တော်လှန်ရေး အလွန် ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက် (နိဂုံး)
အလုပ်သမားများနှင့် လယ်သမားများ၏ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော အခြားအဖွဲ့အစည်းများလည်း ရှိလာပါလိမ့်မည်။ ပထမဦးစွာ တော်လှန်ရေးတပ်မတော်၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုဖြင့် ဖွဲ့စည်းထားသော၊ ကျောင်းသားလူငယ်များ၏ အကောင်းဆုံးသော အင်အားစုများ ပါဝင်သည့် ကျောင်းသားပြည်သူ့စစ်များ ဖြစ်သည်။
ထို့နောက် အလားတူ ပါဝင်ဆောင်ရွက်ကြမည့် လူငယ်အဖွဲ့အစည်းများ၊ နှင့် အမျိုးသမီးအဖွဲ့အစည်းများ ဖြစ်သည်။ အမျိုးသမီးများသည် တော်လှန်ရေး အတွက် လွန်စွာ အရေးပါ သော ကူညီ ပေးမှုများ ပြုလုပ်ပေး နိုင် ကြမည်ဖြစ်ပြီး၊ တိုက်ပွဲဝင်နေသော မိမိတို့၏ ရဲဘော်များအတွက် ဟင်းချက်ခြင်း၊ ဒဏ်ရာရသူများကို ပြုစုခြင်း၊ သေလုမြောပါးဖြစ်နေသူများကို နောက်ဆုံးနှစ်သိမ့်မှုပေးခြင်း၊ အဝတ်အစားလျှော်ဖွပ်ခြင်း စသည့် အထောက်အကူပြု လုပ်ငန်းများကို လုပ်ဆောင်ပေးကြမည်ဖြစ်သည်။
တနည်းအားဖြင့် ပြောရလျှင် တော်လှန်ရေး၏ ခက်ခဲသောအချိန်များတွင် မိမိတို့၏ တိုက်ပွဲဝင်ရဲဘော်များနှင့်အတူ အမြဲရှိနေမည်ဖြစ်ကြောင်း ပြသသွားကြမည်ဖြစ်သည်။
ထိုသို့ ဖြစ်မြောက်လာရန် အတွက် လူထုကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးခြင်းနှင့်အတူ စိတ်ရှည်သည်းခံ၍ စေ့စပ်သေချာသော ပညာပေးမှုများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါသည်။ ထိုပညာပေးမှုသည် လူထုကိုယ်တိုင်၏ အတွေ့အကြုံမှ ရရှိလာသော အသိပညာများဖြင့် စတင်ပြီး ခိုင်မာစေရမည် ဖြစ်သည်။ ထို့ပြင် တော်လှန်ရေး၏ ဖြစ်ရပ်မှန်များကို ဆင်ခြင်တုံတရားရှိရှိနှင့် ရိုးသားမှန်ကန်စွာ ရှင်းပြခြင်းအပေါ်တွင် အလေးပေးဆောင်ရွက်ကြ ရမည် ဖြစ်သည်။
တော်လှန်ရေးဆိုင်ရာ ဥပဒေများကို အစည်းအဝေးတိုင်း၊ လူထုစုဝေးပွဲတိုင်းနှင့် တော်လှန်ရေးခေါင်းဆောင်များ မည်သည့်ကိစ္စအတွက်မဆို ရောက်ရှိနေသည့် နေရာတိုင်းတွင် ဆွေးနွေးခြင်း၊ ရှင်းပြခြင်းနှင့် လေ့လာခြင်းတို့ ပြုလုပ်ရမည်။ ထို့အပြင် ခေါင်းဆောင်များ၏ မိန့်ခွန်းများကို၊ အထူးသဖြင့် ကျွန်ုပ်တို့၏ အရေးတွင် မငြင်းသာသော ခေါင်းဆောင်တဦး၏ မိန့်ခွန်းများကို အစဉ်မပြတ် ဖတ်ရှုခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းတို့ ပြုလုပ်သင့်ပေသည်။
ပြည်သူလူထုသည် ကျေးလက်ဒေသများတွင် စုဝေး၍ ရေဒီယိုကို နားထောင်သင့်သည်။ ပိုမိုအဆင့်မြင့်သော နည်းပညာများ ရှိသည့်နေရာများတွင်မူ ကျွန်ုပ်တို့၏ ဝန်ကြီးချုပ် [ဖီဒယ်လ် ကက်စထရို] ပေးအပ်သည့် ထူးခြား ဆန်းသစ်သော လူထုသင်ခန်းစာများကို ရုပ်မြင်သံကြားမှတစ်ဆင့် ကြည့်ရှုသင့်သည်။
နိုင်ငံရေးတွင် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်မှု၊ ဆိုလိုသည်မှာ ပြည်သူတို့၏ ဆန္ဒအလျောက် ဥပဒေများ၊ အမိန့်အာဏာများနှင့် ဆုံးဖြတ်ချက်များအဖြစ် ပြောင်းလဲဖော်ဆောင်မှုတို့သည် အစဉ်အမြဲ ရှိနေရမည်ဖြစ်သည်။ တော်လှန်ရေးကို ဆန့်ကျင်သည့် မည်သည့်သဘောထားကိုမဆို သတိနှင့် စောင့်ကြည့်နေရမည် ဖြစ်သည်။ ထို့ပြင် တော်လှန်ရေး အင်အားစုအတွင်းရှိ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ စောင့်ကြည့်ခြင်းသည် တော်လှန်ရေးကို မလိုလားသူများ သို့မဟုတ် မကျေနပ်သူများအပေါ် စောင့်ကြည့်ခြင်းထက်ပင် ပိုမိုတင်းကျပ်ရမည် ဖြစ်သည်။
တော်လှန်ရေးသည် အခွင့်အရေးသမားဝါဒ ဟူသော အန္တရာယ်ရှိသည့် လမ်းကြောင်းသို့ မရောက်စေရန်အတွက် မည်သည့်အဆင့်တွင်ရှိသော တော်လှန်ရေးသမားမဆို တော်လှန်ရေးသမားဖြစ်ရုံသက်သက်ဖြင့် ကြီးလေးသော အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုများအတွက် ခွင့်လွှတ်ပေးခြင်းမျိုး လုံးဝမရှိစေရ။ သူတို့၏ ယခင်က တော်လှန်ရေးအတွက် ဆောင်ရွက်ချက်များသည် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်သည့် အကြောင်းပြချက် ဖြစ်ကောင်းဖြစ်နိုင်ပြီး ပြစ်ဒဏ်ပေးမည့်အချိန်တွင် ထည့်သွင်းစဉ်းစားပေးနိုင်သော်လည်း၊ ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက်မူ မလွဲမသွေ အပြစ် ပေးကို ပေးရမည်ဖြစ်သည်။
အလုပ်အပေါ် တန်ဖိုးထားမှု ရှိလာရန် အထူးသဖြင့် စုပေါင်းလုပ်ဆောင်သည့် အလုပ်နှင့် လူထုအကျိုးအတွက် လုပ်ဆောင်သည့် အလုပ်များကို ပျိုးထောင်ပေးရမည်။ လမ်းများ၊ တံတားများ၊ ဆိပ်ကမ်းများ သို့မဟုတ် ဆည်မြောင်းများ တည်ဆောက်ရန် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များကို အားပေးလှုံ့ဆော်မှု ကို မဆုပ်မနစ် ပြုလုပ်သင့်သည်။ ဤလုပ်ဆောင်ချက်သည် မိမိတို့၏ အလုပ်ဖြင့် တော်လှန်ရေးအပေါ် ချစ်မြတ်နိုးကြောင်း ပြသလိုသူများကြားတွင် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည်။
ဤနည်းလမ်းဖြင့် ပြည်သူလူထုနှင့် ချိတ်ဆက်ထားသော၊ မိမိတို့ ပေါက်ဖွားလာရာ လယ်သမားများနှင့် အလုပ်သမားများအပေါ် ရင်းနှီးမှုရှိသော၊ စစ်ပွဲဆိုင်ရာ နည်းဗျူဟာအားလုံးကို ကျွမ်းကျင်ပြီး အဆိုးရွားဆုံး အခြေအနေများကို ရင်ဆိုင်ရန် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော တပ်မတော်သည် မည်သူကမှ အနိုင်ယူ၍မရနိုင်ကြောင်း မိမိကိုယ်ကို သိရှိ စေသည်။
ထို့ပြင် တပ်မတော်နှင့် ပြည်သူတို့သည် ကာမီလို ၏ “တပ်မတော်ဆိုသည်မှာ ယူနီဖောင်းဝတ်ထားသည့် ပြည်သူပင်ဖြစ်သည်” ဟူသော မှန်ကန်သည့် စကားရပ်အတိုင်း အမြဲလို တသားတည်း ဖြစ်တည်လာသည့်အခါတွင် မည်သူကမျှ ချေမှုန်း၍ ရတော့မည် မဟုတ် ပေ။ ဤအချက်များ၊ ဤအရာအားလုံးကြောင့် လက်ဝါးကြီးအုပ်သမားများအနေဖြင့် ကျူးဘားအား “ဆိုးရွားသော နမူနာ” အဖြစ် သဘောထားကာ ဖိနှိပ်လိုလှသော်လည်း ကျွန်ုပ်တို့၏ အနာဂတ်သည် ယခင်ကထက် ပိုမိုတောက်ပလာနေပြီ ဖြစ်သည်။
ဤတွင် ချေဂွေဗာယား၏ ပြောက်ကျားစစ် လက်စွဲဗျုဟာ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။
*****************
အာနက်စတို ဂွေဗာရာ ဒီလာ ဆာနာ ကို ၁၉၂၈ ခုနှစ်၊ ဇွန်လ ၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့၌ မွေးဖွားခဲ့သည်။ ဗျူနို အေးရိစ်မြို့တွင် ဆေးပညာသင်ကြားနေစဉ်အတွင်း သူငယ်ချင်း ဖြစ်သူ အဲလ်ဘာတို ဂရာနာဒိုနှင့်အတူ နော်တန် ဆိုင်ကယ်အိုကြီးတစီးဖြင့် လက်တင်အမေရိကတခွင်သို့ ခရီးလှည့်လည်ခဲ့ရာ၊ ထိုခရီးစဉ် အကြောင်း ရေးသားခဲ့သည့် "The Motorcycle Diaries" စာအုပ်ဖြစ်လာခဲ့သည်။ ဗျူနို အေးရိစ်တွင် ဆေးပညာဘွဲ့ရပြီးနောက် တောင်အမေရိက တ်ိုက် တခွင်သို့ ဒုတိယအကြိမ် ခရီးထွက်ခဲ့ပြန်သည်။
၁၉၅၄ ခုနှစ်တွင် ဂျာကိုဘို အာဘန်ဇ် ၏ ရွေးကောက်တင်မြှောက်ခံ အစိုးရလက်အောက်ရှိ ဂွာတီမာလာနိုင်ငံတွင် နေထိုင်စဉ် သူသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး၊ စီအိုင်အေ၏ နောက်ကွယ်က စီစဉ် ကြိုးကိုင်မှုဖြင့် ထိုအစိုးရကို ဖြုတ်ချသည်ကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည်။
ဂွာတီမာလာမှ ထွက်ခွာလာခဲ့ရပြီးနောက် ချေဂွေဗာရာသည် မက္ကဆီကိုစီးတီးသို့ ရောက်ရှိကာ ပြည်နှင်ဒဏ်ခံထားရသော ကျူးဘားတော်လှန်ရေးသမားများနှင့် ချိတ်ဆက်မိခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ဖီဒယ်လ် ကက်စထရို နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ချေဂွေဗာရာသည် ဆီအဲရာ မာစထရာ တောင်တန်းများတွင် အခြေပြု စတင်ခဲ့သော ကျူးဘားတော်လှန်ရေးခရီးစဉ်တွင် ပါဝင်ခဲ့သည်။
သူသည် အစပိုင်းတွင် သူပုန် တပ်ဖွဲ့၏ ဆရာဝန်ဖြစ်ခဲ့ပြီး ၁၉၅၇ ခုနှစ်၊ ဇူလိုင်လတွင် တပ်မှူး ဖြစ်လာခဲ့သည်။ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် သူပုန်များ အောင်ပွဲခံပြီးနောက် ချေဂွေဗာယားသည် တော်လှန်ရေးအစိုးရသစ်၏ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
၁၉၅၉ ခုနှစ်၊ စက်တင်ဘာလတွင် သူသည် အမျိုးသားမြေယာပြုပြင်ပြောင်းလဲရေးအဖွဲ့၏ စက်မှုဌာန အကြီးအကဲအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် အမျိုးသားဘဏ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး၊ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စက်မှုဝန်ကြီး ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကျူးဘားကွန်မြူနစ်ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော နိုင်ငံရေးအဖွဲ့အစည်း၏ ထိတ်တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
ချေဂွေဗာယား၏ ပြောက်ကျား လက်စွဲ ဗျူဟာ ဤတွင် ပြီးဆုံးသွားပါပြီ၊ နောက်အပတ်တွင် ဒေါ်မီမီဝင်းဘတ် ရည်ညွန်းခဲ့သော တော်လှန် ရေး သမား တိုင်း လေ့လာ ထားသင့်သည် ဆို သော Starfish and Spider စာအုပ်ကို ကောက်နှုတ်တင်ပြသွားပါမည်။