ထိုင်း မှ ‌ဒေါ်အောင်ဆန်းစုကြည် နှင့် အာဆီယံ တိုက်ရိုက် ‌တွေ့ဆုံခွင့်ရရေး ဦးဆောင်ကြိုးပမ်းလာ

by Hla Soewai - Jul 19 2026

ထိုင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ မင်းအောင်လှိုင် ဖမ်းဆီးချုပ်နှောင်ထားသည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ၏ အထူးကိုယ်စားလှယ်မှ တိုက်ရိုက်၊ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရရှိရေးအတွက် သံတမန်ရေးအရ အားသွန်ခွန်စိုက် ဦးဆောင် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

 

ဇူလိုင်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဘန်ကောက်မြို့၌ ကျင်းပသည့် နိုင်ငံတကာသံတမန်များအား ရှင်းလင်းတင်ပြသည့်အခမ်းအနား၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်းကတ်ကယို က စစ်အုပ်စု။၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် "ကျန်းမာရေးနှင့် လူမှုရေးအာမခံချက်" ပြောဆိုမှုများအပေါ် ပြင်းပြင်းထန်ထန် စိန်ခေါ်ပြောဆိုသွားခဲ့သည်။

 

၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ဂရုစိုက်ထားကြောင်း ပြောဆိုမှုများကို လက်ခံရုံနှင့်မပြီးဘဲ၊ နိုင်ငံတကာအနေဖြင့် ၎င်းတို့ကိုယ်တိုင် မျက်မြင်အတည်ပြုနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

 

အာဆီယံ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရို အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူချင်းတွေ့ဆုံခွင့်ရရှိရန် တရားဝင်တောင်းဆိုထားကြောင်း စီဟာဆက် က အတည်ပြုပြောကြားခဲ့သည်။

 

စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ မေးမြန်းရာ တွင် ၎င်းတို့ဖက်က မိမိ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ခြင်း မရှိဘဲ မြန်မာနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်း (ဆိုလိုသည်က မင်း‌ အောင်လှိုင်) နှင့် ပြန်ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

 "ဒါဟာ ရိုးသားမှုနဲ့ပဲ သက်ဆိုင်ပါတယ်" ဟု လည်း ဆိုသည်။

 

အဆိုပါတွေ့ဆုံမှုကို နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုသို့ လွတ်လပ်စွာ ဝင်ရောက်တွေ့ဆုံခွင့် ရရှိရေးသည် စစ်အုပ်စု၏ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိကို တိုင်းတာမည့် အဓိကစံနှုန်းတခုအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

 

စီဟာဆက် သည် ထိုင်းနိုင်ငံ၏ "ချင့်ချင့်ချိန်ချိန် ဖြင့် ပြန်လည်ထိတွေ့ဆက်ဆံရေး" (Calibrated Re-engagement) မူဝါဒအောက်တွင် နေပြည်တော်ကို တာဝန်ခံမှုရှိစေရန် ရည်ရွယ်၍ အာဆီယံ၏ အသစ်တည်ဆောက်ထားသည့် "တိုးတက်မှုဆိုင်ရာ ညွှန်းကိန်း ၄ ခု" ကို ချမှတ်ထား‌ ကြောင်း ရှင်းပြခဲ့သည်။

 

သံတမန်များထံ တင်ပြခဲ့သည့် အဆိုပါ တိုင်းတာချက် ၄ ခုမှာ..

(၁) အာဆီယံ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဗဟိုဌာန (AHA Centre) မှတဆင့် တိုက်ရိုက်ပေးပို့နိုင်မည့် အကူအညီပေးရေး လမ်းကြောင်းများကို အမှန်တကယ် တိုးချဲ့ဆောင်ရွက်ခြင်း။

 

(၂)အရပ်သားပြည်သူများ ထိခိုက်စေသည့် စစ်ရေးတိုက်ခိုက်မှုများကို ရပ်တန့်ခြင်းအပေါ် အဓိကထား၍ ရန်လိုမှုများ သိသာထင်ရှားစွာ လျော့ကျသွားစေခြင်း။

 

(၃) အတိုက်အခံအဖွဲ့အစည်းများ ပါဝင်သည့် ယုံကြည်စိတ်ချရသော၊ ဘက်စုံပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ထိန်းသိမ်းထားခြင်း။

 

(၄) နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် တိုးတက်မှုများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ခိုင်မာသော ခြေလှမ်းများ လှမ်းခြင်း တို့ ဖြစ်သည်။

 

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် တပြိုင်နက်တည်း လုပ်ဆောင်နေသည့် နောက်ကွယ်မှ သံတမန်ရေးရာ ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း သံတမန်များကို ရှင်းလင်းတင်ပြရာတွင် ထိုင်းအရာရှိများသည် မကြာသေးမီက စစ်အုပ်စု ၏ "အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ" (NSPNC) နှင့် အဓိကကျသော "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း" (EAOs) ၆ ဖွဲ့တို့နှင့် သီးခြားစီ၊ အဆက်မပြတ် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့သည်ဟု ဆိုသည်။

 

မာရီယာ ထရီဇာ လာဇာရိုသည်လည်း ပတ္တရား သို့ ရောက်ရှိလာပြီး အဆိုပါ အဖွဲ့ နှစ်ဖွဲ့ နှင့် သီးခြားစီ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

 

ဆီဟာဆက် က ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်သူ အဖြစ်မဟုတ်ဘဲ၊ ၎င်း၏ ပထဝီဝင်အနေအထားကို အသုံးပြု၍ ကြားနေနယ်မြေပေးအပ်သည့် "ညှိနှိုင်းဆောင်ရွက်ပေးသူ" အဖြစ်သာ ရပ်တည်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ လက်ရှိအဆင့်တွင် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများသည် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းမျိုး မရှိသေးသော်လည်း၊ ထိုင်းသံတမန်များက အဖွဲ့အစည်းများကြားတွင် အပြန်အလှန် ပေါင်းကူးပေးသည့် ကြားခံအဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

လက်ရှိအဆင့်မှာ အနာဂတ်တွင် ပြုလုပ်မည့် အနှစ်သာရရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့် တွေ့ဆုံမည့်နေရာတို့ကို သတ်မှတ်ရန် အဓိကထားသည့် "ဆွေးနွေးပွဲများအတွက် ကြိုတင်ဆွေးနွေးခြင်း" (talks for talk) အဆင့်သာ ဖြစ်သည်ဟု ဆိုသည်။

 

ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ၏ "နှစ်လမ်းသွားချဉ်းကပ်မှု" ကို အသေးစိတ်ရှင်းပြရင်း ၎င်း၏ ဒေသတွင်း တာဝန်ဝတ္တရားများနှင့် ချက်ချင်းအရေးပေါ် လိုအပ်နေသည့် ပြည်တွင်းလုံခြုံရေးအကြား ဟန်ချက်ညီအောင် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်းလည်း ရှင်းပြသွားခဲ့သည်။

 

ယင်းမှ ဘုံသဘောတူညီချက် ၅ ချက်အား တင်းကျပ်စွာ လိုက်နာရေး ဆိုသည့် အာဆီယံ လမ်းကြောင်း တသွယ်၊ နှစ်နိုင်ငံ အကြား လမ်းကြောင်း အဖြစ် ထိုင်း၏ နယ်စပ်များကို ကာကွယ်ရန်အတွက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်သည်။ အထူးသဖြင့် တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုနှင့် နယ်စပ်တစ်လျှောက် အကြီးအကျယ် လုပ်ကိုင်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကွန်ရက်များကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

 

မြန်မာ၏ နိုင်ငံရေးအခြေအနေနှင့် အဆင့်မြင့် အာဆီယံဖိုရမ်များသို့ မင်းအောင်လှိုင် ပြန်လည်ဝင်လာနိုင်ရေးဆိုင်ရာ နောက်ဆုံးဆုံးဖြတ်ချက်ကို နိုဝင်ဘာလတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ ဒေသတွင်းခေါင်းဆောင်များက ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်ဟု ဘန်ကောက်ပို့စ် နှင့် နေရှင်း သတင်းစာများ တွင် ဖေါ်ပြထားသည်။

 

နောက်ထပ်ရရှိသော သတင်းများအရ ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူနည်းစုဝင်များ လိုက်ပါလာသည့် လှေနှစ်စင်း တိမ်းမှောက်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် လူပေါင်း ၅၀၀ ကျော် သေဆုံးသွားနိုင်ကြောင်း စိုးရိမ်ရသည်ဟု ကုလသမဂ္ဂ နှင့် တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် နိုင်ငံတကာ သတင်းစာမျက်နှာများ တွင် ပလူပျံလာပြီး မင်းအောင်လှိုင် နှင့် အဖွဲ့ အပေါ် ဖိအားများ မြင့်တက်လာတော့မည် ဖြစ်သည်။

 

ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့ လက်လွှတ်ခဲ့ရသော မန္တလေး တိုင်း မြောက်ပိုင်းရှိ မတ္တရာ၊ စဉ့်ကူ၊ သပိတ်ကျင်း ဒေသများ တွင် ထိုးစစ်များ ပြန်လည် စတင်လာခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

 

ကျွန်တော်၏ တယ်လီဂရမ် ချန်နယ် သို့လည်း အောက်ပါ လင့်ခ် မှ တဆင့် ဝင်ရောက်နိုင်ပါသည်။

https://t.me/+ooE_Jpz74_cxYmIx