ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက မြန်မာ စစ်ခေါင်းဆောင်သည် ထိုင်းသို့ ရှေ့လ အတွင်း တရားဝင် ခရီးစဉ် အဖြစ် လာရောက်မည် ဖြစ်ကြောင်း အသိပေး ကြေညာလိုက်ပြီ ဖြစ်သည်။
ထိုင်း နိုင်ငံသားတို့ အဖို့ ၎င်းတို့ လူမျိုး အချင်းချင်း ကိုပင် ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြုမူ ကျင့်ကြံ နေသော မြန်မာ စစ်ခေါင်းဆောင်များ ကို အဘယ်ကြောင့် လူအသိုက်အဝန်းထဲ ဆွဲခေါ်ဖို့ ထိပ်ကနေ ဦးဆောင်နေရသနည်း ဟု မေးစရာ ဖြစ်လာရသည်မှာလည်း သဘာဝ ကျပေသည်။
သို့သော် ထိုင်း နိုင်ငံရေးသမားများက ထိုသို့ မမြင်ကြ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများသည် ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာအပေါ် သက်ရောက်မှုရှိနေသည်မှာ မျက်စိမှိတ်နေ၍ မရအောင် ထင်ရှားလာနေသည်ကို သိမြင်လာကြ၍လည်း ဖြစ်သည်။
ထို့အပြင် စီးပွားရေး အရ နိုင်ငံတကာမှ ပိတ်ဆို့ဒဏ်ခတ် နေသည့် ကြားမှ လူထုကို ဗုံးကြဲ တိုက်ခိုက်ရန် လေယာဉ် ဆီများ ဗုံးပေါလအော ဝယ်ယူရနေခြင်းသည်လည်း တရားမဝင် မူးယစ် ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု မှ ဝင်ငွေ ဖြောင့် နေ၍သာ ဖြစ်မည်ကို တထစ်ချ တွက်ဆထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ၊ အထူးသဖြင့် ရှမ်းပြည်နယ်ရှိ ဝ နှင့် NDAA ထိန်းချုပ် နယ် မြေများ တွင်မူးမူးယစ်ဆေးဝါးထုတ်လုပ်မှုသည် ယခင်ကထက် ပိုမိုများပြားလာသည်။
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများသည် နယ်စပ်မှတစ်ဆင့် စနစ်တကျစီးဝင်နေခြင်းကြောင့် မက်သ်အမ်ဖက်တမင်း (Ice) နှင့် စိတ်ကြွဆေးပြား (Yaba) ထုတ်လုပ်မှု အလွန်များပြားလာသည်။
ပဋိပက္ခများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ စက်ရုံများကို လုံခြုံရေးအားနည်းသော နယ်စပ်ဒေသများသို့ ပိုမိုရွှေ့ပြောင်းကာ အမြတ်အစွန်းများစွာ ရရှိစေရန် အကြီးအကျယ် ထုတ်လုပ်နေကြသည်။
ထိုင်းနိုင်ငံတွင် အများဆုံး ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးမှာ Yaba စိတ်ကြွဆေးပြားများ ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတနိုင်ငံတည်းတွင် မကြာသေးမီက စိတ်ကြွဆေးပြား ပေါင်း သန်း ၁,၀၀၀ (၁ ဘီလီယံ) ကျော်အထိ စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အာရှအရှေ့ပိုင်းနှင့် အရှေ့တောင်အာရှတွင် ဖမ်းဆီးရမိသမျှ မူးယစ်ဆေးဝါး စုစုပေါင်း၏ ထက်ဝက်နီးပါး (၁၅၉ တန်ခန့်) ကို ထိုင်းနိုင်ငံတခုတည်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ရာ မြန်မာ့မူးယစ်ဆေးဝါးများ ထိုးဖောက်ဝင်ရောက်မှု မည်မျှကြီးမားကြောင်း ပြသနေသည်။
မက်သ်အမ်ဖက်တမင်း (Ice) ကိုလည်း တနှစ်လျှင် တန်ချိန်ပေါင်း ၁၀ တန်မှ ၂၀ တန်ကျော်အထိ ဖမ်းဆီးရရှိလေ့ရှိသည်။ အခြားဆေးဝါးများ ဖြစ်သော ဟီးရိုးအင်း (Heroin)၊ ကတ်တမင်း (Ketamine) နှင့် ပို၍ ပြင်းထန်သော မူးယစ်ဆေးဝါးအမျိုးအစားအသစ်များကိုလည်း ပမာဏအနည်းငယ်စီ နေ့စဉ်နှင့်အမျှ ဖမ်းဆီးရရှိနေသည်။
ဖမ်းဆီးမရရှိဘဲ လွတ်ထွက်သွားသည်က ထို့ထက်မက အဆပေါင်း များစွာ ပိုများ နိုင်ပေသည်။
ထိုင်းဈေးကွက်အတွင်း စိတ်ကြွဆေးပြား တပြား၏ ဈေးနှုန်းမှာ အလွန်သက်သာလာခဲ့သည်။ စိတ်ကြွဆေးတပြားလျှင် မြန်မာငွေ ရာဂဏန်း (အမေရိကန်ဒေါ်လာ ၀.၆၀ ခန့်) သာ ရှိတော့သဖြင့် ကျောင်းသားလူငယ်များ၊ လက်လုပ်လက်စား အခြေခံလူတန်းစားများ လက်လှမ်းမီလွယ်ကာ စွဲကပ်မှု ပိုမိုများပြားလာစေသည်။ ဤသည်ကပင် ထုတ်လုပ်မှု ပမာဏမှာ ဖမ်းဆီးရရှိသည့် ပမာဏထက် များစွာ ပိုမိုနေသေးသည်ကို ပြသနေသည်။
ထိုင်း သည် မြန်မာနိုင်ငံမှ ထွက်လာသော မူးယစ်ဆေးဝါးများ၏ အဓိက ဈေးကွက်ဖြစ်လာသလို၊ တောင်အာရှ၊ အရှေ့တောင်အာရှမှတဆင့် ဩစတြေးလျ၊ ဂျပန်၊ နယူးဇီလန်နှင့် အနောက်နိုင်ငံများသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ၏ အဓိက စုရပ်ဖြစ်လာခြင်းကြောင့် နယ်စပ်နှင့် ဆိပ်ကမ်းများတွင် ဖမ်းဆီးရရှိမှု များပြားနေခြင်း ဖြစ်သည်။
UNODC ၏ နောက်ဆုံးအစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဧရိယာသည် ဟက်တာ ၅၃,၀၀၀ ကျော်အထိ ရှိလာပြီး ဘိန်းတန်ချိန် ၁,၀၀၀ နီးပါးအထိ ထုတ်လုပ်နေကာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးဖြစ်လာသည်။ ၎င်းဘိန်းနှင့် ဟီးရိုးအင်း (Heroin) များသည် ထိုင်းနိုင်ငံကို ဖြတ်သန်းကာ ကမ္ဘာ့စျေးကွက်သို့ စီးဆင်းနေပါသည်။
မြန်မာ-ထိုင်းနယ်စပ် (မြဝတီ၊ ရွှေကုက္ကိုလ် နှင့် KK Park) ဒေသများရှိ အွန်လိုင်းငွေလိမ်လည်မှု (Scam Center) ဂိုဏ်းများသည်လည်း မူးယစ်ဆေးဝါးမှရသော ငွေမည်းများကို ခဝါချခြင်း၊ ရာဇဝတ်ဂိုဏ်း အချင်းချင်း ချိတ်ဆက်ကာ ကွန်ရက်ကို ပိုမိုကြီးထွားစေခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် ၃ ခုစလုံးကို နာ သုံး နာ လို တပြိုင်နက်တည်း ခံစားနေရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုသည် မူးယစ်ဆေးဝါး ထုတ်လုပ်သူများအတွက် "လုံခြုံသောပတ်ဝန်းကျင်" ကို ဖန်တီးပေးသကဲ့သို့ ဖြစ်နေသည်။ ထိုင်းနိုင်ငံအနေဖြင့် ဤအန္တရာယ်ကို လျှော့ချရန်အတွက် နယ်စပ်လုံခြုံရေးကို တင်းကျပ်ခြင်းအပြင်၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဓာတုပစ္စည်းများ စီးဆင်းမှုကို ဖြတ်တောက်ရန်နှင့် မူးယစ်ဆေးဝါးဖြန့်ဖြူးသည့် ကွန်ရက်များကို ဖော်ထုတ်ရန် လိုအပ်နေပါသည်။
သို့သော် ထိုမျှ နှင့် မလုံလောက်၊ တပြိုင်နက်တည်း မြန်မာ နိုင်ငံ အတွင်း ငြိမ်းချမ်း တည်ငြိမ်မှု ရှိလာမှသာ အခြေအနေကို ထိန်းချုပ် နိုင်တော့မည်ဟု ယူဆလာ၍ စစ်ခေါင်းဆောင်ကို ဘန်ကောက်သို့ ပင့်ဖိတ်ကာ ဆက်ဆံရေး ပြေလည် အောင် အတတ်နိုင်ဆုံး ကြိုးပမ်းလာခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိ တွင် စစ်အုပ်စုသည် ၎င်းတို့နှင့် ပလဲနံ့ပ သင့်နေသော တိုင်းရင်းသား လက်နက်ကိုင်များ မှ တဆင့် မူးယစ်ဆေးဝါးများ ပိုမို ထုတ်လုပ်စေခြင်းဖြင့် ထိုင်းကိုလည်း တဖက်မှ ဘိန်းစစ်ပွဲ အသွင် ဆင်နွဲကာ ၎င်းတို့အား အာဆီယံ ထဲ ပြန်ဝင်ခွင့်ရရန် ဦးဆောင်ဦးရွက် ပြုပေးဖို့ သံတမန်ရေး အရ ဖိအားပေးနေခြင်းလည်း ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရကမူ ထိုသို့ မရေမရာ မူဝါဒ များ ဆက်လက်ကျင့်သုံးနေခြင်းဖြင့် မည်သို့မျှ ဖြစ်လာမည် မဟုတ်၊ ထိုင်း လူထု ကို ချွေးသိပ်သည့် လုပ်ရပ်မျိုးထက် မပို၊ ထိုင်းနိုင်ငံသည် မြန်မာ့မူးယစ်ဆေးဝါးဒဏ်ကို အဆိုးရွားဆုံး ခံရမည့် "ပထမဆုံး သားကောင်" ဖြစ်နေဦးမည်ဟု ရှုမြင်ထားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိလာသော မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံ၏ လူမှုအသိုက်အဝန်း၊ လူငယ်ထုနှင့် အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ကို NUG က ကောင်းစွာသဘောပေါက်ပါသည်။
NUG ၏ အဓိက ရှုမြင်ချက်မှာ ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ရေရှည်၌ အမြစ်ပြတ်ဖြေရှင်းနိုင်ရန်မှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအပေါ်၌သာ လုံးဝမူတည်နေသည်ဟူသော အချက်ဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိလာသော မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံ၏ လူမှုအသိုက်အဝန်း၊ လူငယ်ထုနှင့် အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ကို NUG က ကောင်းစွာသဘောပေါက်ထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ကာ နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံများအတွက် အစားထိုးသီးနှံ စိုက်ပျိုးရေးကဲ့သို့သော ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မှသာ ထိုင်းနိုင်ငံသို့ စီးဝင်နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို လုံးဝရပ်တန့်နိုင်မည်ဟု ရှုမြင်ထားသည်။
ထို့အတွက် ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး ပြဿနာကို စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးကြီးတစ်ခုအဖြစ် ရှုမြင်ပြီး၊ ဤပြဿနာကို ဖြေရှင်းရန်အတွက် ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စု နှင့်သာမက တော်လှန်ရေးအင်အားစုများ၊ EAO များနှင့်ပါ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု အမြဲလို တိုက်တွန်းလျက် ရှိနေသည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!