ရွေးကောက်ပွဲ (၃)

by Hla Soewai - Oct 11 2020

မကြာသေးမီက ထိုင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် သည် အသက် ၆၀ ပြည့်၍ စည်းမျဉ်းစည်းကမ်း အတိုင်း အနားယူကာ တလ ရဟန်း ခံ ဖို့ သာသနာ ဘောင်သို့ ဝင်သွားခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲ များမှာ ဗိုလ်ချုပ်ကြီး အပီရတ်အား အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

 

ဗိုလ်ချုပ်ကြီး အပီရတ် နေရာကို ဆက်ခံသူ ဗိုလ်ချုပ်ကြီး နာယောင်ပန်း က မိမိသည် နိုင်ငံ နှင့် ဘုရင်စနစ် ရေရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောသွားခဲ့ပါတယ်။ ၎င်း၏ မိန့်ခွန်းတွင် အမျိုးဘာသာ သာသနာ ဆိုတဲ့ မြန်မာ စစ်တပ်လို အကြောင်းမဲ့ ကြွေးကြော်သွားခဲ့ခြင်းမျိုး တစိုးတစိမှ ပါတာ မတွေ့ခဲ့ရပါဘူး။

 

၎င်းကာကွယ်စောင့်ရှောက်သွားမည် ဆိုသော ထိုင်းဘုရင် ဗီဂျီရာ လောင်ကွန်းသည် ဂျာမဏီနိုင်ငံ ဘာဗေရီယား ပြည်နယ်အတွင်းရှိ အယ်လ် တောင်တန်း အနီး အပန်းဖြေ ဇိမ်ခံ ဟိုတယ်ကြီး ရဲ့ အထပ် နှစ်ထပ်ကို ငှားရမ်းပြီး မောင်းမမိသံများနဲ့ နှစ်ရှည်လများ နေထိုင်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟေးကို မတ်စ် က ထိုင်းဘုရင်ကို မိမိတို့ မြေပေါ်မှနေကာ လှမ်းပြီး အုပ်ချုပ်ခွင့် ပေးမည်မဟုတ်လို့ တောင် ပြောလာရတဲ့ အထိ ဖြစ်ပါတယ်။ ထိုအရေး အတွက်လည်း ထိုင်းပြည်သူများက အမျိုးဘာသာ မစောင့်ရှောက်သူ လို့ ဝေဖန် ရှုတ်ချခြင်း မရှိပဲ ၎င်း၏ တန်ခိုးထွားလာနေမှုကို ကန့်သတ်ဖို့ လိုအပ်နေပြီဆိုတဲ့ သေရေးရှင်ရေး ပြဿနာကြီးကိုသာ တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

 

မြန်မာပြည်တွင်လည်း အမျိုးဘာသာ သာသနာ ဆိုတဲ့ စကားကို စစ်အစိုးရ လက်ထက်တခုလုံး မည်သူမျှ ထုတ်ဖေါ် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒီစကားက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ မဖြစ်မနေ ပြန်လွှတ်ပေးရတော့မယ်ဆိုတဲ့ အချိန်မှစပြီး တီထွင်လာခဲ့တဲ့ စကားလုံးပဲ ဖြစ်ပါတယ်။

 

ဒါကလည်း သူမရဲ့ လူထုမေတ္တာကို ခံယူနိုင်မှု၊ အကျင့် သီလ ကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိတဲ့ အတွက် လက်ဝှေ့ ပွဲတွေ မှာ ပြိုင်ဖက်ရဲ့ ချက်အောက်ကို ကန်မည် ဆိုတဲ့ အင်မတန် အောက်တန်းကျတဲ့ နည်းနဲ့ အနိုင်ယူနိုင်ဖို့ ပဲ ဖြစ်ပါတယ်။

 

အဆိုပါ အမျိုးဘာသာ သာသနာ ဆိုတဲ့ စကားလုံးဟာ သူမသည် တိုင်းတပါးသားကို လက်ထပ်ထားတယ် ဆိုတာ နဲ့ သွယ်ဝိုက်ပြီးတိုက်ခိုက်လာတာပဲ ဖြစ်ပါတယ်။

 

ထိုသို့ လက်ဝှေ့ပွဲတွင် ချက်အောက်ကို ကန်ပြီး အနိုင်ယူဖို့ ကြိုးပမ်းနေသူများအား ၎င်းတို့ဖက်တွင် လောင်းထားသူများမှအပ အဘယ်သို့သော ပရိသာတ်မျိုးက တလေးတစား နှင့် အားပေးကြပေမည်နည်း။

 

လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းသည် ယခုထိ credible alternative ဆိုတာ မရှိဘဲ unreliable anti-social elements များသာ တွေ့နေရပါတယ်။ ၎င်းတို့ရဲ့ မူဝါဒများမှာလည်း မဖြစ်လို့သာ ထည့်ထားရသလို ဖြစ်ပြီး အားလုံးက ဝေဝေဝါးဝါး အဆင့်ထက် မပိုတာ တွေ့ရပါတယ်။ ထို့အပြင် စစ်ဝါဒီများက ၎င်းတို့ အလိုကျ ဖြစ်ရန် နိုင်ငံရေး တွင် ဗြောင်ကျကျ စွက်ဖက်လာတဲ့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ ဤသည်ကလည်း နိုင်ငံသားများ အဖို့ ကံဆိုးခြင်း တခုလို့ ပြောလို့ရပါတယ်။

 

ဖေ့စ်ဘုတ်သည်သာ ရွေးကောက်ပွဲ အတွက် တခုတည်းသော သတင်းဌာန အဖြစ် အားလုံးက ဝိုင်းသုံးနေတာ ဖြစ်တာမို့ လူထုအားကိုးနေတဲ့ ပါတီကြီးကို စုပြုံတိုက်ခိုက်လာပါတယ်။ ၎င်းတို့ရဲ့ ပါတီ မူဝါဒ ကို ဖြန့်ချီ ရမယ့်အစား လူထု ထောက်ခံမှု မကြုံစဖူးအောင် ရရှိလာနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ဘက်ပေါင်းစုံက ထိုးနှက်လာနေတာပဲ ဖြစ်ပါတယ်။ အချက်အလက် မှန်မမှန်ကို စစ်ဆေးနေတဲ့ အဖွဲ့အစည်း များ နဲ့ ဖေ့စ်ဘုတ် အဖွဲ့များပင် ဖြုတ်ချ၍မနိုင်အောင် ဖြစ်လာနေတယ် လို့ Nikkei Asia Review မှာ ဖေါ်ပြထားပါတယ်။

 

၎င်းတို့၏ အဓိက ဦးတည်ချက်မှာ တလလုံးနေ၍ သတင်းစာ တစောင်တောင် မဖတ်ကြပဲ ဖေ့စ်ဘုတ်က ဆယ်လီ သတင်းများသာ စိတ်ဝင်စားနေတဲ့ လူတွေ အကြား ရောက်အောင် ပျံ့နှံ့ဖို့ပဲ ဖြစ်ပါတယ်။ ထို့အတွက် ဆန်ဖရန်စစ္စကို မြို့ကြီးဟာ လန်ဒန်ရောက်သွားတာတို့၊ ကိုဗစ်ကြောင့် လူတွေ အတုံးအရုံး သေကုန်ကြပြီလို့ ရေးရဲကြတာ ဖြစ်ပါတယ်။ လူနည်းစု လှောင်ပြောင်ခံရမည်ကို အရေးမစိုက်၊ သူတို့ ပြစ်မှတ်ထားသော လူများ ယုံကြည်ဖို့သာ ဖြစ်ပါတယ်။

 

တနေ့ကပဲ ဖေ့စ်ဘုတ်က စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ မမှန်သတင်း ဖြန့်ချီနေတဲ့ ပိတ်ချ် ၁၇ ခု နဲ့ အကောင့် ၅၀၊ အင်စတာဂရမ် ၇ခု စုစုပေါင်း ၇၄ ခု ကို ပိတ်ချခဲ့ရပြန်ပါတယ်။ ကြော်ငြာခ ဒေါ်လာ ၁,၈၅၀ ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း အမှန်တရားကို မြတ်နိုးသော နိုင်ငံသားများ ရဲ့ မကျေမနပ် တိုင်တန်း ကန့်ကွက်မှု တွေကြောင့် စုံစမ်း စစ်ဆေးရာက တွေ့ရှိလာတာ ဖြစ်တယ်လို့ ဖေ့စ်ဘုတ် အဖွဲ့က ဆိုပါတယ်။ ထိုအကောင့်များသည် အမှန်တရားကို ထုတ်ဖေါ်နေကြခြင်းမျိုး မဟုတ်ပဲ နည်းမျိုးစုံနဲ့ လိမ်လည် လှည့်ဖျား ပြောဆိုနေကြတာလည်း ဖြစ်တဲ့အတွက် တခါက အမိမြေမှ သားကောင်းများဟု တင်စားခံခဲ့ရသူများသည် ယခုအခါ ဘယ်အခြေ ဆိုက်နေကြပြီလဲဆိုတာ တွေးတောမိသော လူထု အဖို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ် ဖြစ်လာနေရပါတော့တယ်။

 

နိုင်ငံတကာ ရှိ သံရုံး အသီးသီး တွင်လည်း ကြိုတင်မဲပေး စနစ်နဲ့ မဲပေးနေကြရာမှာ စင်္ကာပူ မြန်မာ သံရုံးရဲ့ စီစဉ်ပုံကို အားလုံးက ချီးကျူးခဲ့ကြပါတယ်။ ဤကဲ့သို့ သံရုံးတရုံးက သေချာကောင်းမွန်စွာ စီစဉ်နိုင်ပါလျှက် ကိုရီယားလို ရုပ်ပျက်ဆင်းပျက် နဲ့ သက်ဆိုင်ရာ နိုင်ငံ၏ ရဲအဖွဲ့ကတောင် လာရောက် ထိန်းသိမ်းရတဲ့ အထိ ဖြစ်သွားတာကလည်း မိမိတို့ အရည်အချင်းကို ထုတ်ဖေါ်ပြသသလို ဖြစ်သွားခဲ့ပါတယ်။

 

နိုင်ငံတကာ၏ မျက်နှာစာတွင် နိုင်ငံကို ကိုယ်စားပြု ရပ်တည်နေရသူများမှာ စစ်တပ် အနွယ်ဝင်များ ဖြစ်နေပြန်ပါတယ်။ ဖြစ်နေသည်က အရေးမကြီးလှ၊ ၎င်းတို့အဖို့ နိုင်ငံ၏ပုံရိပ်ကို အရောင်တောက်လာအောင် နည်းမျိုးစုံ နဲ့ ကြိုးပမ်းရမည် ဆိုသည့် တာဝန်ကျေပြွန်လျှင်ပင် ဝမ်းသာရမည်သ ဖြစ်ပါတယ်။ ထိုအစား နိုင်ငံတော် အတိုင်ပင်ခံ ကိုပင် တိုက်ခိုက်တဲ့ ပို့စ်တွေကို ဒိုင်ခံ ရှယ်ပေးနေတဲ့ သံအမတ်တွေ တွေ့နေရသည်က အင်မတန်မှ နိုင်ငံအတွက် နှမျောတသ ဖြစ်မိပါတယ်။

 

၎င်းတို့အဖို့ သူတို့အားလုံး၏ တိုက်ရိုက် အရာရှိဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးကိုပင် အလေးမမူ အံတုရဲသူများ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော် အတိုင်ပင်ခံ၏ ခန္တီ ပါရမီကို လည်းလေးစားမိပါတယ်။

 

နိုင်ငံတော် အတိုင်ပင်ခံ အနေနှင့် လောလောဆယ်မှာ ကိုဗစ်-၁၉ ကို အနိုင်တိုက်ဖို့သာ အာရုံထားနေရတဲ့ အတွက် သူမကို ဦးတည် တိုက်ခိုက်တဲ့ အကောင့်တွေကို အရေးမစိုက်နိုင် အား ဖြစ်နေပြီး အရေးမယူလိုဟုတောင် ပြောခဲ့လို့ နိုင်ငံတော် သမ္မတရုံးမှ အကောင့် ပိုင်ရှင်များရဲ့ အမည်၊ လိပ်စာနဲ့ တကွ ဖွင့်ချလိုက်ပါတယ်။ များသော အားဖြင့် အကောင့် ပုန်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။

 

လက်ရှိမှာတော့ မြန်မာနိုင်ငံ တွင် ရွေးကောက်ပွဲ ကျင်းပမည့် အရေး အား ဆီလို အပေါက်ရှာ ပြောတတ်သည့် ပြည်ပ သတင်းစာများ၊ အဖွဲ့အစည်းများ နှင့် ၎င်းတို့ လေ့ကျင့်သင်ကြားပေးထားသည့် လူ့အခွင့်အရေး ဆိုသူများကလည်း မည်သို့ မျှ ကန့်ကွက် ပြောဆိုတာ မတွေ့ရပါဘူး။

 

ယခုအခါ မြန်မာ ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်မှ နိုင်ငံတကာ ရွေးကောက်ပွဲများအား လေ့လာ စောင့်ကြည့်လေ့ရှိသည့် ကာတာ စင်တာ နှင့် အီးယူမှ အဖွဲ့အစည်းတွေ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

 

ထို့အပြင် ယခုလာမည့် ရွေးကောက်ပွဲကြီးသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် သို့ဆက်လျှောက်မည်လား နောက်ပြန်ဆုပ်သွားမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် လွန်စွာ အရေးပါလှသော ပွဲကြီးလည်း ဖြစ်နေသဖြင့် မြန်မာ ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေး အတွက် အမေရိကန်အစိုးရ အနေဖြင့် ပြတ်ပြတ်သားသား ထောက်ခံရန် လိုအပ်ကြောင်း ဝါရှင်တန်ရှိ ဂျော့ဘွတ်ရှ် အင်စတီကျု ကြီးမှ တောင်းဆိုလိုက်ပြန်ပါတယ်။