ဗျူနိုအေးရိစ်နှင့် တယ်လ်အဗစ်မြို့တို့ကြား အကွာအဝေးမှာ မိုင်ပေါင်း ရှစ်ထောင်နီးပါး ရှိသည်။ ထိုမြို့တော်နှစ်ခုကြားတွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ အီကွေတာနှင့် အာဖရိကတိုက်တို့က ကြားခံလျက်ရှိသည်။ ဟာရယ်လ်အတွက် အဒေါ့ဖ် အိုက်ခ်မန်းကို ခေါ်ဆောင်လာရန် ရွေးချယ်စရာလမ်းကြောင်း နှစ်ခုသာ ရှိသည်။
သင်္ဘော သို့မဟုတ် လေယာဉ်ဖြစ်သည်။ လိုအပ်ချက်အရ အစ္စရေးတွင် ဖွံ့ဖြိုးတိုးတက်သော ကုန်တင်သင်္ဘောလုပ်ငန်း ရှိသည်။ နိုင်ငံသစ်ဖြစ်သည့် အစ္စရေးသည် မိမိကို ဖျက်ဆီးပစ်ရန် ကျိန်ဆိုထားသော ရန်လိုသည့် အာရပ်နိုင်ငံအချို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ သို့သော်လည်း အစ္စရေးသည် မြေထဲပင်လယ်ဘက်တွင် ကမ်းရိုးတန်းကို အထင်ကရ ပိုင်ဆိုင်ထားသည်။ အစ္စရေးမှ တင်သွင်း သို့မဟုတ် တင်ပို့သမျှ ကုန်ပစ္စည်းအားလုံးသည် မြေထဲပင်လယ်ရှိ ဟိုက်ဖာဆိပ်ကမ်းနှင့် ပင်လယ်နီရှိ အီလတ်ဆိပ်ကမ်း ဟူသော အဓိကဆိပ်ကမ်းကြီးနှစ်ခုမှတစ်ဆင့် သင်္ဘောဖြင့်သာ သွားလာကြသည်။ အစ္စရေးနိုင်ငံ ထူထောင်စ နှစ်များအတွင်းတွင် ဥရောပမှ ထွက်ခွာပြီး ၎င်းတို့၏ အိမ်မက်မြေတွင် အိမ်သစ်တည်ဆောက်ရန် တောင့်တနေကြသော ဂျူးလူမျိုး ရွှေ့ပြောင်းနေထိုင်သူ သိန်းပေါင်းများစွာကို သယ်ဆောင်ပို့ဆောင်ပေးရာ၌ အစ္စရေးကုန်တင်သင်္ဘောများသည် အဓိကတာဝန်ယူခဲ့ကြသည်။
ထို့ကြောင့် အစ်ဆာ ဟာရယ် ၏ ပထမဆုံး စိတ်ကူးသည် အဒေါ့ဖ် အိုက်ခ်မန်း ကို အာဂျင်တီးနားနိုင်ငံမှ ကုန်တင်သင်္ဘောဖြင့် ခိုးထုတ်ရန် ဖြစ်လာခြင်းမှာ သဘာဝကျသည်ဟု ဆိုရမည် ဖြစ်သည်။ မေလအတွင်းတွင် အစ္စရေးသင်္ဘောတစင်းသည် တောင်အမေရိကရေပိုင်နက်အတွင်းသို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိနေမည်လားဆိုသည်ကို သိရှိရန် ZIM Integrated Shipping Services ကုမ္ပဏီထံသို့ လျှို့ဝှက်စွာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့သော သင်္ဘောတစင်းကို ဗျူနိုအေးရိစ် ဆိပ်ကမ်းသို့ လမ်းကြောင်းပြောင်းဝင်ရောက်ခိုင်းဖို့အကြောင်းပြချက် ကောင်းကောင်းပေးနိုင်လိမ့်မည်ဟု ဟာရယ်က ယုံကြည်ခဲ့သည်။
သို့သော် အာဂျင်တီးနား ရေပိုင်နက်ထဲတွင် အစ္စရေး သင်္ဘောများ ရောက်ရှိလာမည့် အချိန်ဇယား မရှိပေ။ ပို၍ စိုးရိမ်စရာကောင်းသည်မှာ ထိုသို့ လမ်းကြောင်းလွှဲခြင်းကို ကမ္ဘာကြီးက သတိမထားမိနိုင်သော်လည်း ရေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတခုလုံးတွင် သတိပေးချက်များ မြည်ဟည်းသွားစေလိမ့်မည်ဖြစ်သည်။
ဟာရယ် သည် အိုက်ခ်မန်းကို သယ်ဆောင်ရန်အတွက် သင်္ဘောတစ်စင်းကို အထူးငှားရမ်းခြင်း (ဥပမာအားဖြင့် အာဂျင်တီးနား အအေးခံ အမဲသားများကို တင်ဆောင်ထားသည့် ကုန်တင်သင်္ဘောအယောင်ဆောင်ခြင်း) ဖြစ်နိုင်ခြေကို စုံစမ်းသောအခါတွင်လည်း ရလဒ်များမှာ စိတ်ပျက်စရာပင် ဖြစ်နေသည်။ ထိုသို့သော သင်္ဘောတစ်စင်းသည် ဗျူနိုအေးရိစ်သို့ ရောက်ရန် အနည်းဆုံး တလကြာမြင့်မည်ဖြစ်ပြီး၊ သံသယမဖြစ်စေရန်အတွက် လမ်းတစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် ရပ်နားရမည်ဖြစ်သဖြင့် အဖိုးတန်အချိန်များကို ဆုံးရှုံးစေမည်ဖြစ်သည်။
"ပင်လယ်ပြင်ခရီးလမ်းက အရမ်းနှေးကွေးပြီး စစ်ဆင်ရေးအတွက် အရေးပါတဲ့ ရက်သတ္တပတ်အနည်းငယ်ကို ကြန့်ကြာစေနိုင်တယ်လို့ ကျွန် တော် ဆုံးဖြတ်လိုက်တယ်" ဟု ဟာရယ်က ရေးသားခဲ့သည်။ "ဒါကြောင့် လေကြောင်းပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေကိုပဲ အသေးစိတ် စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့တယ်။"
အစ္စရေးသည် လေကြောင်းခရီးသွားလာမှုအပေါ် ပင်လယ်ထက်ပင် ပို၍ မှီခိုအားထားရသော နိုင်ငံ ဖြစ်သည်။ ၁၉၄၈ ခုနှစ် မေလတွင် နိုင်ငံကို စတင်တည်ထောင်ပြီး နောက်တစ်ရက်မှာပင် အာရပ်အိမ်နီးချင်းနိုင်ငံများက စစ်ကြေညာခဲ့ပြီး အစ္စရေး၏ ဆိပ်ကမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ အစ္စရေး၏ လေကြောင်းနှင့် ကြည်းတပ်ဖွဲ့များသည် ကျူးကျော်မှုများကို ပြန်လည်တွန်းလှန်နိုင်ခဲ့သော်လည်း မြေထဲပင်လယ်သို့ အဝင်လမ်းကြောင်း ပိတ်ဆို့ခံထားရသဖြင့် စစ်ပွဲအတွက် လိုအပ်သော လက်နက်ခဲယမ်းများကို လေယာဉ်များဖြင့်သာ တင်သွင်းရန် အခြေအနေဆိုက်ရောက်သွားခဲ့သည်။
စစ်ရေးတင်းမာနေချိန်တွင် နိုင်ငံခြားလေကြောင်းလိုင်းများက အစ္စရေးသို့ ပျံသန်းရန် ငြင်းဆန်ခဲ့ကြသဖြင့် အဆိုပါနိုင်ငံသစ်လေးသည် ရှင်သန်ရပ်တည်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရပ်ဘက်လေကြောင်းကိုသာ အပြည့်အဝ မှီခိုအားထားခဲ့ရသည်။ ဤစိတ်ဓာတ်ဖြင့်ပင် အစ္စရေးသည် ဟီဘရူးဘာသာစကားဖြင့် 'ကောင်းကင်သို့' ဟု အဓိပ္ပာယ်ရသည့် 'အယ်လ်အယ်လ်' (El Al) လေကြောင်းလိုင်းကို တည်ထောင်ခဲ့သည်။
ပုံမှန်လေကြောင်းခရီးစဉ်များအပြင်၊ El Al လေကြောင်းလိုင်းကို အမျိုးသားရေးအကျိုးစီးပွားဆိုင်ရာ မစ်ရှင်များအတွက်လည်း မကြာခဏ တာဝန်ပေးအပ်လေ့ရှိသည်။ ၁၉၄၉ ခုနှစ်တွင် "Operation Magic Carpet" အစီအစဉ်ဖြင့် ယီမင်နိုင်ငံမှ ဂျူးလူမျိုး ၄၉,၀၀၀ ကို အစ္စရေးနိုင်ငံသို့ လျှို့ဝှက်စွာ ပို့ဆောင်ပေးခဲ့ပြီး၊ ၁၉၅၁ ခုနှစ်တွင် "Operation Ezra and Nehemiah" အစီအစဉ်ဖြင့် အစ္စလာမ်နိုင်ငံများမှ ဂျူးလူမျိုးများ ထွက်ခွာနိုင်ရန် စီစဉ်ခဲ့သော စစ်ဆင်ရေးကြီး၏ တစိတ်တပိုင်းအဖြစ် အီရတ်နိုင်ငံမှ ဂျူးလူမျိုး ၁၃၀,၀၀၀ နီးပါးကို လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့သည်။
ဤမစ်ရှင်များနှင့် အခြားသော လျှို့ဝှက်စစ်ဆင်ရေးများတွင် ပါဝင်သည့် အယ်လ်အေ လေယာဉ်မှူးများသည် ၎င်းတို့၏ တာဝန်များကို အလွန်ဂုဏ်ယူကြသည်။ ၎င်းတို့သည် လျှို့ဝှက်စွာ လှည့်ဖျားရသည့် အလုပ်မျိုး ကို လုပ်ဖို့လည်း ဝန်မလေးကြ။ သို့သော်လည်း အယ်လ်အေ စတင်တည်ထောင်ပြီး ဆယ်စုနှစ်ကျော်ကြာသည်အထိ အစ္စရေးလေယာဉ်များသည် တောင်အမေရိကသို့ ပုံမှန်ပျံသန်းလေ့မရှိသေးပေ။ အဒေါ့ဖ် ဟစ်တလာနှင့် တတိယအင်ပါယာကိုစာနာမှုပြသခဲ့သည့် နိုင်ငံတခုသို့ ပျံသန်းရန်မှာမူ ဝေးစွပင် ဖြစ်သည်။ သို့သော် အယ်လ်အေ လေကြောင်းလိုင်းသည် အတ္တလန္တိတ်သမုဒ္ဒရာကို ရပ်နားခြင်းမရှိဘဲ ဖြတ်သန်းပျံသန်းနိုင်သည့် ခေတ်မီဆန်းသစ်သော Bristol Britannia ပန်ကာတပ် လေယာဉ်နှစ်စင်းကို မကြာသေးမီကမှ ဝယ်ယူထားရှိခဲ့ပြီဖြစ်ရာ ယခုခရီးစဉ်ကို ဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
သို့သော် အယ်လ်အေ (El Al) လေကြောင်းလိုင်း၏ လက်ရှိပျံသန်းရေးလမ်းကြောင်းများသည် ဥရောပ၊ တူရကီ၊ အီရန်နှင့် နယူးယောက်တို့တွင်သာ ကန့်သတ်ထားသည်။
သို့သော်လည်း အစ်ဆာ ဟာရယ်လ် သည် လက်မရှော့။ သူသည် လေကြောင်းလိုင်း အမှုဆောင်အရာရှိများနှင့် အစည်းအဝေးတခု ပြုလုပ်ကာ၊ တယ်လ်အဗစ် မှ လမ်းကြောင်းသစ်တခု ဖွင့်လှစ်ရန် စိတ်ဝင်စားဟန်ဆောင်လျက် အယ်လ်အေ၏ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်နိုင်စွမ်းကို ပြသရန်အတွက် ဗျူနိုအေရိသို့ လေယာဉ်တစင်း စေလွှတ်ပေးနိုင်မလားဟု မေးမြန်းသည်။
မော့ဆက်ဒါရိုက်တာတဦး၏ တောင်းဆိုချက်သည် အချိန်အခါ မသင့် ဖြစ်နေသည် - မေလနှင့် ဇွန်လသည် ခရီးသွားရာသီ စတင်ချိန်ဖြစ်သည်။ အယ်လ်အေအနေဖြင့် မော့ဆက်အတွက် လေယာဉ်တစင်းကို ချေးငှားလိုက်ပါက ဝင်ငွေအမြောက်အမြား ဆုံးရှုံးရပေလိမ့်မည်။ သို့သော် ကံကြမ္မာက ကြားဝင်လာသည်။ နောက်ပိုင်း အခံရခက်စရာ ဖြစ်လာခဲ့ရသည် မှာ ဟာရယ်လ် အကျပ်အတည်းကို စောင်မပေးလိုက်သူသည် အာဂျင်တီးနားနိုင်ငံ ကိုယ်တိုင် ဖြစ်နေသော ကြောင့်ပင်။
**************