ကင်ဂျုံအန် မှ လက်နက် အသစ်အဆန်း ထုတ်ပြပြီ

by Hla Soewai - Oct 13 2020

မြောက်ကိုရီယား အလုပ်သမား ပါတီ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည် နေ့ စစ်ရေးပြ အခမ်းအနားတွင် တိုက်ချင်းပြစ် ဒုံးပျံ အသစ်ကြီး ဆွဲ ထုတ်ပြလာတဲ့ အတွက် အရှေ့အာရှ အင်အား ချိန်ခွင်ညှာ လုံးဝ ပြောင်းလဲသွားနိုင်ပြီး အမေရိကန်တို့နှင့် စေ့ဆပ်ဆွေးနွေးရာမှာ အပေါ်စီးက အသာရရှိသွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်နေ့ထုတ် ဝေါ်စထရိ ဂျာနယ် သတင်းစာကြီးမှာ ဖေါ်ပြထားပါတယ်။

 

ကင်ဂျုံအန်က သူလုပ်ချင်တဲ့ နျူကလီယား စီမံချက် ပြီးပြည့်စုံသွားပြီလို့ ၂၀၁၈ မှာ ကြေငြာသွားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ယခု ထုတ်ပြလာတဲ့ ဝင်ရိုးဆယ်တစ်‌ ချောင်း တပ် ထရပ်ကားနဲ့ သယ်ယူခဲ့ရတဲ့ တိုက်ချင်းပြစ် ဒုံးကျည် သည် အမေရိကန် ကို တိုက်ရိုက်ထိမှန်နိုင်စွမ်း ရှိနေတယ်လို့ ဆိုပါတယ်။

 

ထရန့်နဲ့ နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲ များ သည် သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်လာတာနဲ့ အမျှ အောင်မြင်ဖို့ အလားအလာများကလည်း မှေးမှိန်လာတာကြောင့် ကင်ဂျုံအန်က အခြား လက်နက်ဆန်းများဖက် ဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။

 

စနေနေ့ စစ်ရေးပြ အခမ်းအနားတွင် အဆင့်မြင့် ကြည်းတပ်သုံး လက်နက်များ၊ မျိုးဆက်သစ် ရေငုပ်သင်္ဘော မှ ပြစ်ခတ်နိုင်တဲ့ ဒုံးကျည်များပါ ပါဝင်လာခဲ့ပါတယ်။

 

ယခုထုတ်ပြလာတဲ့ Inter-continental Ballistic Missile (ICBM) ခေါ် တိုက်ချင်းပြစ် ဒုံးကျည် အသစ်သည် တခါက အမေရိကန် ပြည်မကြီးကို ထိမှန်နိုင်ဖွယ် ရှိကြောင်း သရုပ်ပြခဲ့ဖူးတဲ့ Hwasong-15 အမျိုးအစား ဒုံးလက်နက် ကို ဆက်ခံဖို့ ထုတ်လုပ်ခဲ့ပုံရှိပါတယ်။ လက်ရှိ ဒုံးကျည် အသစ်သည် Hwasong-15 ထက် သိသိသာသာ ရှည်လျားပြီး ပို၍ ထူထဲတဲ့ အပြင် ထိပ်ဖူးများ ပိုမို ပါဝင်ပြီး ယမ်းအား လည်း သုံးဆ ပိုပြင်းတယ်လို့ မြောက်ကိုရီယား ကို မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ 38 North website က လေ့လာသူတွေက ဆိုပါတယ်။

 

ထို့သို့သော လက်နက်များကို ဖျက်သိမ်းပေးဖို့ အတွက် အမေရိကန်တို့ အနေနဲ့ မြောက်ကိုရီယားကို တန်ဖိုးကြီးကြီး ပေးနိုင်မှကို ရတော့မယ်လို့ ကင်ဂျုံအန်းက သိစေချင်ပုံလည်း ရပါတယ်။

 

သို့သော်လည်း အဆိုပါ လက်နက် သည် စမ်းသပ်ရန် အဆင်သင့် ဖြစ်မဖြစ် ကို အတိအကျ မသိရသေးဖူးလို့လည်း ဆိုပါတယ်။ သို့သော်လည်း ကင်ဂျုံအန်း အနေနဲ့ နျူ လက်နက်များကို စွန့်လွှတ်ဖို့ မည်သည့် အခါမျှ ရည်ရွယ်ချက် မရှိဖူးဆိုတာတော့ ဝါရှင်တန် နဲ့ ဆိုးလ်တို့ အဖို့ ပို၍ ရိပ်စားမိလာစေပါတယ်။ ထို့အတွက် အမေရိကန်တို့ အနေနဲ့ ဖျက်သိမ်းပြစ်ဖို့ထက် မည်သို့မည်ပုံ ထိန်းချုပ်နိုင်မလဲ ဆိုတဲ့ မူဝါဒ တရပ်ကို ရေးဆွဲ ချမှတ်ရဖို့ ဖြစ်လာပြီလို့ တောင်ကိုရီယား ၏ နျူကလီယား သံတမန် ဖြစ်ခဲ့သူ ဝီဆွန်လက် က ပြောပါတယ်။

 

မြောက်ကိုရီယား အနေနဲ့ အမေရိကန် ရွေးကောက်ပွဲ မတိုင်မီ ကျဆင်းလာနေသော စီးပွားရေး၊ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီး ခဲ့ရမှုများ နဲ့ ကော်ရိုနာဗိုင်းရပ်စ် အန္တရာယ် အစရှိတဲ့ ပြဿနာများနဲ့ နပမ်းလုံးနေရဆဲ ဖြစ်နေချိန်မှာ အမေရိကန် တို့ အား မည်သို့မည်ပုံ ရန်စ နိုင်ကြောင်း အဆိုပါ လက်နက်သစ်များ ထုတ်ပြလိုက်ခြင်းဖြင့် သတိပေးလိုပုံလည်း ရပါတယ်။

 

ကျွမ်းကျင်သူများကတော့ မြောက် ၏ နျူကလီယား ထိပ်ဖူးများသည် လေထုထဲသို့ ပြန်လည် ဝင်ရောက်လာသည့်အခါ ကြီးမားလှသော လေဖိအား နဲ့ အပူဒဏ်ကို ခံနိုင်ရည် ရှိမရှိ မသိနိုင်သေးဖူးလို့ သုံးသပ်နေကြပါတယ်။ ကင်ဂျုံအန်း အစိုးရကတော့ သူရဲ့ တိုက်ချင်းပြစ် ဒုံးကျည်မှာ ထိပ်ဖူးမျိုးစုံ တပ်ထားတဲ့ အတွက် နေရာမျိုးစုံကို တပြိုင်တည်း ပြစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဒုံးကျည်များအား လောင်စာ ရည် နဲ့ မဟုတ်ပဲ လောင်စာဆီခဲများ အသုံးပြုတဲ့ နည်းပညာ သုံးထားတဲ့ အတွက်လည်း ပိုပြီး လျှင်မြန်စွာ လွှတ်တင်နိုင်ပါတယ်။

 

အဆိုပါ ဒုံးကျည်အား လက်တွေ့ ပြစ်ခတ်စမ်းသပ်ဖို့၊ သွားနိုင်တဲ့ အကွာအဝေး ဖြစ်နိုင်ချေ ရှိမရှိ တိုင်းတာဖို့က ပစိဖိတ် သမုဒ္ဒရာ အတွင်း ရှိ အမေရိကန် ရေပိုင်နက်ထဲအထိ မရောက်မချင်း မည်သူမျှ အတိအကျ မပြောနိုင်ဖူးလို့ ဆိုပါတယ်။

 

မြောက်ကိုရီယား သတင်းဌာနကတော့ နိုင်ငံ၏ မဟာဗျုဟာမြောက် နျူကလီယားတပ်ဖွဲ့ လို့သာ ဖေါ်ပြထားပြီး တိုက်ချင်းပြစ် ဒုံးကျည် အသစ်လို့ သိသိသာသာ ထည့်သွင်း ပြောဆိုသွားချင်း မရှိဘူးလို့လည်း သိရပါတယ်။ ကင်ဂျုံအန် သည် ထရန့် နဲ့ ဆက်ဆံရေး ထိန်းသိမ်းထားလို ပုံရှိပြီး သုံးနှစ်အတွင်း နျူကလီယား စမ်းသပ်မှု နဲ့ ဒုံးကျည် ပြစ်ခတ်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ အမေရိကန်ကို ခြိမ်းခြောက်ဖို့ မိမိတို့ အနေနဲ့ စိုးစဉ်းမျှ ရည်ရွယ်ချက် မရှိကြောင်း ကင်ဂျုံအန်း ညီမ ဖြစ်သူ ကင်ယိုဂျွန် က ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ပြောခဲ့ဖူးပါတယ်။