ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိသေးရဲ့လားဟု အီကောနော်မစ် က မေးပြီ

by Hla Soewai - Jul 19 2026

အီကောနော်မစ် မဂ္ဂဇင်းက အဘယ်ကြောင့် Is Aung San Suu Kyi dead? ဟု ခေါင်းစဉ် တပ်ပြီး မေးရသည်ကို ယခုလို ရှင်းပြထားခဲ့သည်။

 

တာချီတို သည် ဒေါ် အောင်ဆန်းစုကြည် သွားလေရာ နေရာတိုင်း တကောက်ကောက်နှင့် လိုက်ပါခဲ့ရှာသည်။ သို့သော် လွန်ခဲ့သော ငါးနှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တာချီတိုသည် သူမ နှင့် အတူ အကျဉ်းထောင်ထဲသို့ လိုက်ပါခွင့် မပြုခဲ့ တော့။ ပြီးခဲ့သည့်လက ထိုနားရွက်တွဲလောင်းကျနေသည့် ခွေးအိုကြီးသည် ရန်ကုန်မြို့ရှိ သူမ၏နေအိမ်တွင် အသက် ၁၅ နှစ်အရွယ်ဖြင့် သေဆုံးသွားခဲ့သည့် အချိန်အထိ သခင် ပြန်လာမည့်အချိန်ကို သစ္စာရှိစွာစောင့်မျှော်နေဆဲဖြစ်သည်။ 

 

၎င်းသည် ၂၀၁၀ ခုနှစ်တွင် သူမ အကျဉ်းထောင်မှ လွတ်မြောက်လာချိန်၌ သားဖြစ်သူ ကင်မ်အဲရစ် က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ “သူက မေမေ့အပေါ် အလွန်သစ္စာရှိခဲ့တဲ့ အတွက် ကျွန်တော် မေမေကို ပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်လို့ ထင်ပါတယ်" ဟု လန်ဒန်တွင် ပြုလုပ်သော အင်တာဗျူးတခုတွင် ကင် က ပြောပြခဲ့သည်။

 

သို့သော် ကိုထိန်လင်း ခေါ် ကင် တွင် ပို၍ စိုးရိမ်ပူပန် စရာ ရှိနေသည်၊ ဤသည်က သူ၏ သက်ကြီးရွယ်အိုမိခင် ပျောက်ဆုံးနေခြင်းဖြစ်သည်။ သူသည် မကြာသေးမီလများအတွင်း ကမ္ဘာအနှံ့ ခရီးလှည့်လည်ကာ သမ္မတများနှင့် ဝန်ကြီးများအား မြန်မာစစ်အစိုးရထံမှ "အသက်ရှင်လျက်ရှိကြောင်း အထောက်အထား" တောင်းဆိုပေးရန် တိုက်တွန်းလျက်ရှိသည်။ 

 

ယခုအခါ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးရုပ်မြင်သံကြား၌ ပေါ်ထွက်လာမှုမှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် သူမ၏ အတုအယောင် တရားစီရင်ရေး အဆုံးသတ်ချိန်၌ ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်တပ်သည် သူမ၏ ရှေ့နေများက သူမနှင့် တွေ့ဆုံခွင့်တောင်းခံမှုများကို ငြင်းပယ်ခဲ့သည်။ လတ်တလောနှစ်များအတွင်း အကျဉ်းထောင်အတွင်း သူမကို မြင်တွေ့ရကြောင်း သတင်းစကားများ ထွက်ပေါ်လာသော်လည်း အတည်ပြုရန် မဖြစ်နိုင်ပေ။

 

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသားများထဲတွင် တဦးအပါအဝင်ဖြစ်သည်။ သူမသည် ၁၉၈၀ ပြည့်လွန်နှစ်များမှ ၂၀၁၀ ပြည့်လွန်နှစ်များအထိ စစ်အစိုးရကို ဆန့်ကျင်သည့် ငြိမ်းချမ်းသော ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်စဉ်ကာလအတွင်း နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် သူမ၏ပါတီ အာဏာရလာပြီးနောက်၊ ဖိနှိပ်ခံရသော မွတ်စလင်လူနည်းစုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆက်ဆံပုံကို သူမက ခုခံကာကွယ်ခဲ့ခြင်းကြောင့် သူမ၏ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်တွင် မင်း‌ အောင်လှိုင်သည် အာဏာသိမ်း ပြီးသူမအား အာဏာမှ ဖယ်ရှားခဲ့ပြီး ထောင်ချခဲ့သည်။

 

စစ်အုပ်စု သည် ဧပြီလက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ပြောကြားခဲ့သော်လည်း သံတမန်များ၏ အကြိမ်ကြိမ် တွေ့ဆုံခွင့်တောင်းခံမှုများကို ပယ်ချခဲ့သည်။ သူမ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ သံတမန်များက မေးမြန်းသည့်အခါတိုင်း စစ်အုပ်စု တာဝန်ရှိသူများက သူမ ကျန်းမာရေးကောင်းမွန်ကြောင်း အမြဲတစေ ပြန်လည်ဖြေကြားလေ့ရှိသော်လည်း ထို့ထက်ပို၍ မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ 

 

နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့သည်ဟုဆိုသည့်အချိန်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံတပုံတွင် သူမသည် အဆောက်အအုံတခုအတွင်း ရဲအရာရှိတဦး၊ စစ်တပ်အရာရှိတဦးတို့နှင့် စကားပြောနေသည်ကို တွေ့ရသည်။

 

 သို့သော်လည်း ထိုဓာတ်ပုံမှာ မကြာသေးမီက ရိုက်ကူးထားခြင်းဖြစ်ကြောင်း အရိပ်အယောင်မရှိသလို ကင် အဲရစ်ကလည်း ထိုဓာတ်ပုံ အစစ်အမှန် ဟုတ်မဟုတ် ကို သံသယဖြစ်လျက်ရှိသည်။ သူက ပြောကြားသည်မှာ၊ အကယ်၍ သူမသည် နေအိမ်အကျယ်ချုပ်တွင် ရှိနေသည်ဆိုပါက ၎င်းသည် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် ရှိမနေ၊ နေပြည်တော်ရှိ ယခင် နေထိုင်ခဲ့ရာ အိမ်မှာလည်း ဖြိုဖျက်ခံလိုက်ရပြီဖြစ်သည်ဟု ဆိုသည်။

 

သူမအား ထောင်ထဲထည့်ပြီး စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ မင်းအောင်လှိုင်သည် မတ်လတွင် မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာခဲ့သည်။ သူသည် မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အနည်းဆုံး နှစ်ကြိမ်ခန့် မေးမြန်းခံခဲ့ရသည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြီးခဲ့သည့်လက ဒေလီမြို့တွင် ဆွေးနွေးစဉ် သူမအကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် မေလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းခံခဲ့သည်။ ထိုဆွေးနွေးမှုများကို သိရှိသူ သံတမန်များ၏ အဆိုအရ သူသည် သူမ၏အမည်ကို ကြားလိုက်ရသည့်အခါတိုင်း ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း သိရသည်။

 

#ဤဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိခွင့် ရလာသူအချို့ကမူ အာဏာသိမ်းခေါင်းဆောင်၏ တုံ့ပြန်ပုံမှာ တောင်းဆိုထားသည့် "အသက်ရှင်လျက်ရှိကြောင်း အထောက်အထား" ကို ထုတ်မပြနိုင်တော့သည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု စိုးရိမ်နေကြသည်—အကြောင်းမှာ သူမ သေဆုံးသွားပြီဖြစ်စေ သို့မဟုတ် ကျန်းမာရေး အလွန်ဆိုးရွားနေပြီဖြစ်စေ တခုခု ဖြစ်နိုင်သောကြောင့်ဖြစ်သည်။

 

 အချို့ကမူ ထိုသို့ မဖြစ်နိုင်ဟု သံသယဖြစ်ကြသည်။ လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာန (IISS) မှ မြန်မာ့ရေးရာကျွမ်းကျင်သူ မော်ဂန်မိုက်ကယ်စ် (Morgan Michaels) က “အဲဒီလိုကိစ္စမျိုးကို လျှို့ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဆိုသည်။ သံအမတ်တဦး၏ အဆိုအရ မင်းအောင်လှိုင်၏ နိုင်ငံရေးပြိုင်ဘက်အပေါ် ထားရှိသည့် ပြင်းထန်သော မုန်းတီးမှုသက်သက်ကပင် ထိုသို့တုံ့ပြန်ရန် လုံလောက်သော အကြောင်းပြချက်ဖြစ်နိုင်သည်ဟု ဆိုသည်။

 

အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးအပါအဝင် အခါအားလျော်စွာ မြန်မာစစ်အုပ်စု တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စများကို ထပ်ခါတလဲလဲ မေးမြန်းဆွေးနွေးခဲ့ကြသည်။ 

 

စစ်အာဏာသိမ်းပြီးနောက် အဆင့်မြင့်အစည်းအဝေးများမှ မြန်မာအား ဆိုင်းငံ့ထားခဲ့သည့် အာဆီယံအဖွဲ့သို့ စစ်အုပ်စုသည် အပြည့်အဝ ပြန်လည်ဝင်ရောက်လိုနေသည်။ ထို့အပြင် ဗိုလ်ချုပ်များသည် ကုလသမဂ္ဂတွင်လည်း ၎င်းတို့၏ နေရာကို ပြန်လည်ရယူလိုနေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို အရပ်သားအစိုးရလက်ထက်က ခန့်အပ်ထားသည့် ကိုယ်စားလှယ်ကသာ ဆက်လက်ကိုယ်စားပြုထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း သို့မဟုတ် သူမနှင့် တွေ့ဆုံခွင့်ပေးခြင်းသည် ထိုအဖွဲ့အစည်းနှစ်ခုလုံးနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း သံတမန်များက ဆိုသည်။

 

ထိုသို့ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံအတွင်း ခန့်မှန်းရခက်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်သော ခုခံတော်လှန်ရေးကို တစိုက်မတ်မတ် လိုလားသူဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသည့် လက်နက်ကိုင်အဖွဲ့များက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ပြီး၊ ပထမဆုံးအကြိမ်အဖြစ် ဗမာလူမျိုးစုမှ တော်လှန်ရေးသမားများနှင့် ပူးပေါင်းခဲ့ကြသည်။ သို့သော်လည်း အာဏာရှိစဉ်ကာလက လူနည်းစုများအပေါ် အလေးအနက်ထားမှု အားနည်းခဲ့သည့် ဗမာအမျိုးသားရေးဝါဒီ ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများစု၏ ထောက်ခံမှုကို မရရှိထားပေ။ သူမအား ပြန်လွှတ်ပေးလိုက်ခြင်းသည် ၎င်းတို့အကြားရှိ စည်းလုံးမှုကို "ဖြိုခွဲရန် အလွယ်ကူဆုံးနည်းလမ်း" ဖြစ်လိမ့်မည်ဟု ၎င်းတို့အား စည်းရုံးရန် ကြိုးပမ်းနေသည့် နိုင်ငံခြားသံတမန်တဦးက ပြောကြားခဲ့သည်။

 

မိုက်ကယ်စ်က စစ်တပ်အနေဖြင့် လက်နက်ကိုင်တော်လှန်ရေးထက် ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ခုနှစ်ကတည်းက ဦးဆောင်ခဲ့သည့် လူထု၏ အကြမ်းမဖက်သော လှုပ်ရှားမှုများကို ပိုမိုစိုးရိမ်နေသည်ဟု မြင်သည်။ 

 

“#လူထုပါဝင်လာခြင်းသည် လက်နက်ကိုင်ခုခံမှုထက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုကို ဖြစ်စေနိုင်တယ်” ဟု သူက ဆိုသည်။ သူမအား ဗမာလူမျိုးအများစုက တစ်မျိုးသားလုံး၏ မျှော်လင့်ချက် အဆောင်လက်ဖွဲ့ တခုအလား လူအများ၏ စိတ်နှလုံးကို မယုံနိုင်လောက်အောင် ထိန်းချုပ်နိုင်စွမ်းရှိသော သြဇာ အာဏာ မျိုး သက်ရောက်နေဆဲဖြစ်ပြီး၊ ထိုသူတို့မှာ သူမအား သစ္စာရှိကြောင်း ပြသရန်အတွက် ၎င်းတို့ အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကို ဆက်လက်ရင်ဆိုင်နေကြသည်။ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် သူမ၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့တွင် ထောက်ခံသူများသည် လျှို့ဝှက်သောနည်းလမ်းများဖြင့် ဂုဏ်ပြုခဲ့ကြသည်။ သူမကိုယ်စား ဗုဒ္ဓဘာသာရဟန်းသံဃာတော်များအား ဆွမ်းလောင်းလှူခဲ့သည့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ အခက်အခဲအကျပ်အတည်းအပေါ် သံတမန်ရေးရာ အာရုံစိုက်မှုများကြောင့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်ဆင်းရဲဒုက္ခခံစားနေရသော မြန်မာပြည်သူ ၅၅ သန်း၏ အခြေအနေကို လွှမ်းမိုးသွားမည်ကို စိုးရိမ်ရသည်။ 

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ၊ သူမသည် မြန်မာစစ်အုပ်စု က ဆက်လက်ထိန်းသိမ်းထားကြောင်း အတည်ပြုထားသည့် နိုင်ငံရေးအကျဉ်းသား ၁၄,၅၁၇ ဦးအနက်မှ တစ်ဦးသာ ဖြစ်သည်။ ထောင်တွင်း ဆေးဝါးကုသမှုမှာ အားနည်းပြီး အလွန်ပူပြင်းသော နွေရာသီတွင် လေအေးပေးစက် အသုံးပြုခွင့် မရှိပေ။ (ဒေါ်အောင်ဆန်းစုကြည်သည် အခြားအကျဉ်းသားများ မရရှိသည့်အတွက် လေအေးပေးစက်ပါသော အခန်းကို ငြင်းပယ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။)

 

 ဤနှစ်အတွင်းတွင်ပင် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ထောင်တွင်း၌ သေဆုံးခဲ့ကြောင်း AAPP က အတည်ပြုခဲ့သည်။ ကင် အဲရစ်က သူ၏ မိခင်အကြောင်း သတင်းစုံစမ်းနေစဉ်အတွင်းမှာပင်၊ သူမသည် အခြားသူများ၏ ဒုက္ခများကို မေ့လျော့မသွားစေခြင်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

 

ဒေါ် အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးတွင် အဖြေရှာရခက်သော ပိတ်ဆို့မှု တစ်ခု ဖြစ်ပေါ်နေကြောင်းကို ထင်ရှား နေသည်။ တဖက်တွင် ပြည်သူလူထု က သူမ လွတ်မြောက်ရေး မဆိုထားဘိ အသက်ရှင်လျက် ရှိသေးရဲ့လားဟုပင် စိုးရိမ်နေကြရပြီး၊ စစ်အုပ်စုသည်လည်း ၎င်းတို့ သမ္မတတု မင်းအောင်လှိုင်၏ သူမအား စိုးရိမ် ကြောက်လန့် မှု မ‌ ပျောက် သေး သ ရွေ့ ကြီးထွားလာ နေသည့်နိုင်ငံတကာ၏ ဖိအားနှင့် ပြည်တွင်းရှိ ၎င်းတို့၏ အာဏာတည်မြဲရေးကို ခြိမ်းခြောက်လာနိုင်မှု ကြားတွင် အကြပ်ရိုက်နေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!