အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(34)

by Hla Soewai - Jul 19 2026

#မဟာဗန္ဓုလကျဆုံးပြီ

 

ကမ်းဘဲလ် မှာ ယခုအခါ ရိက္ခာနှင့် ကျည်ဆန်ပြတ်လပ်မှုဆိုသည့် အရေးပေါ်ပြဿနာကို ရင်ဆိုင်ဖြေရှင်းရတော့မည် ဖြစ်သည်။ စနော့ဂရပ်စ် ၏ အစီရင်ခံစာအရ မတ်လ ၁၀ ရက်နေ့တွင်ပင် သူ၏ရိက္ခာမှာ ဆယ်ရက်စာထက်ပင် လျော့နည်းနေခဲ့သည်။ ယခုမူ မတ်လ ၂၆ ရက်နေ့သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရိက္ခာအလုံအလောက်ရှိသော ကော့တွန် ၏ တပ်ဖွဲ့များနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်။ မဟာ ဗန္ဓုလ က ကျေးလက်ဒေသတွင် ၎င်းတို့ အတွက် စားစရာဟူ၍ တခုတလေမျှ မကျန်ရစ် အောင် စီမံထားခဲ့သည့်အတွက် ကမ်းဘဲလ်သည် သူ၏တပ်သားများကို ပေးနေကျ ရိက္ခာ၏ တဝက်သာ ထုတ်ပေးသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ပုံ ရသည်။

 

ထို့ကြောင့် ကမ်းဘဲလ် သည် လူအင်အား ၃၀၀ ပါဝင်သော တပ်စုငယ်တစုကို ဆင်သုံးကောင်နှင့်အတူ ဓနုဖြူမြို့၏ အနောက်ဘက် မျက်နှာစာသို့ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ရှင်းလင်းထားခြင်းမရှိသေးသော တောအုပ်ကို ဖြတ်ကျော်၍ နောက်တစ်နေ့တွင် လာရောက်ပူးပေါင်းရန် ကော်တွန် ထံသို့ သတင်းစကား ပေးပို့နိုင်ခဲ့သည်။ ၎င်းတို့ ပြန်လာရာလမ်းတွင် မဟာဗန္ဓုလ က ကြားဖြတ်တားဆီးသဖြင့်၊ တပ်ဖွဲ့ဝင်များသည် ကော်တွန်၏ တပ်နှင့်ပူးပေါင်းကာ သင်္ဘောပေါ်သို့ တက်ရောက်လာခဲ့ကြသည်။

 

နေမင်းကြီး ထွက်ပြူစ ပြုလာနေချိန်တွင် 'ဒိုင်ယာနာ' ရေနွေးငွေ့သုံး သင်္ဘောကို ရှေ့မှတင်၍ တပ်ဖွဲ့ဝင်များ၏ သင်္ဘောစုသည် ရန်သူ၏ ခံတပ်မှ အမြောက်များနှင့် အပြင်းအထန် ပစ်ခတ် နေသည့် ကြားမှ ချဉ်းကပ်သွားခဲ့သည်။ ရေတပ်၏ စစ်သင်္ဘောငယ်များနှင့် ရွက်လှေတိုက်သင်္ဘောများသည် ရန်သူ၏ ပစ်ခတ်မှုကို တိကျစွာ ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ကြပြီး၊ တချိန်တည်းမှာပင် စခန်းအတွင်းရှိ ကမ်းဘဲလ်၏ အမြောက်တပ်မှ ဟောင်ဝစ်ဇာ အမြောက်များသည် အရှေ့ဘက်ခံတပ်နံရံများနှင့် ရေစပ်အမြောက်စခန်းများကို တိုက်ခိုက်ခဲ့သည်။ မြန်မာ့အမြောက် အများအပြား ပျက်စီးသွားပြီး အမြောက်တပ်သား များလည်း ကျဆုံးခဲ့ကြသည်။ မဒရပ် ဥရောပ တပ်ရင်းမှ တပ်သားများ လိုက်ပါလာသော ဗြိတိသျှလှေတစင်းမှာ ကျည်ထိမှန်၍ အပေါက်ဖြစ်သွားသော်လည်း မနစ်မြုပ်ဘဲ အနောက်ဘက်ကမ်းသို့ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

 

ဗြိတိသျှတပ်များ ပူးပေါင်းသွားမည်ကို မဟာဗန္ဓုလသည် မိမိအတွက် အန္တရာယ်ကြီးလှကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသဖြင့် ထိုသို့မဖြစ်စေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သည်။ ဗြိတိသျှတို့၏ အမြောက်ကျည်များ လေထဲတွင် တရွှီရွှီမြည်ကာ ရောက်ရှိလာသည့်အခါ ထွက်ပြေးသည့် အမြောက်တပ်သားနှစ်ဦးကို ကိုယ်တိုင်ခေါင်းဖြတ်၍ စည်းကမ်းထိန်းသိမ်းခဲ့သည့်အကြောင်း မြန်မာ့မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

 

ထို့အပြင် သူသည် အမြှောက်များ ဖြင့် ဒလစပ် တိုက်ခိုက် နေသည့်ကြားတွင်ပင် ရဲရင့်စွာဖြင့် တပ်စခန်းအပြင်ဘက် မြစ်ကမ်းပါးရှိ အမြောက်များကို ကိုယ်တိုင်ချိန်ရွယ်ပေးခြင်းဖြင့် သူ့တပ်သားများကို အားပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် အလွန်အမင်း အန္တရာယ်များလှသော တပ်ဖွဲ့စုံ ထိုးစစ်ကို စီစဉ်ခဲ့သည်။ ခြေလျင်တပ်၊ မြင်းတပ်နှင့် စစ်အသုံးအဆောင်များ တပ်ဆင်ထားသည့် စစ်ဆင်ရေးသုံး ဆင်ကြီး (၁၇) စီးတို့သည် သေနတ် သို့မဟုတ် ဂျင်ဂေါ jingal လက်နက်ကိုင်ဆောင်ထားသည့် တပ်သားများကို တင်ဆောင်ကာ ကမ်းဘဲလ် ၏ အားနည်းနေသည့် ညာဘက်အခြမ်းကို ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခဲ့သည်။ 

 

ထိုအချိန်တွင် အလံများလွှင့်ထူ၊ ခေါင်းလောင်းများတီးခတ်ကာ၊ 'ကိုယ်ခံပညာဖြင့် ထိခိုက်မှုမရှိနိုင် ဓါးပြီး သေနတ်ပြီးဟု ယုံကြည်သူများက ရှေ့ဆုံးမှ ကခုန်သီဆိုလျက် လက်နက်များကို ဝှေ့ယမ်းပြီး ချီတက်လာကြသည်။

 

 ဗြိတိသျှ ရေတပ်စုမှာ တပ်စခန်းကို ကျော်လွန်သွားပြီး ကျောက်ချရပ်နားရန် အလုပ်ရှုပ်နေချိန်ဖြစ်၍ ကူညီနိုင်စွမ်းမရှိသည့်အတွက် ထိုအချိန်အခါကို ရွေးချယ်တိုက်ခိုက်ခြင်းမှာ လွန်စွာ သင့်‌ လျှော် လှပေသည်။

 

ကမ်းဘဲလ် သည် ထိုသို့ ဖြစ်လာနိုင်သည်ကို ကြိုတင် တွက်ဆကာ ပြင်ဆင်ထားပြီး ဖြစ်သည်။ မြင်းတပ်အမြောက်တပ်ဖွဲ့သည် စခန်းရှေ့သို့ အလျင်အမြန် စီးနင်းထွက်ခွာသွားပြီး မြန်မာ့တပ်ဖွဲ့၏ ဝဲဘက် ပေ ၅၀၀ ခန့်အကွာမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤပစ်ခတ်မှု ကြောင့် မြန်မာ့တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် လဲကျကာ သေဆုံးသူများနှင့် ဒဏ်ရာရသူများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သို့သော်လည်း မြန်မာ့တပ်ဖွဲ့များသည် အလွန်ရဲရင့်စွာဖြင့် ဗြိတိသျှတို့၏ လက်ယာဘက်ခြမ်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့ကြသည်။ 

 

ကမ်ဘဲလ်သည် ကိုယ်ရံတော်မြင်းတပ် ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့ရာ၊ ထိုမြင်းတပ်သည် ဆင်တပ်များနှင့် ရှုပ်ထွေးနေသည့် ကြားမှ ဖြတ်ကျော်တိုက်ခိုက်ခဲ့သည်။ ဆင်စီးသူများ ကျည်မှန်၍ ပြုတ်ကျသွားသည့်အချိန်အထိ ဆင်များမှာ ဆက်လက်ချီတက်ခဲ့ကြပြီး၊ ထို့နောက်တွင်မူ ဆင်များမှာ အလွန်တည်ငြိမ်အေးဆေးစွာဖြင့် ခံတပ် အတွင်းသို့ ပြန်လည်လှည့်ဝင်သွားကြသည်။

 

 မြန်မာ့တပ်ဖွဲ့တခုလုံးသည် ထိုတိုက်ပွဲမှာ အောင်မြင်ရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားပြီး ခံတပ်အတွင်းသို့ စည်းကမ်းမဲ့စွာဖြင့် ဆုတ်ခွာသွားကြသည်။ ရန်သူ့တပ်များကို တကွဲတပြား ဖြစ်အောင် တိုက်ခိုက် နိုင်သည့် နောက်ဆုံးရရှိလာသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်ရသည့်အပြင်၊ ရန်သူကို အနိုင်ယူရန် ရှိနေသည့် အဓိကအခွင့်အရေးပါ ပျက်ပြားသွားရသဖြင့် စိတ်ပျက်အားငယ်နေမည့် မဟာ ဗန္ဓုလ ၏ ခံစားချက်ကို မည်သူမဆို ခန့်မှန်းကြည့်နိုင်ပေလိမ့်မည်။

 

ကမ်းဘဲလ် သည် ဓနုဖြူမြို့ကို အင်အားသုံး၍ တိုက်ခိုက်သိမ်းပိုက်မည့်အစား သူ၏ အဖိုးတန်သော တပ်ဖွဲ့ဝင်များ၏ အသက်ကို ကာကွယ်ရန်ကိုသာ အဓိကထား၍ အကြီးစားအမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် မတ်လ၏ နောက်ဆုံးသုံးရက်ကို အမြောက်စခန်းများ တည်ဆောက်ခြင်းနှင့် ရေတပ်ဖွဲ့မှ အကြီးစားအမြောက်များကို ကုန်းပေါ်သို့ ချခြင်းတို့ဖြင့် ကုန်ဆုံးခဲ့သည်။ ဧပြီလ ၁ ရက်နေ့တွင် သူသည် မော်တာ နှင့် ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။

 

ဒုံးကျည်များသည် တဝီဝီမြည်ဟည်းလျက် ကောင်းကင်သို့ ထိုးတက်လာပြီး ရန်သူ့ခံတပ်များနောက်တွင် နားကွဲမတတ် ဆူညံသော ပေါက်ကွဲသံများနှင့်အတူ ကျရောက်လာခဲ့သည်။ ထိုအချိန်က ဒုံးကျည်များသည် အပြည့်အဝ တိုးတက်ကောင်းမွန်မှု ရှိလာ၍ မဟုတ်ဘဲ ယခုတကြိမ်သည် ကံကောင်း၍ ထိမှန်ခြင်းသာ ဖြစ်သည်။ ကမ်းဘဲလ် ဓနုဖြူသို့ ရောက်ရှိသည့်နေ့က စစ်ကင်းထောက်ရန် ဒုံးပျံအချို့ကို ပစ်လွှတ်ခဲ့ရာ ၎င်းတို့အားလုံးသည် ပစ်လွှတ်လိုက်သည်နှင့် မြေပြင်ပေါ်တွင် စောစီးစွာ ပေါက်ကွဲကုန်ကြသည်။ 

 

ထိုအခါ ဒုံးပျံပြွန်များမှာ အပိုင်းပိုင်း ကွဲထွက်သွားပြီး အသက်အန္တရာယ်ရှိသော အစအနများမှာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားခဲ့သော်လည်း မည်သူတဦးတယောက်မျှ ထိခိုက်မှုမရှိခဲ့ပေ။ ဖေဖော်ဝါရီလက ရန္တပိုတွင်လည်း အလားတူပင် စောစီးစွာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။ ဤသို့ဖြစ်ရခြင်းမှာ ကိုင်တွယ်ရခက်ခဲသည့် လက်နက်မျိုးဖြစ်၍ ကျွမ်းကျင်မှု လိုအပ်ခြင်းကြောင့်ပင် ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါ ပြဿနာများကို အတော်အတန် ဖြေရှင်းနိုင်ခဲ့သော်လည်း အမြောက်တပ်မှ ခေါင်းမာသော အထက်တန်း အရာရှိကြီးများကမူ ၎င်းတို့ကို လက်မခံခဲ့ကြပေ။ နောက်ဆုံးတွင်မူ ဒုံးပျံများကို နှစ်ပေါင်း ၁၀၀ ကျော်ကြာသည်အထိ ပြန်လည်အသုံးပြုခြင်းမရှိဘဲ စွန့်ပစ်ထားလိုက်ကြသည်။

 

၁၈၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တနေ့လုံး လိုလို အမြောက်များ မော်တာများနှင့် မရပ်မနား ပစ်ခတ်ခဲ့ကြသည်။ မြန်မာတို့သည် အလွန်လိမ္မာပါးနပ်စွာဖြင့် ပုန်းအောင်းနေခဲ့ကြပြီး ရန်သူ၏ပစ်ခတ်မှုကို ပြန်လည်တုံ့ပြန်ခြင်း အလွန်နည်းပါးခဲ့ရာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ နောက်တနေ့ နံနက်အလင်းရောင် ထွက်လာချိန် တွင် ခံတပ်ကို ဖောက်ထွင်းတိုက်ခိုက်ရန် အမြောက်များကို ဦးလှည့်လာခဲ့ပြီး ၁၈ ပေါင်ဒါ အမြောက်များသည် ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော ခံတပ်ကာကွယ်ရေးများကို အချိန်အတော်ကြာ ပစ်ခတ်ဖျက်ဆီးခဲ့သည်။ 

 

သို့သော်လည်း ကွဲအက်နေသော ခံတပ်နံရံများ၏ နောက်ကွယ်မှ ဘာသံမှ ကြားရခြင်းမရှိဘဲ တိတ်ဆိတ်နေဆဲဖြစ်သည်။

 

ရုတ်တရက်ဆိုသလိုပင် မြန်မာတို့၏ ဖမ်းဆီးထားခြင်းခံရသော ဘင်္ဂါလီသင်္ဘောသား နှစ်ဦးသည် အမြောက်သံများ ခေတ္တရပ်နားချိန်တွင် အသက်လုထွက်ပြေးလာပြီး အော်ဟစ်အကြောင်းကြားလာသည်။ ၎င်းတို့၏ ပြောကြားချက်အရ ဗန္ဓုလကိုယ်တိုင်မှာ ယခင်နေ့ကပင် ဒုံးကျည်ထိမှန်၍ ကျဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ လူအများမျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သည့်အခါ စစ်သည်များသည် ကျဆုံးသွားသော ဗိုလ်ချုပ်၏ညီဖြစ်သူအပါအဝင် အခြား မည်သည့်တပ်မှူး၏လက်အောက်တွင်မဆို ဆက်လက်တိုက်ခိုက်ရန် ငြင်းဆန်ခဲ့ကြသည်။ ထိုညအတွင်းမှာပင် တပ်စခန်းတခုလုံးသည် လက်နက်များနှင့် စစ်သုံးကိရိယာများကို ထားရစ်ခဲ့ပြီး တောအုပ်ထဲသို့ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြသည်။

 

ယင်းသည် ဗြိတိသျှတို့ အဖို့ မျှော်လင့် မထားဘဲကံကောင်းသွားခဲ့ခြင်း ပင် ဖြစ်သည်။ ရှေးရိုးစွဲ အမြောက်တပ်သား များက အထင်သေးခဲ့ကြသည့် ဒုံးကျည်များနှင့် ပစ်ခတ်လိုက်သည့် အမြှောက်ဆန် တလုံးသည် မဟာဗန္ဓုလကို စစ်ပွဲတခုလုံးကနေ ဖယ်ရှားပေးလိုက်သလို၊ ဓနုဖြူမြို့ကိုလည်း ကမ်းဘဲလ်၏ လက်ထဲသို့ ကျရောက်သွားစေခဲ့သည်။ ထို့အပြင် စပါးရိက္ခာအမြောက်အမြား၊ အမြောက် ၁၃၀ နဲ့ အခြားလက်နက် ရာပေါင်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 

နောက်ပိုင်းတွင် သိရှိရသည်မှာ မဟာဗန္ဓုလသည် ရွှေတိဂုံစေတီတော်ကြီးအနီးတွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် လွန်စွာမှ အရှက်ရခဲ့သည်။ ထို့နောက်ပိုင်းတွင် သူသည် သေဖို့ ဝန်မလေးတော့ဘဲ ဓနုဖြူ၌ ဗြိတိသျှတို့၏ အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေစဉ်အတွင်း ကျည်ကွယ် မျက်ကွယ်တွင် နေရန် လုံးဝငြင်းဆန်ခဲ့သည်။ 

 

သူ၏ လက်အောက်ငယ်သားများကိုလည်း မိုးထားသော ရွှေထီးကို အောက်သို့ချရန် အမိန့်မပေးခဲ့ပေ။ မဟာ‌ဗန္ဓုလ‌ ပြောခဲ့သည်က - "ငါသေဆုံးခဲ့လျှင် ရန်သူတို့က အောင်ပွဲခံရခြင်းသည် ထိုအကြောင်းကြောင့်ဟု ပြောဆိုကြလိမ့်မည်။ ငါတို့စစ်သည်တွေ မရဲရင့်ဘူးလို့တော့ သူတို့ ပြောလို့မရစေရဘူး။" ဟူ၍ ဖြစ်သည်။ 

 

သူသည် ဓနုဖြူရှိ လက်အောက် အရာရှိများကို "ငါသည် အောင်ပွဲရသည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ တိုက်ပွဲဝင်မည်" ဟု ပြတ်သားစွာ ပြောဆိုခဲ့ပြီး သူကိုယ်တိုင် ကျဆုံးသည်အထိ စစ်သည်များအတွက် ရဲစွမ်းသတ္တိ ကို အသက်နှင့် ရင်း၍ ပြသသွားခဲ့သည်။

 

*********