ချီကာဂို ရှစ်ဦး၏ တရားခွင် (၄)
တရားခံရှေ့နေအဖွဲ့၏ တရားခွင် တွင် လျှောက်လှဲမည့် ဗျူဟာများမှာ ကွဲပြားနေခဲ့သည်။ တွမ် ဟေဒင် ကဲ့သို့သော တရားခံအချို့မှာ တရားခွင်ကို ပုံမှန်အတိုင်း ဆောင်ရွက်ပြီး စွပ်စွဲချက်များတွင် ရှိနေသည့် အားနည်းချက်များကို ဖော်ထုတ်ပြသခြင်းဖြင့် တရားသူကြီးများ၏ ယုံကြည်မှုကို ရယူရန် ကြိုးပမ်းလိုကြသည်။ ၎င်းတို့သည် တရားခွင်ကို ပွဲလမ်းသဘင်တခုကဲ့သို့ ဖြစ်လာစေရန် စိတ်ဝင်စားခြင်း မရှိပေ။
ဂျယ်ရီ ရူဘင် နှင့် အက်ဘီ ဟော့ဖ်မန်း ကဲ့သို့သော အခြားတရားခံများမှာမူ ပွဲလမ်းသဘင်ကဲ့သို့ ဖြစ်စေလိုကြသည်။ ၎င်းတို့က တရားခွင်ကို နိုင်ငံတဝန်းရှိ လူငယ်များထံသို့ အသံလွှင့်ရန် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ တရားခွင်သည် ဖျော်ဖြေရေးဇာတ်လမ်းတပုဒ်ကဲ့သို့ ဖြစ်နေပါက သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို အမြင့်ဆုံး ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ရူဘင်နှင့် ဟော့ဖ်မန်းတို့သည် တရားခွင်တွင် စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဖန်တီးမှုနည်းလမ်းများကို မကြာခဏ အသုံးပြုခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။ တရက်တွင် ၎င်းတို့သည် တရားသူကြီးဝတ်ရုံများကို ဝတ်ဆင်၍ တရားခွင်သို့ တက်ရောက်ခဲ့ကြသည်။ နောက်တရက်တွင်မူ မွေးနေ့ကိတ်တခုကို ယူလာခဲ့ကြသည်။ ၎င်းတို့သည် တရားသူကြီးများထံသို့ အနမ်းများ မှုတ်ထုတ်ခြင်း၊ ရင်ဘတ်များကို ဖော်ပြခြင်းနှင့် အမျိုးသားလွတ်မြောက်ရေးတပ်ဦး ၏ အလံကို တရားခံများ ထိုင်သည့် စားပွဲပေါ်တွင် တင်ထားခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဂျေ အန်သိုနီ လူကပ်စ် ၏ "The Barnyard Epithet and Other Obscenities" တရားခွင်မှတ်တမ်းတွင် ချီကာဂိုပူးပေါင်းကြံစည်မှု တရားခွင်ကို အဆင့်ငါးဆင့် ခွဲခြားထားသည်။ ပထမကာလကို လူကပ်စ်က "ဂျယ်လီ စိ အဆင့်" ဟု ခေါ်ဆိုခဲ့သည်။ ဤအဆင့်မှာ တရားခံများက တရားခွင်ကို "ညင်သာစွာ ဟားတိုက်လှောင်ပြောင်" သည့်သဘောထားဖြင့် ဆက်ဆံခဲ့ကြသော အေးဆေးသည့် ကာလတခု ဖြစ်သည်။
ဒုတိယအဆင့်မှာ "ပါးစပ်ပိတ်၊ ခြေချင်းခတ်သည့်အဆင့်" ဖြစ်သည်။ တရားခွင်သည် ဟာသတစ်ခုသဖွယ် ဖြစ်နေသည်ဟု ရှုမြင်ခံရမည်ကို စိုးရိမ်သောကြောင့် တရားခံများသည် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို အလေးပေး ပြောဆိုလာကြသည်။ ထို့အပြင် ဤအဆင့်တွင် ဘလက်ပန်သာ အဖွဲ့ဝင် တရားခံ ဘော်ဘီစီ ၏ အခြေအနေမှာ အဓိက အာရုံစိုက်စရာ ဖြစ်လာသည်။
စီ၏ ရှေ့နေမှာ သည်းခြေအိတ်ခွဲစိတ်မှုအတွက် ဆေးရုံတက်နေရသဖြင့် စီသည် တရားခွင်ကို ရွှေ့ဆိုင်းပေးရန် သို့မဟုတ် အနည်းဆုံး မိမိကိုယ်ကိုယ် ခုခံချေပခွင့်ပြုရန် တောင်းဆိုခဲ့သည်။ တရားသူကြီး ဂျူးလိယက် ဟော့ဖ်မန်း က သူ၏ တောင်းဆိုမှုများကို ထပ်ခါတလဲလဲ ငြင်းပယ်လိုက်သောအခါ စီသည် ပိုမိုဒေါသထွက်လာပြီး တရားသူကြီးကို စတင်တိုက်ခိုက်တော့သည်။
စီသည် ဟော့ဖ်မန်းအား "ဖက်ဆစ်ခွေး"၊ "ဝက်"၊ "လူမျိုးရေးခွဲခြားသူ" စသည်ဖြင့် အခြားသော စကားလုံးများဖြင့် ဆဲဆိုခဲ့သည်။ နောက်ဆုံးတွင် တရားသူကြီး ဟော့ဖ်မန်းသည် သည်းမခံနိုင်တော့ဘဲ စီအား ပါးစပ်ပိတ်၊ ခြေချင်းခတ်ထားရန် အမိန့်ပေးခဲ့သည်။ တပတ်အကြာတွင် တရားသူကြီး ဟော့ဖ်မန်းသည် စီအား အမှုတွဲမှ ခွဲထုတ်လိုက်ပြီး တရားရုံးအား မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။
ဤသို့ဖြင့် ချီကာဂို (၈) ဦး တရားခွင်သည် ချီကာဂို (၇) ဦး တရားခွင် ဖြစ်သွားခဲ့သည်။ လူးကပ်စ် က တတိယအဆင့်ကို "အစိုးရ၏ တရားခွင်ကာလ" ဟု ခေါ်ဆိုခဲ့သည်။ တရားရုံးအား မထီမဲ့မြင်ပြုမှု ၉ ကြိမ်သာရှိခဲ့သောကြောင့် ပိုမိုအေးဆေးသည့် ကာလတခုဖြစ်သည်။ တရားခံများသည် ၎င်းတို့အား စွပ်စွဲချက်တင်ထားသည့် အမှုသည် ထင်ထားသည်ထက် ပိုမိုအားနည်းနေသည်ကို ရိပ်မိလာကြသည်။ ဆုံးဖြတ်ချက် မချနိုင်သည့် အခြေအနေ (hung jury) အထိ ဖြစ်လာနိုင်ခြေရှိ နေ၍ ဂျုရီများ သူတို့အပေါ် မုန်းတီးသွားမည်ကို စိုးရိမ်သည့်အတွက် တရားခံများသည် အချိန်အတန်ကြာ "ငြိမ်နေခဲ့ကြ" ခြင်း ဖြစ်သည်။
ဤအမှု၏ တတိယအဆင့်တွင် အစိုးရဘက်မှ တင်ပြသော အဓိကအချက်မှာ အစွန်းရောက်အဖွဲ့အစည်းများအတွင်းသို့ အသွင်ယူ ထိုးဖောက်ဝင်ရောက်ခဲ့ကြသော လျှို့ဝှက်အေး
ဂျင့်သုံးဦး၏ ထွက်ဆိုချက်များ ဖြစ်သည်။ အေးဂျင့်တစ်ဦးသည် ဂျယ်ရီရူဘင်၏ ကိုယ်ရံတော်အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ထပ်အေးဂျင့်တစ်ဦးမှာ 'Vets for Peace' (ငြိမ်းချမ်းရေးအတွက် စစ်မှုထမ်းဟောင်းများ) အဖွဲ့တွင် ခေါင်းဆောင်တဦး ဖြစ်လာသည်။ တတိယမြောက်အေးဂျင့်မှာ 'SDS' (ဒီမိုကရေစီအတွက် ကျောင်းသားများ) အဖွဲ့အစည်းတွင် ခေါင်းဆောင်ရာထူးတခုအထိ နည်းလမ်းရှာ၍ တက်လှမ်းနိုင်ခဲ့သည်။
တရားခွင်တွင် အဆိုပါ လျှို့ဝှက်အေးဂျင့်များက ယာဉ်ကြောပိတ်ဆို့ခြင်း၊ ဟိုတယ်များကို သိမ်းပိုက်ခြင်း၊ အိမ်သာများကို 'ဖျက်ဆီးခြင်း' နှင့် အခြားသော 'ဝင်တိုက်ထွက်ပြေး ပြောက်ကျားနည်းဗျူဟာများ' တွင် ပါဝင်လုပ်ဆောင်ရန် ကြံစည်မှုများကို ဖော်ထုတ်ပြောဆိုခဲ့သည်။
တရားသူကြီး ဟော့ဖ်မန်းက အစိုးရဘက်မှ အမှုကိစ္စများကို ပံ့ပိုးပေးခဲ့သည်။ သက်သေအထောက်အထားဆိုင်ရာ အငြင်းပွားမှုများတွင် ဟော့ဖ်မန်းသည် အစိုးရဘက်မှသာ အကြိမ်ကြိမ် အနိုင်ပေးခဲ့သည်။ တရားသူကြီး ဟော့ဖ်မန်းသည် တန်းတူညီမျှစွာ ဆက်ဆံရမည်ဟူသော အခြေခံသဘောတရားကို ယုံကြည်ပုံမရပေ။ ဥပမာအားဖြင့်၊ တရားခံများက ချီကာဂိုမြို့သို့ မရောက်မီက ဟောပြောခဲ့သော မိန့်ခွန်းများကို အစိုးရဘက်မှ တင်ပြသည့်အခါ တရားသူကြီးက ခွင့်ပြုပေးခဲ့သော်လည်း၊ တရားခံဘက်မှ ၎င်းတို့၏ မိန့်ခွန်းများကို တင်ပြရန် ကြိုးပမ်းသောအခါတွင်မူ 'မိမိကိုယ်ကို အကျိုးဖြစ်ထွန်းစေရန် သက်သက်ပြောခြင်း' ဟုဆိုကာ ပယ်ချခဲ့သည်။ ထို့ကြောင့် တရားခံများအနေဖြင့် ချီကာဂိုမြို့သို့ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ကြောင်း သက်သေပြရန် ကြိုးပမ်းမှုများမှာ ပယ်ဖျက်ခံလိုက်ရသည်။
လူကာစ် က တရားစီရင်ရေး အဆင့်လေးကို “ဖီလ် နှင့် ဂျုဒီ တို့နှင့်အတူ သီချင်းဆိုကြမည် (Sing Along with Phil and Judy Phase)” ဟု ခေါ်ဆိုခဲ့သည်။ ဤကာလအတွင်း ခုခံချေပသူများဘက်မှ ၎င်းတို့၏ သက်သေများကို တင်ပြခဲ့ကြသည်။ ၎င်းတို့မှာ အမေရိကန် လက်ဝဲအုပ်စု၏ ထင်ရှားကျော်ကြားသူများ အားလုံးလိုလိုပင် ဖြစ်သည်။
သက်သေများထဲတွင် မူးယစ်ဆေးဝါးယဉ်ကျေးမှု၏ ဂုရု တီမိုသီ လီယာရီ၊ ကဗျာဆရာ အဲလင် ဂင်းစ်ဘတ်ခ်၊ စာရေးဆရာ နော်မန် မေလာ နှင့် ကျေးလက်တေးသံရှင်များဖြစ်ကြသော ဖီလ် အော့ခ်ျ၊ အာလို ဂူသာရီ၊ “ကန်ထရီ ဂျိုး” မက်ဒေါ်နယ် ပီတာ ဆီဂါ နှင့် ဂျုဒီ ကောလင်း တို့အပြင် အခြားသူများစွာ ပါဝင်သည်။
ခုခံချေပသူများက စွပ်စွဲခံထားရသူများကို စိတ်အားထက်သန်သော စံပြဝါဒီများအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့သည် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုအပေါ် ချက်ချင်းတုံ့ပြန်ခဲ့သူများသာဖြစ်ကြောင်း ဖော်ပြလိုခြင်းဖြစ်သည်။ စွပ်စွဲသူများဘက်က အန္တရာယ်ရှိသော ကြံစည်မှုများဟု မြင်နေသည့်အရာများ—ဥပမာအားဖြင့် ချီကာဂိုမြို့၏ ရေပေးဝေရေးစနစ်ထဲသို့ LSD မူးယစ်ဆေးထည့်ရန် Yippie တို့၏ ကြံစည်မှုဟု ဆိုသည်များ—သည် တကယ်တမ်းတွင် နောက်ပြောင်ကျီစယ်မှုများသာဖြစ်ပြီး အာဏာပိုင်အဖွဲ့အစည်းကို လှောင်ပြောင်ခြင်းသာဖြစ်ကြောင်း ပြသရန် ကြိုးစားခဲ့သည်။
ထို့အပြင် ခုခံချေပသူများက ဗီယက်နမ်စစ်ပွဲကို တရားခွင်၏ အဓိကအကြောင်းအရာတခု ဖြစ်လာစေရန် ကြိုးပမ်းခဲ့သော်လည်း တရားသူကြီး ဟော့ဖ်မန်း က ပယ်ချခဲ့သည်။
ခုခံချေပသူ ရှေ့နေများသည် တရားလိုဘက်မှ တင်ပြထားသည့် စွပ်စွဲခံရသူများမှာ အဓိကရုဏ်းဖြစ်ပွားစေရန် ကြံစည်မှုတွင် ပါဝင်နေသည်ဟူသော အချက်ကို အဓိကထား၍ ချေပခဲ့သည်။ ခုခံချေပသူဘက်မှ သက်သေများက စွပ်စွဲခံရသူများသည် တစုတစည်းတည်း တွေ့ဆုံခဲ့ခြင်း လုံးဝမရှိကြောင်း ထွက်ဆိုခဲ့သည်။ ထို့အပြင် သူတို့သာ တကယ်တမ်း တွေ့ဆုံခဲ့ကြလျှင်ပင် မည်သည့်အချက်ကိုမျှ သဘောတူညီကြလိမ့်မည် မဟုတ်ပေ။
ခုခံချေပသူဘက်မှ သက်သေဖြစ်သူ နော်မန် မေလာ က "လက်ဝဲ ဝါဒီတွေဟာ အတ္တသမားတွေ ဖြစ်ကြတဲ့အတွက် သူတို့အချင်းချင်း ပူးပေါင်း ကြံစည်ဖို့ မဖြစ်နိုင်ပါဘူး" ဟု ပြောကြားလိုက်ခြင်းက အချက်ကျဆုံး ဖြစ်နိုင်သည်။ အက်ဘီ ဟော့ဖ်မန်း ကလည်း သူ၏ ထွက်ဆိုချက်တွင် ထိုအချက်ကိုပင် ပို၍ ပင် အရောင်ချယ်ပြသွားခဲ့သည်။ "ကြံစည်မှု ဟုတ်လား၊ ဟာ... ကျွန်တော်တို့က နေ့လယ်စာ စားဖို့တောင် သဘောမတူနိုင်ကြတာပါ" ဟု ဆိုသည်။
တရားခွင်၏ နောက်ဆုံးအဆင့်သည် "ခြံဝင်းအတွင်း စော်ကားသော အဆင့်" (Barnyard Epithet Phase) ဖြစ်သည်။ ၎င်းသည် စွပ်စွဲခံရသူများနှင့် ၎င်းတို့၏ ရှေ့နေများ၏ ဒေါသတကြီး အော်ဟစ်ဆဲဆိုမှုများဖြင့် ပြည့်နှက်နေသည့် နှစ်ပတ်တာကာလ ဖြစ်သည်။ ထိုသို့ အော်ဟစ်ဆဲဆိုမှုများသည် တရားသူကြီး ဟော့ဖ်မန်း ထံမှ ကျိုးကြောင်းဆီလျော်မှုမရှိသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းက တရားရုံးအား မထီမဲ့မြင်ပြုမှုအတွက် သီးခြားအမိန့်စာပေါင်း ၄၈ ခုအထိ ထုတ်ပြန်ခဲ့သည်။
တရားသူကြီး ဟော့ဖ်မန်းသည် ဂျုရီ အဖွဲ့ က ဆုံးဖြတ်ချက်ချရန် စတင်ဆွေးနွေးနေချိန်တွင်ပင် တရားခံများအားလုံးနှင့် ၎င်းတို့၏ ရှေ့နေနှစ်ဦးဖြစ်သည့် ဝီလီယမ် ကန်းစ်တလာနှင့် လီယိုနာ့ဒ် ဝိန်းဂလပ်စ်တို့အား တရားရုံးကို မထီမဲ့မြင်ပြုမှု ဖြင့် ထောင်ဒဏ် နှစ်ရှည်များ အသီးသီး ချမှတ်လိုက်သည်။
စွဲချက်အချို့မှာ တရားသူကြီးကို မတ်တတ်ရပ်မပြခြင်းကဲ့သို့သော အသေးအမွှား မလေးမစားပြုမှုများနှင့် သက်ဆိုင်နေသည်။ အခြားစွဲချက်အချို့မှာမူ တရားခံများက အပြစ်ကင်းစင်သည့် နောက်ပြောင်မှုများဟု ယူဆထားသည့် ရင်ဘတ်ကို ဖွင့်ပြခြင်း သို့မဟုတ် တရားသူကြီးများအဖွဲ့ဆီသို့ အနမ်းများ မှုတ်ထုတ်ခြင်းကဲ့သို့သော လုပ်ရပ်များ ဖြစ်သည်။
ထို့ပြင် တရားခံများက တရားသူကြီး ဟော့ဖ်မန်းကို "လိမ်ညာသူ"၊ "ကြောင်သူတော်" နှင့် "ဖက်ဆစ်ခွေး" ဟု ဆဲဆိုခဲ့သည့်အတွက် စွဲချက်တင်ခံရခြင်းများလည်း ရှိသည်။ မိမိ၏ အမှုသည်များနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်လွန်းသဖြင့် ရှေ့နေတစ်ဦး ထိန်းသိမ်းထားသင့်သည့် သင့်တင့် လျှောက်ပတ်စွာ ရှုမြင်ရမည် ဆိုသည်ကိုပင် ဆုံးရှုံးခဲ့ရသည့် ဝီလီယမ် ကန်းစ်တလာကို ထောင်ဒဏ် လေးနှစ်ကျော် ချမှတ်ခဲ့သည်။ စွဲချက်တစ်ခုမှာ ကန်းစ်တလာက "ကျွန်တော် ကျွန်တော့်နေရာကို ပြန်ထိုင်လိုက်တော့မယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှ အရာအားလုံးဟာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးဆိုတာရယ်၊ ဒီတရားရုံးကလည်း ဘာအဓိပ္ပာယ်မှ မရှိတော့တဲ့အပြင်၊ ဥပဒေဆိုတာ မရှိတော့ဘူးဆိုတာကို သဘောပေါက်လိုက်မိလို့ပဲ" ဟု ပြောကြားခဲ့သည့် ဖြစ်ရပ်တခုနှင့် ပတ်သက်နေသည်။