထမ တန်ချိန် ၈၀ ကို နိုင်ငံတော်၏ စီမံကိန်းအတွက် အစိုးရသတ်မှတ်ဈေး (ဈေးပေါပေါ) ဖြင့် ရောင်းချရသည်။ ကျန်ရှိသော တန်ချိန် ၂၀ (ပိုလျှံမှု) ကိုမူ ဈေးကွက်ပေါက်ဈေး (ဈေးကြီးကြီး) ဖြင့် အပြင်လူများကို လွတ်လပ်စွာ ရောင်းချခွင့် ရရှိသည့် ပုံစံမျိုး ဖြစ်သည်။